၂၁ ရာစုမှာ လူတဦးချင်းစီရဲ့ လုံခြုံရေးကို အာရုံစိုက်တဲ့ လူသားလုံခြုံရေးဆိုတဲ့ အတွေးအခေါ်သစ်တရပ် ပေါ်ထွက်လာခဲ့ပါတယ်။ လူသားတွေရဲ့ဘဝမှာ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး (Freedom from fear)နဲ့ လိုချင်တောင့်တမှုမှ ကင်းဝေးရေး (Freedom from want) အခွင့်အလမ်းတွေ ရရှိခံစားနိုင်ရေးအတွက် အာမခံချက်ပေးနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အခြေအနေတွေမှာ ဘဝရပ်တည်နိုင်မှသာ လူသားလုံခြုံရေး ရှိတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
လူသားတွေကို မွေးကင်းစကနေ ဘဝနိဂုံးချုပ်ချိန်အထိ စောင့်ရှောက်ပေးရေး၊ ထိခိုက်မှုနဲ့ အကြမ်းဖက်မှုတို့မှ ကင်းဝေးစေရေး၊ လူမှုရေးခြိမ်းခြောက်မှုများဖြစ်တဲ့ ရောဂါဘယ ဖြစ်ပွားမှုများကို ကာကွယ်ကုသရေး၊ ရာဇဝတ်မှုခင်းတွေရဲ့ သားကောင်ဘဝ မရောက်စေရေး၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေရေး စတာတွေကို လူသားလုံခြုံရေး သဘောတရားမှာ ခြုံငုံဖော်ပြထားပါတယ်။
၂၀၀၀ ပြည့်နှစ်၊ Millennium Summit မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်က “ကြောက်ရွံ့ခြင်းနဲ့ လိုအင်ဆန္ဒများမှ လွတ်ကင်းတဲ့ ကမ္ဘာဖြစ်လာရေး” ကို အဆိုပြုခဲ့ပါတယ်။ ဒါကို တုန့်ပြန်တဲ့အနေနဲ့ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလမှာ လူသားလုံခြုံရေးဆိုင်ရာကော်မရှင် (The Commission on Human Security) ပေါ်ထွက်လာခဲ့ပါတယ်။ လူသားလုံခြုံရေးဆိုင်ရာကော်မရှင်က ပြောင်းလဲလာတဲ့ ၂၁ ရာစု အခြေအနေများနဲ့အညီ ပါရာဒိုင်းတခု လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့ပါတယ်။
လူသားလုံခြုံရေးသဘောတရား စတင်ပေါ်ထွက်လာပြီးချိန်မှာ ကနေဒါ၊ နော်ဝေ၊ ဂျပန်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေအသုံးပြုလာကြပါတယ်။ လူသားလုံခြုံရေးကွန်ယက်မှာ သြစတြီးယား၊ ကနေဒါ၊ ချီလီ၊ ကော်စတာရီကာ၊ ဂရိ၊ အိုင်ယာလန်၊ မာလီ၊ နယ်သာလန်၊ နော်ဝေ၊ စလိုဗီးနီးယား၊ ဆွစ်ဇာလန်၊ ထိုင်းစတဲ့ နိုင်ငံတွေ ပါဝင်လာကြပြီး၊ အန်ဂျီအိုအဖွဲ့အစည်းတွေနဲ့အတူ advocacy campaigns တွေ အကောင်အထည်ဖော်လာကြပါတယ်။
ဂျပန်နိုင်ငံက လူသားလုံခြုံရေး သဘောတရားကို သံတမန်ရေးရာမှာ ထည့်သွင်းကျင့်သုံးလာပါတယ်။ လူသားလုံခြုံရေးဆိုင်ရာ ကော်မရှင်နဲ့ Trust Fund တည်ထောင်မှုကို ထောက်ခံအားပေးလာပါတယ်။ ဥရောပလုံခြုံရေး မဟာဗျူဟာတွေမှာလဲ လူသားလုံခြုံရေးကို ထည့်သွင်းစဉ်းစားလာပါတယ်။
လူသားလုံခြုံရေးဆိုတာကို စည်းမျဉ်းစည်းကမ်းတွေ အပြန်အလှန် လွန်းထိုးယှက်နွယ်နေတဲ့ ယူဆချက် inter-disciplinary concept အနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒီသဘောတရားမှာ အဓိကသွင်ပြင်လက္ခဏာ ၅ ရပ် ရှိကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ Office for the coordination of Humanitarian Affairs ရုံးရဲ့ လူသားလုံခြုံရေးယူနစ်က ခွဲခြားဖော်ပြထားခဲ့ပါတယ်။
