မြန်မာပြည်ရှိ ဗုဒ္ဓဘာသာမှာ နာမည်ပျက်လာနေပြီ ဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းတွင် သံဃာတော်များသည် အကြမ်းမဖက်ဘဲ ဖိနှိပ်မှုကို အန်တုလျှက် တရားမျှတမှုကို တောင်းဆိုသည့် အဖွဲ့အစည်းတရပ် အဖြစ် ကမ္ဘာ၏ လေးစားမှု ရရှိခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ ဆန့်ကျင်ဘက်ဟု ပြော၍ရလောက်အောင်ပင် နာမည်ပျက်လေနေပြီ။ လက်ရှိ ကမ္ဘာကြီး၏ အမြင်တွင် ဗုဒ္ဓဘာသာသည် အကြမ်းဖက်မှုကို လှုံ့ဆော်သော၊ လူမျိုးရေး မုန်းတီးမှုကို အားပေးသော ဘာသာတခု အဖြစ် ပုံဖော်ခြင်း ခံနေရပြီ ဖြစ်သည်။
ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဆန့်ကျင်စွာ စကားလုံးကို တွဲပြီး အသုံးပြု ဖော်ပြလာကြပြီ။ တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ၏ ပုံဖြင့် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမား ဆိုသည့် ခေါင်းစဉ်ဖြင့် ကမ္ဘာသိ အရှက်ခွဲခြင်းကို ခံရသည်။
ဒါတွေ ဘာကြောင့် ဖြစ်နေရသနည်း။ ဒီအတွက် ဘယ်သူမှာ တာဝန်ရှိသနည်း။
ဗုဒ္ဓဘာသာ၏ မူလနေရာမှန် ဖြစ်သော သည်းခံခြင်း မေတ္တာတရားကို သွန်သင်သော၊ လောကပါလတရားများကို ပွားများ စေသော၊ ငြိမ်းချမ်းစေသည့် ဘာသာတရပ်အဖြစ် ပြန်လည် ရောက်ရှိရန် မည်သို့ ဆောင်ရွက်သင့်သနည်း။
စာအုပ်နှစ်အုပ်
ခေတ်သစ် ဗုဒ္ဓသာသနာ သမိုင်းတွင် မသိမဖြစ် အရေးပါသော ဆရာတော် ၂ ပါးရှိသည်။ မဟာစည် ဆရာတော်ဘုရားကြီးနှင့် တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးတို့ ဖြစ်သည်။ အရှင်တပါးက ပဋိပတ္တိဟူသည့် သိမှုအကျင့်နယ်ပယ်တွင် ထင်ရှားပြီး နောက်တပါးက ပရိယတ္တိဟူသည့် စာပေပြန့်ပွားရေးတွင် ကျမ်းပြုအကျော် ဖြစ်သည်။ ဉာဏ်ပညာကြီးမြတ်တော် မူကြသည့် ဆရာတော်ကြီးများ ပီပီ နောင်လာ နောက်သားများ အတွက် လေ့လာ အားထားစရာ အမွေအနှစ်များစွာကို ထားရစ်တော် မူခဲ့ကြသည်။
ထိုအထဲတွင် ဗုဒ္ဓဘာသာ သာသနာ ကာကွယ်ရေး အတွက် အထူးရည်ရွယ် ဟောကြား၊ ရေးသားခဲ့သော စာအုပ် တအုပ်စီကို ညွှန်းဆိုလိုပါသည်။ မဟာစည် ဆရာတော်ဘုရားကြီး၏ ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေး တရားတော် ဆိုသည့် စာအုပ်သည် ၁၉၇၈ ခုနှစ်မှာ ဟောကြားခဲ့သည့် တရားကို ပြန်လည် ပုံနှိပ်ထားခြင်း ဖြစ်သည်။
