အခြေခံ ရပိုင်ခွင့်နှင့် ငြိမ်း/စု/စီ ဥပဒေ ပြင်ဆင်ချက်ကို ဆန်းစစ်ခြင်း

မောင်ဆောင်းခ
၂၀၁၄ ခုနှစ်အတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံက အာမခံရေး အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုဆန္ဒပြခဲ့စဉ် / Reuters
Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရသစ် သက်တမ်း ၂ နှစ်ပြည့်ခါနီး အချိန်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေမှာ ဆိုးရွားလာနေကြောင်း သုတေသန ကိန်းဂဏန်းများ အရ သိရှိနိုင်သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (အသံ) ၏ ထုတ်ပြန်ချက်များ အရ လက်ရှိ အစိုးရ လက်ထက်တွင် တရားစွဲဆို ခံထားရသော သတင်းသမား အရေအတွက်မှာ ၃၃ ဦး အထိ မြင့်တက်လာခဲ့သည်ကို တွေ့ရှိရသည်။ သတင်းသမားများကို တရားစွဲဆိုရာတွင် အသုံးပြုသော ဥပဒေများသည်လည်း အစိုးရသစ် လက်ထက်တွင် ပြင်ဆင် ပယ်ဖျက် လိမ့်မည် ဟု အရပ်ဘက် လူ့အဖွဲ့အစည်းများက ယုံကြည်ခဲ့သော မတရားသည့် ဥပဒေများ ဖြစ်နေသည်။

တဖက်တွင်လည်း အွန်လိုင်းပေါ်ရှိ ဝေဖန် ပြောကြားမှုများကြောင့် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသော အမှု အရေအတွက်မှာ ၁၁၅ မှု အထိ ရှိလာနေသည်။ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ပြီး နောက်ပိုင်း ဖြစ်ပွားခဲ့သော အမှုများမှာ ၁၈ မှု ရှိနေသည်။ ယင်းအချက်မှာ ပြီးခဲ့သော ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ချက်သည် လုံလောက်ခြင်း မရှိကြောင်း သက်သေပြနေသည်။

ထိုကဲ့သို့ ဖြစ်နေခြင်းသည် လွှတ်တော်က ပြည်သူများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အကြံပြုချက်များကို လျစ်လျူရှု ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

ယခုလည်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကို အငြင်းပွားဖွယ်ရာ ဥပဒေ ပြင်ဆင်ချက်များဖြင့် အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်း ကော်မတီက တင်သွင်းလိုက် ပြန်သည်။ ငြိမ်း/စု/စီဥပဒေကို ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရေးဆွဲပြဌာန်းခဲ့ခြင်း ဖြစ်သည်။

သို့သော် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အပြင်းအထန် ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်းများကြောင့် ကြံ့ခိုင်ရေး ပါတီနေရာ အများဆုံးရရှိခဲ့သော ပထမအကြိမ် လွှတ်တော်သက်တမ်း ၂ဝ၁၄ ခုနှစ်၊ ဇွန်လတွင် တကြိမ်၊ NLD ပါတီ နေရာအများဆုံး ရရှိခဲ့သော ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလတွင် တကြိမ် အသီးသီး ပြင်ဆင်ခဲ့ကြသည်။

ယခု အကြိမ်သည် တတိယအကြိမ်မြောက် ပြင်ဆင်ခြင်း ဖြစ်ပြီး ပြင်ဆင်ချက်များသည်လည်း ဆန္ဒပြလိုသူများ အတွက် ပိုမို ခက်ခဲရှုပ်ထွေးစေသည်။

မူရင်း ဥပဒေတွင် ဆန္ဒပြပွဲ ဦးဆောင်ပုဂ္ဂိုလ်များ၏ ကိုယ်ရေး အချက်အလက်များ တောင်းခံခြင်း၊ စီတန်း လှည့်လည်ရာတွင် အသုံးပြုမည့် အလံ၊ ပိုစတာ၊ ကြွေးကြော်သံ၊ ပါဝင်မည့် လူဦးရေ အရေအတွက် စသည့် အသေးစိတ် အချက်များကို တောင်းခံခြင်း၊ စီတန်း လှည့်လည်မည့် မြို့နယ် တလျောက် နယ်မြေခံ ရဲစခန်းများကို ကြိုတင် အသိပေးတင်ပြရန် လိုအပ်ခြင်းနှင့် ရှောင်တခင် ဖြစ်ပေါ်လာသော စုဝေးမှုနှင့်ပတ်သက်သော အချက်အလက်များ မပါဝင်ခြင်း တို့ကို ပြင်ဆင်ရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက အကြိမ်ကြိမ် အကြံပြုခဲ့ကြပါသည်။