ပထမသွင်ပြင်လက္ခဏာကတော့ လူထုဗဟိုပြု (people-centered) သွင်ပြင်လက္ခဏာဖြစ်ပါတယ်။ လူသားလုံခြုံရေး သဘောတရားဟာ လူတဦးချင်းစီကို ဆန်းစစ်ချက်ဗဟို (Centre of analysis) အဆင့်မှာ သတ်မှတ်ထားရှိပြီး၊ လူသားရဲ့ ရှင်သန်ရပ်တည်မှုနဲ့ ဂုဏ်သိက္ခာကို ခြိမ်းခြောက်တဲ့ အခြေအနေတွေကို စဉ်းစားပါတယ်။ နောက်ဆုံးမှ လူသားဘဝမှာ ခံနိုင်ရည်မရှိလောက်အောင် ခြိမ်းခြောက်နေတဲ့ အခြေအနေတွေကို ဖော်ထုတ်ခြင်းဖြစ်တဲ့အတွက် လူထုဗဟိုပြုသွင်ပြင်လက္ခဏာ ရှိကြောင်း ဆိုနိုင်ပါတယ်။
ဒုတိယသွင်ပြင်လက္ခဏာကတော့ ကဏ္ဍစုံ (multi-sectorial) သွင်ပြင်လက္ခဏာဖြစ်ပါတယ်။ လူသားလုံခြုံရေး သဘောတရားဟာ မလုံခြုံမှု (insecurities) ဆိုင်ရာ ကဏ္ဍစုံကို ဖြစ်ပွားစေတဲ့ ခြိမ်းခြောက်မှုတွေကို ထည့်သွင်း လေ့လာထားပါတယ်။ လူသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အမျိုးအစားတွေကို နိုင်ငံရေးရာလုံခြုံရေး (political security)၊ လူ့အဖွဲ့အစည်းလုံခြုံရေး (community security)၊ တဦးချင်းလုံခြုံရေး (personal security)၊ သဘာဝ ပတ်ဝန်းကျင်လုံခြုံရေး (environmental security)၊ ကျန်းမာရေးရာလုံခြုံရေး (health security)၊ အစားအစာလုံခြုံရေး (food security) နဲ့ စီးပွားရေးရာလုံခြုံရေး (economic security) စတာတွေကို ခြိမ်းခြောက်နေတဲ့ အရာတွေ စသဖြင့် ကဏ္ဍစုံကနေ ခွဲခြားဖော်ပြထားတဲ့အတွက် ကဏ္ဍစုံ သွင်ပြင်လက္ခဏာ ရှိကြောင်း ဆိုနိုင်ပါတယ်။
တတိယသွင်ပြင်လက္ခဏာကတော့ comprehensive လက္ခဏာရပ်ဖြစ်ပါတယ်။ လူသားမလုံခြုံမှုများဟာ တခုနဲ့တခု ဆက်နွယ်နေတာဖြစ်တဲ့အတွက် တခုချင်းစီ လိုက်လံဖြေရှင်းဖို့ ခဲယဉ်းပါတယ်။ လူသားလုံခြုံရေး သဘောတရားဟာ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး လိုအပ်ချက်ကို အာရုံစိုက် ဖော်ပြထားတဲ့အတွက် အလုံးစုံ ခြုံငုံနိုင်မှု comprehensive လက္ခဏာရှိတယ်လို့ ဆိုနိုင်ပါတယ်။
လူသားလုံခြုံရေး ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ လူသားလုံခြုံရေးကို ဦးတည်ချက် တရပ်အဖြစ် ဖော်ဆောင်ရေးအတွက် ကမ္ဘာတဝှမ်းက နိုင်ငံပေါင်းစုံ၊ အစုအဖွဲ့ပေါင်းစုံရဲ့ ပိုမိုအားကောင်းသော စုစည်းညီညွတ်တဲ့ တုံ့ပြန်မှု integrated responses တွေ လိုအပ်တယ်လို့ ဆိုထားခဲ့ပါတယ်။
လူသားလုံခြုံရေးရဲ့ စတုတ္ထ သွင်ပြင်လက္ခဏာကတော့ content-specific ဖြစ်ပါတယ်။ မလုံခြုံမှုတွေဟာ အခြေအနေ ကွဲပြားမှုတွေအပေါ် မူတည်ပြီး ခြားနားမှုရှိကြောင်းနဲ့ ပေါ်ထွက်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး သီးခြားအဖြေရှာမှုတွေလုပ်ဖို့ လိုအပ်ကြောင်း လူသားလုံခြုံရေး သဘောတရားက တိုက်တွန်း ထားပါတယ်။