“ဆရာတော်ကြီးက ဗုဒ္ဓသာသာနာကို ဘယ်လို ကာကွယ်ရမယ်လို့ ဟောခဲ့သလဲ။ ဗုဒ္ဓသာသနာ ဘယ်လိုအချိန်မှာ ပျောက်ကွယ် သွားနိုင်သတဲ့လဲ။ အခုခေတ်ပေါ် ဗုဒ္ဓဘာသာ ကာကွယ်ရေး အမည်ခံ ဝါဒတွေနဲ့ တူနေသလား” စသည်ဖြင့် စောကြောသင့်လှပါသည်။ လက်ရှိ ခေတ်သစ် ဗုဒ္ဓဘာသာ အမည်ခံများ၏ ဝါဒကို ဆရာတော်ကြီးများ၏ မှတ်ကျောက်ဖြင့် ဆန်းစစ် ကြည့်သင့်သည်။
မဟာစည် ဆရာတော်ဘုရားကြီးက ဗုဒ္ဓဘာသာရဲ့ အတွင်းရန်လို့ ပြောရမည့် ဗုဒ္ဓဘာသာအမည်ခံလျက် အလွဲလွဲ အမှားမှား ပြောကြားနေသော ဝါဒများကို ရည်ရွယ် ဟောကြားသည်။ ထိုသို့ ပြောရန် အတွက် “ဗုဒ္ဓသာသနာ ဘာလဲ” ဆိုသည်ကို အထိရောက်ဆုံး ရှင်းပြထားပါသည်။
ကောင်းမှုမှန်သမျှ လုပ်ခြင်း၊ မကောင်းမှုမှန်သမျှ ရှောင်ကြဉ်ခြင်းနဲ့ စိတ်ကို ဖြူစင်အောင် ထားခြင်းသည်သာ ဗုဒ္ဓသာသနာ အစစ်အမှန်ဖြစ်သည်။ ဗုဒ္ဓဘာသာ အမည်ခံထားလျှက် မှားယွင်းစွာ ပြောနေခြင်းကို လက်မခံထိုက် ဟု ဆိုပါသည်။ အနှစ်သာရ အတွေးအခေါ်ပိုင်းကို အဓိကထား၍ ရှင်းလင်းစေခြင်း ဖြစ်သည်။
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သာသနာ့အဖွဲ့အစည်း အသွင်သဏ္ဌာန်ကို အဓိကထားကာ အနာဂတ် သာသနာရေး၊ ဘာသာသွေး စသည်ဖြင့် နိုးဆော်ရေးသားခဲ့သည်။ အနာဂတ် သာသနာရေးကို လွတ်လပ်ရေးရပြီး ထွန်းသစ်စ မြန်မာပြည် အတွက် ရည်ရွယ်ကာ ဘာသာရေး တနှစ်တာအတွင်း အားနည်းချက်များကို မချွင်းမချန် ဆန်းစစ်ကာ လုပ်ဆောင်သင့် သည်များကို စေ့စေ့စပ်စပ် ရေးထားခဲ့သည်။ ထိုနောက် ဘာသာသွေးကို နှစ်အတန်ကြာ ၁၉၆၀ ခုနှစ်တွင် ရေးသားခဲ့သည်။ ဘာသာသွေး ဟု အမည်ပေးရခြင်းကို ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း ရှင်းပြတော်မူသည်။
“ဗုဒ္ဓဘာသာ၏ အဆီအနှစ်ဖြစ်သော အကျင့်ကောင်း၊ အကျင့်မှန်ကို ဘာသာသွေးဟု ခေါ်၏။ ထို ဗုဒ္ဓဘာသာကို ယုံကြည်မှု ဗုဒ္ဓဘာသာ အတိုင်း ဒါန သီလ ဘာဝနာ ကြိုးစားမှု၊ ဗုဒ္ဓဘာသာကို ဂုဏ်ရှိအောင် နေထိုင်ပြောဆို ပြုလုပ်မှု၊ ဗုဒ္ဓဘာသာနှင့် ဆိုင်သော ကိစ္စ၌ အကျိုးအပြစ် စိစစ်ဝေဖန်တတ်သော ဉာဏ် ရှိ၍ အကျိုးကိုသာ ဆောင်ရွက်လိုမှု၊ ဘာသာထိလျှင် မချိအောင် နာတတ်မှု ဤအချက်စုနှင့် ပြည့်စုံ၍ ဘာသာ တိုးပွားအောင် ဆောင်ရွက်သူကို ဘာသာသွေးကောင်းသူဟု ဆိုရပေမည် (နှာ- ဆ)” ဟု ဆိုထားသည်။
လုပ်ဆောင်ရမည့် အချက်များကို ညွှန်ပြရာတွင်လည်း ဘာသာခြားများ၏ ထူးချွန်ချက်၊ ကောင်းကွက်များကို ရည်ညွှန်းကာ အတုယူ အသုံးချရန် တိုက်တွန်းပြီး အခြားဘာသာများကို စော်ကားပုတ်ခတ်ခြင်း အလျင်းမရှိပေ။ စာသင်တိုက်ကြီးကို တည်ထောင်သော ပုဂ္ဂိုလ်ပီပီ အနာဂတ်အတွက် ဗုဒ္ဓဘာသာ အတွင်း ပညာရေး အရေးကြီးပုံကို ရှုထောင့်အသီးသီးမှ သုံးသပ် ထောက်ပြကာ သက်ဆိုင်ရာ အသီးသီး လုပ်ဆောင်သင့်သည်များကို တိုက်တွန်းခဲ့သည်။