သို့သော် ယင်း အကြုံပြုချက်များကို ပြင်ဆင်ရန် မကြိုးစားဘဲ ဆန္ဒပြလိုသူများကို ပိုမို တင်းကြပ်ရှု့ပ်ထွေး စေမည့်၊ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် အချက်များကိုသာ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲလာသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက တင်သွင်းခဲ့သော ငြိမ်း/စု/စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ နိဒါန်းတွင် “နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အလို့ငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ဆန္ဒပြခွင့်ကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ၄၈ နာရီ ကြိုတင် အသိပေးတင်ပြရမည်” ဟု ထည့်သွင်း ပြင်ဆင်ထားသည်။ ယင်း အသုံးအနှုန်းသည် NLD အစိုးရက ပြင်ဆင်မည် ဟု ကြုံးဝါးနေသော ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ (၃၅၄) မှ စာသားအတိုင်း အတိအကျ ဖြစ်နေသည်။

နိုင်ငံတော်လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဆိုသော စကားလုံးများသည် ရှုပ်ထွေးနက်နဲပြီး လိုအပ်သလို အကျယ်ချဲ့နိုင်သည်။ ယခင် စစ်အစိုးရ လေသံမျိုးသာ ဖြစ်နေပြီး ဆန္ဒပြမှုကို တားမြစ်ပိုင်ခွင့် ရှိသော တရားစွဲ အဖွဲ့အစည်း ဖြစ်သည့် ရဲတပ်ဖွဲ့က ထင်သလို အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည့် အခြေအနေကို ဦးတည်စေသည်။ အစိုးရအဖွဲ့ (သို့မဟုတ်) အာဏာပိုင်များကို ထိခိုက်စေမည့် ဆန္ဒပြမှုများကို ယင်းစကားလုံးများဖြင့် ပယ်ချနိုင်သည်။

ထို့အပြင် မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြရမည့် အချက်အလက်များထဲတွင် ဆန္ဒပြပွဲ ခန့်မှန်း ကုန်ကျငွေနှင့် အကုန်ကျခံမည့် ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကိုပါ တင်ပြရန် လိုအပ်လာသည်။

ပါတီတခုခုက သော်လည်းကောင်း၊ ခရိုနီ တဦးဦးက သော်လည်းကောင်း ဦးဆောင်ပြုလုပ်သော ဆန္ဒပြပွဲများ အတွက် အလှူရှင် နာမည်ကို တင်ပြရန် မခက်ခဲနိုင်သော်လည်း လယ်ယာမြေ သိမ်းဆည်းခံထားရသော လယ်သမားများ၊ လုပ်ခလစာ အပြည့်အဝ မရရှိသော အလုပ်သမားများ၊ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး အတွက်လုပ်ဆောင် နေသော ကျောင်းသားသမဂ္ဂများနှင့် တရားရုံးတွင် မတရားခံရသော ပြည်သူများက ပြုလုပ်သော ဆန္ဒပြပွဲများ အတွက် ခက်ခဲနှောင့်နှေးစေနိုင်သည်။

ယင်းတို့၏ ဆန္ဒပြပွဲ အတွက် ကုန်ကျငွေများကို ပြည်သူများက ငါးရာ၊ တထောင် ဝိုင်းဝန်း ထည့်ဝင်ကြသည်က များသည်။ ယင်းပြည်သူ အလှူရှင်များ နာမည်ကိုပါ ရဲတပ်ဖွဲ့မှူးထံ တင်ပြရလျှင် အကြောက်တရား ရှိနေဆဲ ဖြစ်သော ပြည်သူများက လက်တွန့်လာနိုင်သည်။

ထို့ပြင် ထပ်တိုး ဖြည့်စွက် လိုက်သော ပုဒ်မတခုမှာ ၁၈။ ‘‘မည်သူမဆို နိုင်ငံတော်လုံခြံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား၊ အကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့် ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေ ဖြစ်နိုင်ကြောင်း သိလျက်နှင့် ဖြစ်စေ၊ ငွေ(သို့မဟုတ်) ပစ္စည်းကို သော်လည်းကောင်း၊ အခြား နည်းလမ်းတခုခုကို သော်လည်းကောင်း သုံးစွဲ၍ သူတဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ပြုအောင်လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း (သို့မဟုတ်) တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်” ဟူ၍ ဖြစ်သည်။

ယင်း ဖြည့်စွက်ချက်သည် တယောက် ၅ဝဝဝ ပေး၍ ပြုလုပ်သော တချို့သော ဆန္ဒပြပွဲများကို အရေးယူနိုင်ရန် ရည်ရွယ်ပုံ ရသည်။ သို့သော် ပစ္စည်းကို သော်လည်းကောင်း သုံးစွဲ၍ ဟု ဆိုရာတွင် ကမ်ပိန်းတီရှပ်များ ဝေငှခြင်းများပါ အကျုံးဝင်နိုင် သည့် အတွက် တချို့ဆန္ဒပြပွဲများတွင် တောင်းဆိုလိုသည့် အရာကို ထင်ရှားအောင် ပြသရန် အခက်အခဲရှိနိုင်သည်။