ပဉ္ဓမသွင်ပြင်လက္ခဏာကတော့ ကြိုတင်ကာကွယ်ရေးကို ဦးတည်ဇောင်းပေးခြင်း (prevention-oriented) သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ လူသားလုံခြုံရေး သဘောတရားဟာ မလုံခြုံမှုများနဲ့ ခြိမ်းခြောက်မှုများကို ဖြစ်ပွားစေတဲ့ အခြေခံအကြောင်းတရားများ (root causes) နဲ့ အန္တရာယ်တွေ (risks) ကို မီးမောင်းထိုးပြတဲ့အတွက် ကြိုတင်ကာကွယ်မှုကို ဇောင်းပေးထားကြောင်း သိသာ ထင်ရှားပါတယ်။
လူသားလုံခြုံမှုရှိစေရေးအတွက် ယေဘုယျအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း (protection) နဲ့ အားပေးအားမြှောက်ပြုခြင်း (empowerment) ဆိုင်ရာ မဟာဗျူဟာများကို အသုံးပြုကြပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ မဟာဗျူဟာတွေဆိုတာက အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေနဲ့ ရပ်ရွာလူထုမှ လူသားများကို စောင့်ရှောက်ရေးအတွက် ချမှတ်ထားတဲ့ မဟာဗျူဟာတွေကို ဆိုလိုတာဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ မဟာဗျူဟာများကို အကောင်အထည် ဖော်ဆောင်ရာမှာ အထက်မှ အောက်သို့ ချဉ်းကပ်နည်းလမ်း (top-down approach) ကို အသုံးပြုရပါတယ်။
ရံဖန်ရံခါမှာ လူသားတွေဟာ ထိန်းချုပ်နိုင်တဲ့ ဘောင်ကနေကျော်သွားတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ သဘာဝ ဘေးအန္တရာယ်တွေ၊ စီးပွားရေးပျက်ကပ်တွေနဲ့ ပဋိပက္ခတွေရဲ့ ခြိမ်းချောက်မှုကို ရင်ဆိုင်ကြရပါတယ်။ ဒီအခါမှာ လူသားတွေကို ဒီလိုခြိမ်းချောက်မှုတွေကနေ ကာကွယ်ပေးဖို့အတွက် လူသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာတွေကို စနစ်တကျအကောင်အထည် ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။
နိုင်ငံတော်ဟာ ဒီလိုကာကွယ် စောင့်ရှောက်ဖို့အတွက် အဓိကတာဝန်အရှိဆုံးဖြစ်ပြီး၊ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကလဲ လူသားလုံခြုံရေးကို ပါဝင်ကူညီဆောင်ရွက်လေ့ ရှိကြပါတယ်။
အားပေးအားမြှောက်ပြုခြင်း (Empowerment) ဆိုင်ရာမဟာဗျူဟာ ဆိုတာတွေကတော့ ခက်ခဲတဲ့ အခြေအနေတွေမှာ လူသားတွေရဲ့ ခံနိုင်ရည်စွမ်းအားနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအား တိုးတက်လာအောင် အားပေးထောက်ကူပြုတဲ့ မဟာဗျူဟာများပဲ ဖြစ်ပါတယ်။ Empowerment မဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရာမှာ အောက်မှ အထက်သို့ ချဉ်းကပ်နည်းလမ်း (bottom – up approach) ကို အသုံးပြုကြပါတယ်။
ရည်ရွယ်ချက်ကတော့ လူသားတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ရွေးချယ်မှုများပြုလုပ်ခြင်း၊ ကိုယ့်အား ကိုယ်ကိုးခြင်း စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာရေး ဖြစ်ပါတယ်။ လူသားတွေကို empower လုပ်ခြင်းအားဖြင့် သူတို့ရဲ့ အရည်အချင်းတွေ အကောင်းဆုံး တိုးမြင့်လာရုံတင် မကပါဘူး။ သူတို့ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်က လူအများရဲ့ လူသားလုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းတွေကို ရှာဖွေခြင်း၊ အဖြေရှာမှုတွေမှာ ပါဝင်ဆောင်ရွက်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
Protection နဲ့ Empowerment ဟာ တခုနဲ့တခု အပြန်အလှန် အမှီသဟဲ ပြုရုံသာမက mutual reinforcement အင်အားသစ်တွေ အတူတကွ တိုးပွား ဖြစ်တည်စေပါတယ်။ လူသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အခြေအနေတွေ အားလုံးနီးပါးမှာ Protection နဲ့ Empowerment ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် စွမ်းရည်တွေရှိဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာ ဘယ်လောက်ပဲကောင်းကောင်း၊ လိုအပ်တဲ့ စွမ်းရည်တွေ မရှိဘူးဆိုရင် အောင်မြင်စွာ ဖော်ဆောင်လို့ မရနိုင်ပါဘူး။
လူသားလုံခြုံရေး သဘောတရားဟာ စီးပွားရေးရာ လုံခြုံရေး၊ အစားအစာ လုံခြုံရေး၊ ကျန်းမာရေး လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် လုံခြုံရေး၊ လူ့အဖွဲ့အစည်း လုံခြုံရေး၊ နိုင်ငံရေးရာ လုံခြုံရေး စတာတွေကို ခြုံငုံဖော်ပြထားတာ ဖြစ်တဲ့အတွက် ကဏ္ဍတခုချင်းစီအလိုက် မဟာဗျူဟာများနဲ့ ဆက်စပ်တဲ့ စွမ်းရည်များကို ပညာရှင်အချို့က လေ့လာ ဖော်ထုတ်ခဲ့ကြပါတယ်။
စီးပွားရေးရာ လုံခြုံရေး (economic security) အတွက် သင့်လျော်တဲ့ မဟာဗျူဟာတွေကတော့ အခြေခံ လစာခံစားခွင့် အပြည့်အဝရရှိရေး၊ အစိုးရ Public sector နဲ့ ပုဂ္ဂလိက ကဏ္ဍ private sector အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး၊ လိုအပ်ပါက အစိုးရမှ ဘဏ္ဍာရေးထောက်ကူပြုတဲ့ လူမှု ကူညီစောင့်ရှောက်ရေး အစီအစဉ် social safety nets တွေ ဖော်ဆောင်ရေး စတာတွေ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာတွေကို အကောင်အထည် ဖော်ရေးအတွက် စီးပွားရေးအရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ ဘဏ္ဍာရေး အရင်းအနှီး စတဲ့ စွမ်းရည်တွေ လိုအပ်ပါတယ်။
အစားအစာလုံခြုံရေး (food security) ဆိုင်ရာ မဟာဗျူဟာတွေကတော့ ကိုယ်တိုင် စိုက်ပျိုး၍ဖြစ်စေ၊ အခကြေးငွေ သုံးစွဲ၍ဖြစ်စေ၊ အစိုးရထောက်ကူ အစားအစာ ဖြန့်ဝေရေးစနစ်မှ ဖြစ်စေ လူတိုင်းအတွက် စားသောက်ရန် အစားအစာရှိရေး ဖြစ်ပါတယ်။ ဒီအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေးကဏ္ဍမှာ အမျိုးအစား စုံလင်စေခြင်း diversified လုပ်ခြင်း၊ အစားအစာဖြန့်ဝေရေးစနစ် ကျင့်သုံးခြင်း စတဲ့ စွမ်းရည်တွေ လိုအပ်ပါတယ်။
ကျန်းမာရေးလုံခြုံရေး (health security) ဆိုင်ရာ မဟာဗျူဟာတွေကတော့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဝန်ဆောင်မှုတွေ ထားရှိရေး၊ ရပ်ရွာအခြေပြု ကျန်းမာရေးအာမခံတွေ ထားရှိရေးနဲ့ ရောဂါ ပြန့်ပွားမှုတွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ စုံစမ်းဖော်ထုတ်ရေးစနစ် surveillance systems တွေ အသုံးပြုရေး စတာတွေ ဖြစ်ပါတယ်။
ဒီလို မဟာဗျူဟာတွေ အကောင်အထည်ဖော်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အခြေခံဗဟုသုတနဲ့ အသိပညာတွေကို အများပြည်သူအကြားမှာ ဖြန့်ဖြူးထားခြင်း၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို သိရှိခွင့်ရှိရေးဆိုင်ရာ စွမ်းရည်တွေ လိုအပ်ပါတယ်။
သဘာဝပတ်ဝန်းကျင်လုံခြုံရေး (environment security) နဲ့ ပတ်သက်တဲ့ မဟာဗျူဟာတွေကတော့ သဘာဝသယံဇာတနဲ့ environmental degradation တွေဖြစ်တဲ့ မြေဆီလွှာပျက်သုဉ်းမှု၊ သစ်တောပြုန်းတီးမှု စတာတွေကို ကာကွယ်ရေးအတွက် sustainable practices တွေ ကျင့်သုံးခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပါက ကြိုတင်သတိပေးမှုနဲ့ တုန့်ပြန်မှုနည်းလမ်းတွေ ချမှတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒီမဟာဗျူဟာတွေ ချမှတ်အကောင်အထည်ဖော်ရေးအတွက် သဘာဝ သယံဇာတ အရင်းအနှီး၊ ဇီဝကွဲပြားခြားနားမှု (Biodiversity) နဲ့ သဘာဝပတ်ဝန်းကျင် recovery processes စတဲ့ စွမ်းရည်များ ရှိဖို့ လိုအပ်ပါတယ်။
လူတဦးချင်းစီရဲ့ လုံခြုံရေး (personal security) အတွက် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ရေး စတဲ့ မဟာဗျူဟာတွေ ချမှတ်နိုင်ပါတယ်။ ဒီအတွက် အခြေအနေနဲ့ လိုက်လျောညီထွေတဲ့ နည်းဗျူဟာတွေနဲ့ coping mechanisms တွေ လိုအပ်ပါတယ်။
ရပ်ရွာလုံခြုံရေး Community Security ရှိစေရေးအတွက် လူမျိုးစုတွေနဲ့ ရပ်ရွာအသိုင်းအဝိုင်းရဲ့ သွင်ပြင်လက္ခဏာ community identity ကို ကာကွယ်ပေးရေး၊ ဖိနှိပ်မှုတွင် အခြေတည်နေတဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေက ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများအား ပြင်းပြင်းထန်ထန် ခွဲခြားမှုတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ လူနည်းစုနဲ့ ဒုက္ခသည် အုပ်စုတွေကို ခွဲခြားဆက်ဆံခံရခြင်းမှ ကာကွယ်စောင့်ရှောက်ရေး စတဲ့ မဟာဗျူဟာတွေ ချမှတ်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် လူမှုအရင်းအနှီး (social capital) နဲ့ coping mechanisms တွေ လိုအပ်ပါတယ်။
နိုင်ငံရေးရာလုံခြုံရေး (political security) ရှိစေရေးအတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ နိုင်ငံတော် သို့မဟုတ် အစိုးရများရဲ့ ဖိနှိပ်မှု၊ နှိပ်စက်ညှဉ်းပမ်းမှု၊ ဥပဒေနဲ့အညီ မဟုတ်သော ဖမ်းဆီးခြင်းနဲ့ ထောင်ချခြင်းတွေက ကာကွယ်စောင့်ရှောက်ရေး စတဲ့ မဟာဗျူဟာတွေကို အသုံးပြုနိုင်ပါတယ်။ ဒီအတွက် ကောင်းမွန်သောအုပ်ချုပ်ရေး (good governance) နဲ့ တာဝန်ယူတတ်တဲ့ လုပ်နည်းကိုင်နည်း (accountability mechanisms) များ လိုအပ်ပါတယ်။
လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် ဒီမိုကရေစီကျင့်သုံးမှု မြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာတွေကို ပညာရှင်တွေက တင်ပြရေးဆွဲထားကြပါတယ်။ ပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ အခြေခံလူ့အခွင့်အရေးတွေကို အာရုံစိုက်ဖော်ပြခြင်း၊ လူသားချင်းစာနာမှုဖြင့် ထောက်ကူပြုမှုတွေကို တန်းတူညီမျှ ဖြန့်ဝေပေးခြင်း၊ ငြိမ်းချမ်းရေး ရလဒ်တွေ ပေါ်ထွက်လာစေနိုင်မယ့် inclusive democracy အသွင်ကူးပြောင်းမှုကို ဖော်ဆောင်ပေးခြင်း စတဲ့ ဒီမိုကရေစီ ကျင့်သုံးမှု မြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာတွေကို အသုံးပြုပြီး လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။
အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွေမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ် စေ့စပ်ဆွေးနွေးပွဲတွေ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရေးအတွက် စီမံချက်များရေးဆွဲရေး၊ အသွင်ကူးပြောင်းမှုနဲ့ ပြောင်းလဲမှု ဖြစ်စဉ်ဆိုင်ရာ အတွေ့အကြုံတွေကို ပါဝင်ဆောင်ရွက်နေကြတဲ့ အထက်တန်းလွှာ နိုင်ငံရေးသမားများ သာမကဘဲ၊ လူထုတရပ်လုံးကပါ ထိတွေ့နားလည်မှု ရှိလာစေရေး စတဲ့ ဒီမိုကရေစီကျင့်သုံးမှု မြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာတွေကို အသုံးပြုပြီး လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။
ရေရှည်တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရေးအတွက် စာတတ်မြောက်ရေး၊ ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းများ ရရှိရေးလုပ်ငန်းဆောင်တာတွေမှာ ပြည်သူလူထုက တက်ကြွစွာ ပူးပေါင်းပါဝင်လာရေး၊ ဝင်ငွေနဲ့ အခွင့်အလမ်းများ တန်းတူညီမျှဖြစ်ရေး၊ ငြိမ်းချမ်းရေးအတွေးအခေါ်များ ပြန့်ပွားလာရေး စတဲ့ ဒီမိုကရေစီ ကျင့်သုံးမှုမြှင့်တင်ပေးရေးဆိုင်ရာ မဟာဗျူဟာတွေကို အသုံးပြုပြီး လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို အများဆုံး ခံစားရတာက အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ စီးပွားရေးရာ မလုံခြုံမှှု၊ ဝင်ငွေ မလုံခြုံမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အစားအစာများ အန္တရာယ် မကင်းရှင်းမှု၊ သန့်ရှင်းသောရေ မရရှိမှု၊ လူမှုအသိုက်အဝန်းအတွင်းမှ လုံခြုံရေးရာ ခြိမ်းခြောက်မှု၊ ခွဲခြားဆက်ဆံခံရမှု၊ ကျန်းမာရေးရာ မလုံခြုံမှု၊ ဥပဒေ အကာအကွယ်များ နည်းပါးမှု၊ လွပ်လပ်စွာ ပြောဆိုလှုပ်ရှားခွင့်များ ထိန်းချုပ်ခံရမှု၊ လူမှုအရင်းအနှီး နည်းပါးမှုစတဲ့ ပြဿနာပေါင်းစုံကို ခါးစည်း ခံနေကြရသူများ ဖြစ်ပါတယ်။
ဒီလို ခံစားနေရတဲ့ အမျိုးသမီးများအတွက် လူသားလုံခြုံရေး မဟာဗျူဟာတွေ ဖော်ဆောင်ပြီး၊ ကာကွယ်မှုစနစ်များ (protection mechanisms) နဲ့ အားပေးအားမြှောက်မှု ပြုတဲ့ စနစ်များ (empowerment mechanisms) ဖော်ဆောင်ဖို့ လိုအပ်လှပါတယ်။
(ဒေါ်ခင်မမမျိုးသည် Myanmar Institute of Gender Studies တည်ထောင်သူ ဖြစ်ပါသည်။)