ထိုသို့ ရေးသားရာတွင်လည်း အကျိုးအပြစ်ကို စေ့စပ်ဝေဖန်ကာ အကျိုးရှိရာကိုသာ ရဲရဲဝံ့ဝံ့ လုပ်ကြရန် အားပေးသည်။ လူများ အတွက် အသုံးမဝင်လျှင် မည်သူကမျှ အားကိုးကြတော့မည် မဟုတ်ဟု ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သည်။
ဆန်းစစ်စေလို
ဆရာတော်ဘုရားကြီးများ၏ အာဘော် အပြည့်အဝကို စာတို တခုဖြင့် ပြည့်ပြည့်ဝဝ မဖော်ပြနိုင်ပါ။ မိမိဘာသာကို ကာကွယ်လိုသူများ၊ မြှင့်တင်လိုသူများ အကျယ်ကို ဖတ်ရှုစေလိုပါသည်။ စာအုပ်များသည် စာမျက်နှာ ၁၀၀ ကျော် ပါးပါးလေးများသာ ဖြစ်သည်။ မိမိတို့၏ ယုံကြည်မှု၊ လုပ်ဆောင်ချက်များကို ဆန်းစစ်စေလိုပါသည်။
ဗုဒ္ဓဘာသာ နာမည်တပ်ကာ ဟောပြောတိုင်း ဗုဒ္ဓဘာသာ၏ အဆုံးအမများနှင့် ညီညွှတ်ပါသလား ဆန်းစစ်စေလိုပါသည်။ “ပေါ့စေလို ကြောင်ရုပ်ထိုး၊ ဆေး အတွက်လေး” ဖြစ်နေကြမှာ စိုးရိမ်ပါ၏။ မည့်သို့သော လုပ်ရပ်များက အမှန်တကယ် အကျိုး ရှိကြောင်းကို တိုက်ဆိုင် ဆန်းစစ်စေလိုပါသည်။ အနိမ့်ဆုံး အကြမ်းဖျင်းအားဖြင့် ကောင်းမှု၊ မကောင်းမှုကို နားလည် သဘောပေါက်လျှင်ပင် များစွာ အကျိုးရှိမည် ဖြစ်သည်။
လူ့အသက်သတ်ခြင်း
ရဟန်းတော်တပါးသည် ဗုဒ္ဓ၏ ဝိနည်း စည်းကမ်းတော်အရ တိရိစ္ဆာန်တကောင်ကိုပင် မိမိအာဟာရ အတွက် သတ်၍ အလှူ မခံထိုက်ပါ။ မိမိ အတွက် သတ်မှန်းသိလျှင် မသုံးဆောင်ထိုက်ပါ။ လူတယောက် အသက်ကို သတ်သောသူကို လေးစား အားပေးနေခြင်းမှာ ထိုကိစ္စထက် ဆိုးမဆိုး စဉ်းစားနိုင်ပါသည်။ လူ့ အသက်သတ်ခြင်းသည် မကောင်းမှု ဖြစ်၍ မပြုအပ် မလုပ်အပ်ဟု သိရန် ဘာသာရေး ကျမ်းစာများကို ကျွမ်းကျင်နှံ့စပ်ရန် မလိုပါ။ သာမန် ဗုဒ္ဓဘာသာဝင်တဦး၏ အခြေခံ ကျင့်ဝတ်မျှသာ ဖြစ်သော ငါးပါးသီလထဲမှ တခုသာ ဖြစ်ပါသည်။ ဗုဒ္ဓဝါဒသည် ဝိဘဇ္ဇဝါဒ၊ ဗုဒ္ဓဘာသာဝင်များသည် ဝိဘဇ္ဇဝါဒီများ ပီပီ ဉာဏ်ကို ရှေ့တန်းတင်၍ စဉ်းစားကြစေလိုပါသည်။
ထိုသို့ ဆိုးရွားစွာ ကိုယ့်ဘာသာကို တလွဲ အသုံးချနေမှုများအတွက် ဗုဒ္ဓ၏ အဆုံးအမများနှင့် ဆန့်ကျင်လျက် ဟောပြောနေမှုများကို အခြား ဘာသာများက လာရောက် ကာကွယ်ပေးရန် တာဝန်မရှိပါ။ ဗုဒ္ဓဘာသာကို ကောင်းစေလိုသူများတွင်သာ တာဝန်ရှိသည်။
စဉ်းစားဖွယ်ရှိသည်မှာ ဆရာတော်ကြီးများက ဘာကြောင့် ဘာသာမတူသူများကို အပြစ်မဖို့ကြဘဲ မိမိ ဘာသာအတွင်း အားနည်းချက်များကို ထောက်ပြ ဆုံးမတော်မူကြသနည်း။
ရှင်းပါသည်။ ဗုဒ္ဓသာဘာဟု မည်သို့ပင် နာမည်ခံနေပါစေ လက်တွေ့ ကျင့်သုံးမှု မမှန်လျှင် သို့မဟုတ် ဗုဒ္ဓလမ်းစဉ်နှင့် သွေဖည်နေလျှင် ဗုဒ္ဓဘာသာဝင် ဟုပင် မပြောနိုင်ပါ။ ထိုသို့ ဗုဒ္ဓလမ်းစဉ် အတိုင်း မကျင့်သုံးသော နေ့မှစတင်ကာ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ တစုံတယောက်က ယူဆောင်သွား၍ ပျက်စီးသွားခြင်း၊ တစုတသင်းက ဖျက်ဆီး၍ ပျက်စီးသွားခြင်း မဟုတ်ဘဲ မိမိတို့ကိုယ်တိုင် သိလျက်ဖြစ်စေ၊ မသိဘဲ ဖြစ်စေ ပစ်ပယ်လိုက် သောကြောင့်သာ ဗုဒ္ဓလမ်းစဉ် သာသနာတော် ကွယ်ပျောက်နိုင်ပါသည်။
ဘာသာရေး၏ အသုံးချခံ
ထိုသို့ ပြောခြင်းသည် လက်ရှိ ပစ္စက္ခ မြန်မာပြည်တွင် ဖြစ်သမျှ အကြောင်းအားလုံးသည် ဗုဒ္ဓဘာသာဝင်များ၏ အမှားဟု ဆိုလိုခြင်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောချင်ပါသည်။ ဘာသာရေးကို ကိုယ်ကျိုးစီးပွား အတွက်၊ အာဏာ အရှိန်အဝါ အတွက်၊ ကျော်ကြားလိုမှု အတွက် တလွဲအသုံးချလာသည် များကို ဉာဏ်ပညာဖြင့် ချင့်ချိန်တုံ့ပြန်စေလိုခြင်းသာ ဖြစ်ပါသည်။ ဘာသာရေး အမည်တပ်လိုက်တိုင်း အလွယ် လက်မခံကြရန်သာ ဖြစ်သည်။ တချိန်တည်းမှာ မိမိဂုဏ်ကို မိမိတို့ မြှင့်မှသာ မြင့်မည်ဖြစ်သောကြောင့် ဝိုင်းဝန်းကာ ထိန်းသိမ်းမြှင့်တင်ရမည် ဖြစ်ပါသည်။
မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးက ဤသို့ မေးခွန်းထုတ်ပါသည်။ ဤသာသနာတော်ကို ဂုဏ်ရှိ သိရ်ရှိဖြင့် ဤနိုင်ငံတွင် တည်စေမည်လား၊ ဂုဏ်မဲ့ သိရ်မဲ့ ဖြစ်၍ ကွယ်ပျောက်သွားစေမည်လား ဟု ဖြစ်ပါသည်။ ယခုအချိန် သက်ရှိထင်ရှား ရှိနေသေးလျှင် ဤသာသနာတော်ကို ဂုဏ်မဲ့ သိရ်မဲ့ဖြင့် ဤနိုင်ငံတွင် တည်စေမည်လားဟု ထပ်မံ မေးကောင်း မေးနိုင်ပါသည်။ အဖြေသည် မိမိတို့ လက်ထဲတွင်သာ ရှိပါသည်။
ထိုအတွက် သီလ သမာဓိ ပညာ ဖြင့် ပြည့်စုံတော်မူသော ဆရာတော်များက ဦးဆောင်ကာ ဗုဒ္ဓဘာသာ၏ စစ်မှန်သော တရားများ၊ လောကပါလ တရားများ ထွန်းကားစေရန် ကူညီဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
(လင်းငယ်သည် စစ်တွေမြို့အခြေစိုက် မြန်မာဆရာဝန်တဦးဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက် ရေးရာများကို သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)
စာကိုး – (၁) မဟာစည် ဆရာတော်ဘုရားကြီး၊ ဗုဒ္ဓသာသနာ့ အန္တရာယ် ကာကွယ်ရေး တရားတော်။
(၂) အရှင်ဇနကာဘိဝံသ၊ ဘာသာသွေး။