အခြားနည်းလမ်း တခုခုကို သော်လည်းကောင်း သုံးစွဲ၍ ဆိုသည့် စကားရပ်မျိုး ဆိုလျှင် အတိုင်းအဆမဲ့ ကျယ်ပြန့်သွားသည်။ မည်သည့် နည်းလမ်းဆိုသည်ကို တိကျစွာ ဖော်ပြရန် လိုအပ်သည်။

ထို အသစ် ဖြည့်စွက်လိုက်သည့် ပုဒ်မ အတွက် ပြစ်ဒဏ်မှာလည်း ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့် အတွက် ငွေပေးပြီး ပြုလုပ်သော ဆန္ဒပြပွဲများ လျှော့နည်း သွားနိုင်လိမ့်မည် ဟု ယူဆနိုင်သည်။ သို့သော် ယင်းပြဋ္ဌာန်းချက် သည် ခုတ်ရာတခြား ရှရာတလွဲ ကိန်း ဖြစ်လာနိုင်သည်။

ထိုပုဒ်မကို အသုံးပြုပြီး အမှန်တကယ် ဆန္ဒပြရန် လိုအပ်သည့် ကိစ္စရပ်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို တရားစွဲဆို လာမှုများ၊ ဖမ်းဆီးထောင်ချမှုများ ကြုံလာနိုင်သည်။ ဒီမိုကရေစီ လက်ခံကျင့်သုံးသော နိုင်ငံများတွင် ငွေပေးစေခိုင်းသော ဆန္ဒပြမှု ဖြစ်စေ၊ အမှန်တကယ် လိုအပ်၍ ပြုလုပ်ကြသော ဆန္ဒပြမှု ဖြစ်စေ မည်သည့်ဆန္ဒပြမှု ကိုမဆို အကြမ်းဖက်မှုများ၊ ခွဲခြား ဆက်ဆံမှုများကို တွန်းအားပေး လှုံ့ဆော်ခြင်းမျိုး မပြုလုပ်မချင်း ဥပဒေဖြင့် တားမြစ်လေ့မရှိချေ။

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်သည် လူသား အားလုံး၏ အခြေခံ ရပိုင်ခွင့် ဖြစ်သည်။ လူတစုတဖွဲ့ကိုလည်း ရည်ရွယ်၍ ခွဲခြားကန့်သတ်ခြင်းမျိုး ပြုလုပ်ခွင့် မရှိပေ။

အမှန်တကယ် ပြုလုပ်သင့်သည်က ဆန္ဒပြပွဲတိုင်းကို အစိုးရက နားထောင်၍ အမှန်တကယ် နစ်နာမှုများ တွေ့ရှိပါက ဖြေရှင်းဆောင်ရွက် ပေးပြီး ငွေပေးစေခိုင်းသော၊ မမှန်ကန်သော ဆန္ဒပြမှုများကို လျစ်လျူရှုနေသင့်သည်။ မည်သည့်အကြောင်း ပြချက်နှင့်မှ လွတ်လပ်စွာ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်ခြင်း မပြုလုပ်သင့်ပေ။

ဒီမိုကရေစီအစိုးရ တရပ် ဖြစ်ကြောင်း သက်သေပြရန် အတွက် လူတိုင်း၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို မြင့်တင်ပေးရန် မဖြစ်မနေ လိုအပ်လှပေသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို နည်းလမ်း မျိုးစုံဖြင့် တင်းကြပ်ဖို့ ကြိုးစားမည် ဆိုလျှင် ပြည်သူများ၏ အသံနှင့် ဝေဖန်မှုများ နည်းပါးသွားနိုင်သည်။ ပြည်သူများ၏ ဝေဖန်ခြင်း မခံရသော အစိုးရသည် ပွင့်လင်းမြင်သာမှု အားနည်းကာ အကျင့်ပျက်ခြစားမှုဆီ ဦးတည်သွားနိုင်သည်။

ပွင့်လင်းမြင်သာသော၊ အကျင့်ပျက်ခြစားမှု ကင်းစင်သော ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်ပေါ်လာရန် စောင့်ကြည့် ထိန်းကျောင်းရမည်မှာ လွှတ်တော်၏ အဓိက တာဝန် တခုဖြစ်သည်။

ထို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို အဟန့်အတား ဖြစ်နေသည့် ငြိမ်း/စု/စီဥပဒေကို ပြင်ဆင်ရာတွင်လည်း ပြည်သူလူထု အတွက် ပိုမို ရှုပ်ထွေးတင်းကျပ်သည့် ပုံစံမျိုး မဖြစ်အောင် လွှတ်တော်က အထူးအလေးထား ဆောင်ရွက်ပေး သင့်ပေသည်။ ။

(မောင်ဆောင်းခသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားနေသော ကဗျာဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading