နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒနှင့် ARSA

Bidhayak Das
ခုခံရေးအဖွဲ့ဆိုသည့် တံဆိပ်နှင့် ဆက်သွားသည်ဆိုလျှင်ပင် ARSA ရှိနေခြင်းက အကောင်းထက် အဆိုးပို ဖြစ်ခဲ့သည်
Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံ ဂါဇီယာဘတ် Ghaziabad မြို့အနီးမှ သူတို့၏ ဟောင်းနွမ်းစုတ်ပြတ်နေသော တိုက်ခန်း၏ မြေညီထပ်တွင် ထိုင်ရင်း ခါလီမူလာ Khalimullah နှင့် ဖိုင်ဇော Faizal တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား Cox’s Bazar ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သော ရိုဟင်ဂျာ ဒုက္ခသည် ၇၀၀၀၀၀ ကျော်၏ ကံကြမ္မာကို ဆွေးနွေးခဲ့ကြသည်။ သူတို့ကို တယ်လီဗီးရှင်းက စိတ်အနှောက်အယှက် ပေးနေသည်။ ရခိုင်ပြည်နယ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များကို ရခိုင်ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်မတော် (ARSA) က ဇန်နဝါရီလ ၅ ရက်နေ့တွင် ခြုံခိုတိုက်ခိုက်မှုတခု ပြုလုပ်ခဲ့သည့် သတင်းလာနေခြင်း ဖြစ်သည်။

ခါလီမူလာနှင့် ဖိုင်ဇောတို့သည် လွန်ခဲ့သော တနှစ်ခန့်က အိန္ဒိယသို့ ရောက်လာသော ရိုဟင်ဂျာများ ဖြစ်ကြသည်။ ရခိုင် ပြည်နယ်မှ အခြေအနေများကို အဝေးမှ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့၏ ဘဝက အကောင်းဆုံး မဟုတ်ဟု ဆိုလျှင်ပင် ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သူများထက် များစွာသာ လွန်ပါသည်။ သူတို့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှ သူတို့ အိမ်များသို့ ပြန်ချင်သည်။ သို့သော်လည်း ARSA ကို ထောက်ခံကြပုံရသည့် အခြားရိုဟင်ဂျာ ဒုက္ခသည် အများစုကဲ့သို့ မဟုတ်ဘဲ သူတို့က ကွဲပြားသော ခံစားချက်ရှိသည်။

ဇန်နဝါရီလ ၅ ရက်နေ့ တိုက်ခိုက်မှု အပြီး ရက်အနည်းငယ် အကွာတွင် ခါလီမူလာက ဒေလီရှိ ကျနော်၏ ဂျာနယ်လစ် မိတ်ဆွေတဦးကို ချဉ်းကပ်၍ ပဋိပက္ခတွင် ARSA ၏ ပါဝင်ပတ်သက်မှုက ရိုဟင်ဂျာတို့၏ ဒုက္ခကို ပိုဆိုးဝါးစေခဲ့သည်ဟု ပြောသည်။ “(မြန်မာနိုင်ငံက အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခံထားရသော) ARSA က သူတို့ဟာ ရိုဟင်ဂျာ အရေး အတွက် ကယ်တင်ရှင်တွေလို့ သူတို့ကိုယ်သူတို့ ဖော်ပြဖို့ ကြိုးစားလေလေ အခြေအနေတခုလုံးက ပိုရှုပ်ထွေးသွားလေ ဖြစ်လိမ့်မယ်” ဟု သူက ပြောသည်။

ခါလီမူလာနှင့် သဘောတူဖို့အတွက် ဖြစ်လာရသည်မှာ ARSA က ဦးဆောင်သည့် တိုက်ခိုက်မှုက မည်မျှပင် သေးငယ်သည် ဖြစ်စေ တပ်မတော်၏ ပြင်းထန်သော တုန့်ပြန်မှုကို ဆွပေးသလိုသာ ဖြစ်ပြီး ကြီးမားသော နိုင်ငံရေး သက်ရောက်မှု တခုလည်း ရှိသောကြောင့် ဖြစ်သည်။ အလားတူ စိုးရိမ်မှုမျိုးကို အသိအမြင်များသော နိုင်ငံရေး လေ့လာဆန်းစစ်သူ တဦးဖြစ်သည့် ရန်ကုန် အခြေစိုက် လေ့လာဆန်းစစ်သူ တဦး ဖြစ်သော ရစ်ချတ်ဟိုဆေး Richard Horsey က နယူးယောက်တိုင်းမ် New York Times နှင့်ပြုလုပ်သော အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်သည် ARSA ၏ သြဂုတ်လ ၂၅ ရက်က တိုက်ခိုက်မှုများအတွက် လက်တုန့်ပြန်ရာတွင် ရိုဟင်ဂျာ အရပ်သားများအပေါ် ကျူးလွန်ခဲ့သည်ဆိုသော ရက်စက်မှုများနှင့် ပတ်သက်သော စွပ်စွဲမှုများကို ဆက်လက် ငြင်းဆန်ရင်း လတ်တလောတွင် အရှက်ရစရာ အများအပြား ရှိနေသည်။ မကြာသေးမီက အလောင်းများ မြှုပ်နှံထားသည့် မြေပုံတခု တွေ့ရှိခဲ့ရခြင်းကလည်း ရိုဟင်ဂျာများကို ဦးတည်သည့် မျိုးတုန်းသတ်ဖြတ်မှုဆိုသော ကုလသမဂ္ဂ၏ စိုးရိမ်ပူပန်မှုများကို မှန်ကန်ကြောင်း သက်သေပြခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း အဆိုပါစွပ်စွဲမှုများအတွက် လွတ်လပ်သော စုံစမ်း စစ်ဆေးမှုတခု ပြုလုပ်ရန် ကျနော်တို့က တောင်းဆိုရင်း (အစားထိုးစရာ မရှိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်) ARSA ၏ နောက်သို့ လိုက်၍ နောက်ထပ် မီးမမွှေးမိအောင် တားဆီးရန် ထပ်တူထပ်မျှ အရေးတကြီး လိုအပ်နေပါသည်။

ယနေ့ အချိန်တွင် ARSA ၏ ကိုယ်စားပြုမှုက အငြင်းပွားဖွယ်ရာ ဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံတကာ ထိပ်တန်း မီဒီယာ များက ၎င်းတို့ကို ခုခံရေး အဖွဲ့တခု သို့မဟုတ် လက်နက်ကိုင် ပုန်ကုန်သည့် အဖွဲ့အစည်းတခု အဖြစ်ခေါ်ကြသည့် အချိန် တွင် လျှော့လျှော့ပေါ့ပေါ့ ပြောရလျှင် အနည်းငယ် ရယ်စရာ တခုလို ဖြစ်နေပါသည်။

စူးစမ်းချင်စရာ အကောင်းဆုံးမှာ ARSA က လူသိများသည့် အကြမ်းဖက် အဖွဲ့များထဲမှ တခု ဖြစ်သည့် Jamaat-Ud Daawah (ပါကစ္စတန် အခြေစိုက် Laskhar-e-Taiba ၏ နောက်ထပ် နာမည်တမျိုး) နှင့် ဆက်သွယ်မှုများ ရှိခဲ့သလား၊ လျှို့ဝှက်သင်တန်းများ အတွက် အကူအညီများ ရရှိခဲ့သလား ဆိုခြင်း ဖြစ်သည်။ အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့အစည်း များက ထိုအကြောင်းကို မီဒီယာတွင် တကြိမ်မက ပြောကြားခဲ့ကြပြီး ဖြစ်သည်။ အမှန်တကယ်တွင် ထိုသင်တန်းများ ကိစ္စ က ARSA ကေဒါများက သူတို့အကြောင်းကို မီဒီယာတွင် ပွင့်ပွင့်လင်းလင်း ပြောပြလာချိန်၊ ထိုအချက်ကို ထောက်ခံသည့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်လာချိန်တွင် လျှို့ဝှက်ချက်တခု မဟုတ်တော့ပါ။

ARSA က ပါကစ္စတန်တွင် Laskhar-e-Taiba နှင့် Jaish-e-Mohammed တို့၏ အရိပ်အောက်၌ ယုံကြည်ချက်လှုပ်ရှားမှု အဖွဲ့ (Harakah al-Yaqin )အနေဖြင့် စတင် ပေါ်ပေါက်လာခဲ့သည်။ နောက်ပိုင်းကျမှသာ ARSA အမည်သို့ ပြောင်းလဲခဲ့ ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုများ ပိုမိုပြုလုပ်ရန် ခြိမ်းခြောက်သည့် ကြေညာချက်များ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ခဲ့ခြင်းအား ကြည့်လျှင်ပင် ၎င်းတို့အဖွဲ့သည် သန်းနှင့် ချီသော အိုးအိမ်မဲ့ ရိုဟင်ဂျာ မွတ်ဆလင်များအတွက် အဖြေတခုကို ဦးတည်၍ လုပ်ကိုင်ရန် ရည်ရွယ်ချက်မရှိဟု ထင်မြင် ယူဆနိုင်ပါသည်။

လက်နက်ကိုင် တိုက်ခိုက်မှုကို တချိန်က ထောက်ခံခဲ့သော ခါလီမူလာကပင် ARSA ကို ကိုယ်စားပြုအဖွဲ့အစည်းတခု အနေဖြင့် မမြင်ခဲ့ပါ။ အိန္ဒိယ မီဒီယာမှ တဆင့် အခြားသူများထက် ပို၍ သိထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ အမေရိကန် နိုင်ငံက တားမြစ်ပိတ်ပင်ခြင်း ခံထားရသော Jaish နှင့် Laskhar တို့ကဲ့သို့သော အစ္စလမ်မစ် အကြမ်းဖက် အဖွဲ့များ နှင့် ARSA ၏ ဆက်သွယ်မှုများကို ခြေရာခံရန် အိန္ဒိယ မီဒီယာက အထူးကြိုးစား အားထုတ်ခဲ့သည်။

ARSA ၏ ခေါင်းဆောင်ဖြစ်သူ အတ္တာအူလာ Ata-Ullah က ကရာချိတွင် မွေးဖွားခဲ့ပြီး အရိပ်အောက်၌ ယုံကြည်ချက်လှုပ်ရှားမှု အဖွဲ့ (Harakah al-Yaqin ) ကို ထူထောင်ခဲ့ကြောင်း ပြီးခဲ့သည့် နှစ် အနည်ငယ်အတွင်းတွင် အိန္ဒိယ မီဒီယာက မှန်မှန်ဖော်ပြ ခဲ့သည်။ Lashkar-e-Taiba ၊ Jaish-e-Mohammad နှင့် အခြားသော ပါကစ္စတန် အခြေစိုက် အဖွဲ့များနှင့် သူ၏ ကြားမှ ဆက်သွယ်မှုများနှင့် ဆိုင်သော အမှုတွဲများ၊ အိန္ဒိယနိုင်ငံရှိ ရိုဟင်ဂျာ အမျိုးသားအချို့တို့ကြားမှ လတ်တလော တယ်လီဖုန်း ဆက်သွယ်မှုများ နှင့် ပတ်သက်သည့် အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့များ၏ မှတ်တမ်းများက ရိုဟင်ဂျာ ဒုက္ခသည်များကို အိန္ဒိယ နိုင်ငံမှ ပြန်လည်နှင်ထုတ်ရေးကို အားပေးသည့် ဖက်၌ အိန္ဒိယ အစိုးရကို ခိုင်ခိုင်မာမာ ရပ်တည်စေရန် ဖြစ်လာ ခဲ့သည်။

အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်မှု အထောက်အထားများ အပါအဝင် ARSA အကြောင်းကို အိန္ဒိယ နှင့် နိုင်ငံ တကာ မီဒီယာတွင် အများအပြား ရေးသား ပြောဆိုခဲ့ကြပြီး ဖြစ်သည်။ ဥပမာပြရလျှင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ရို ဟင်ဂျာ မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များကြားမှ ပဋိပက္ခနောက်ပိုင်းတွင် အတ္တာအူလာက ဖွဲ့စည်းခဲ့သည့် ယုံကြည်ချက် လှုပ်ရှားမှု အဖွဲ့ (Harakah al-Yaqin )သည် Aqa Mul Mujahideen အဖွဲ့နှင့် ဆက်နွယ်မှုကောင်းကောင်း ရှိသည်။ Abdus Qadoos Burmi အမည်ရှိ ရိုဟင်ဂျာတဦးက ဦးဆောင်သော Harakat ul Jihad al-Islami-Arakan အဖွဲ့သည် ARSA အဖွဲ့ နိုင်ငံတကာ၏ ထောက်ခံမှု ရရှိရေး အတွက် စီမံနေသည်ဟု ဆိုကြသည်။ Al-Qaeda ၏ ကက်ရှ်မီးယားမှ အဖွဲ့ခွဲ တခု ဖြစ်သည့် Answar Gazawat-ul-Hind က အိန္ဒိယ နိုင်ငံတွင် ရိုဟင်ဂျာ အရေးကို တက်ကြွစွာ လှုပ်ရှားနေသည်။

ထို့ကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေးတွင် အကြမ်းဖက်ရှုထောင့်နှင့် ပတ်သက်၍ အိန္ဒိယ အစိုးရနှင့် အိန္ဒိယ အရပ်ဖက် အ ဖွဲ့အစည်း အများစုက စိုးရိမ်နေကြသည်မှာ အကြောင်းရှိပါသည်။ သူတို့၏ သတိပေးမှုက သဘာဝကျပြီး အချို့သူများ အကြောင်းရှာပြီး ပြောကြသလို အစ္စလမ် မုန်းတီးခြင်းနှင့် လုံးလုံးလျားလျား သက်ဆိုင်ခြင်း မရှိပါ။

ထို့ကြောင့် နိုင်ငံတကာမီဒီယာက (Al Jazeera က “မြန်မာနိုင်ငံမှ ARSA၊ လွတ်လပ်ရေးအတွက် တိုက်ခိုက်သူများလား သို့ မဟုတ် အကြမ်းဖက်သမားများလား” ဟု သတင်းရေးသားခဲ့သလို ကိစ္စမျိုးတွင်) အိန္ဒိယ နိုင်ငံက မြန်မာနိုင်ငံ၏ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများကို ကျောထောက်နောက်ခံပေးနေသလို ဖော်ပြသည့် အချိန်တွင် သူတို့၏ ဖော်ပြမှုက အလွန်ပင် ရပ်တည်မှု လွဲမှားခြင်းနှင့် ပြဿနာ၏ အလုံးစုံကို ကြည့်ရှုရန် ငြင်းပယ်သော မျက်တောင်တဆုံးအမြင် သို့မဟုတ် အဝေးမှုန်ခြင်းကို ရောင်ပြန်ဟပ်ပြနေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အိန္ဒိယ သို့မဟုတ် တရုတ်နိုင်ငံတို့က ရိုဟင်ဂျာများကို ချေမှုန်းရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို ကူညီရန် မည်သည့် အားထုတ်မှုမျှ မပြုလုပ်ခဲ့ကြပါ။

နယူးဒေလီ အခြေစိုက် ပညာရှင် အဖွဲ့အစည်းတခု ဖြစ်သည့် Center for Policy Research မှ ပါမောက္ခ ဘရာမာချယ်လန်နီ Brahma Chellaney က “ရိုဟင်ဂျာတွေရဲ့ လက်ရှိ ဒုက္ခတွေအတွက် ရခိုင်ပြည်နယ်ထဲက တိုက်ခိုက်မှုတွေကို လှုံ့ဆော်ပေးခဲ့တဲ့ ပြင်ပအင်အားစုတွေမှာ ကြီးမားစွာ တာဝန်ရှိပါတယ်” ဟု မကြာသေးခင်က ပြောကြားခဲ့သည်။ ARSA နှင့် အမုန်းစကားများ ပြောကြားနေကြသော၊ သူတို့၏ ရည်မှန်းချက်အတွက် အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေကြသော ပြင်ပအင်အားစုများကြားမှ ဆက်သွယ်ချက် တိုက်ဆိုင်မှုများ အများအပြား ရှိနေသည့် အတွက် ဘရာမာချယ်လန်နီ၏ စကားက နည်းလမ်းအမျိုးမျိုးဖြင့် ပစ်မှတ် ဗဟိုကို ထိမှန်ခဲ့ကြောင်း ကျနော်ပြောရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း နိုင်ငံတကာ မီဒီယာကို ချွေးသိပ်ရေး တပ်ထားသည့် ပျော့ပြောင်းသည့် ခုခံရေးအဖွဲ့ဆိုသည့် တံဆိပ်နှင့် ဆက်သွားသည်ဆိုလျှင်ပင် ARSA ရှိနေခြင်းက အကောင်းထက် အဆိုးပို ဖြစ်ခဲ့သည်ဟု ပြောပါက မှားသည်ဟု ဆိုနိုင်ပါသလား။

ARSA အတွက် စိုးရိမ်စရာ မရှိခဲ့လျှင် ပို၍ အရေးကြီးသည့် လူမျိုးဖြုတ်သန့်စင်ရေး ဆိုင်ရာ စွပ်စွဲချက်များကို ဖြေရှင်းရန် အခွင့်အရေး ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရအတွက် ပို၍ လွယ်ကူစွာ ဖမ်းဆုပ် သွားခဲ့မည်မှာ သေချာပါသည်။ အစီရင်ခံစာ တင်သွင်းပြီး ၂ ရက်အကြာတွင် ပေါ်ပေါက်ခဲ့သော ARSA ဦးဆောင်သည့် တိုက်ခိုက်မှုနှင့် အတူ ထိုအခွင့် အရေးက လွင့်ပါးသွားခဲ့ရသည်။ ARSA ၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေခြင်းနှင့် တပ်မတော်၏ တုန့်ပြန်မှုတို့က ပိုမို၍ ဒီမိုကရေစီ နည်းလမ်းကျ၍ ပွင့်လင်းမြင်သာသော ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်နှင့် ပြန်လာသော ရိုဟင်ဂျာများကို အကာအကွယ်ပေးရေးများကို အကန့်အသတ် ဖြစ်စေခဲ့သည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ခွင့်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် မီဒီယာများ ဝင်ရောက်ခွင့်ပြုရေး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ အစိုးရ အပေါ် ဖိအားပေးမှုများ ဆက်လက်ပြုလုပ်ရမည် ဖြစ်သည်။ သို့သော်လည်း ARSA နှင့် ၎င်းတို့၏ အကြမ်းဖက် နည်းလမ်းများကို ထိန်းချုပ် ဟန့်တားရေး အတွက်လည်း နိုင်ငံတကာ ဖိအားပေးမှုတခုကို အနှေးနှင့် အမြန်ဆိုသလို စတင် အကောင်အထည် ဖော်ရမည် ဖြစ်သည်။

၎င်းတို့၏ ပြည်သူများအရေး တိုက်ခိုက်သည် ဆိုသည့် ARSA ၏ အကြောင်းပြရှင်းလင်းမှုတွင် ဝိရောဓိဖြစ်ဖွယ်ရာ များစွာ ရှိပါသည်။ ကျယ်ပြန့်သည့် အစ္စလမ်မစ် အကြမ်းဖက်ကွန်ရက်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းရှိ စစ်သွေးကြွများမှ တင်ပို့သော လက်နက်များ ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများတွင် တဟုန်ထိုး များပြားလာခြင်းကြောင့် ARSA ၏ အစီအစဉ် အစစ်အမှန်နှင့် ပတ်သက်၍ မေးခွန်းများ မြင့်တက်လာစေသည်။ မြန်မာနိုင်ငံသို့ ပြန်သွားရေး တောင်းဆိုကြသည့် ဒါဇင်ဝက်ကျော်ခန့်ရှိသော ဒုက္ခသည်စခန်းခေါင်းဆောင်များကို အဆိုပါ လက်နက်များကို အသုံးပြု၍သတ်ဖြတ်ခြင်းဖြင့် အသံတိတ်စေခဲ့သည်။

“ပေါ်ထွက်လာနေတဲ့ အမျိုးမျိုးသော ဇာတ်ကြောင်းတွေအရ ဒုက္ခကို မီးမွှေးပြီး အပြစ်မဲ့တဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေကို သေဆုံးစေတဲ့၊ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခရောက်စေတဲ့ ARSA ရဲ့ အခန်းကဏ္ဍကို ဥပေက္ခာပြုလို့ မရနိုင်ပါဘူး” ဟု ခါလီမူလာက သုံးသပ်သည်။ အကယ်၍ ပြန်လည်ပို့ဆောင်ရေး အတွက်သာ မဟုတ်ဘဲ တရားမျှတမှု (အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ဗုဒ္ဓဘာသာဝင်ရခိုင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ထောင်နှင့် ချီသည့် ရိုဟင် ဂျာများအတွက်) ကို ပေးသည့် ပြည့်စုံသော အဖြေတခုကို ရှာဖွေမည်ဆိုလျှင်ပင် ရခိုင်ပြည်နယ် ပဋိပက္ခ၏ အဓိက အစိတ်အပိုင်းတခု ဖြစ်သော ဤသွေးစွန်းသော ဇာတ်ကြောင်းကို မကြည့်ဘဲ ချန်လှပ် မထားသင့်ပါ။

(Bidhayak Das သည် အိန္ဒိယနှင့် ဒေသတွင်းရှိ သတင်းစာများတွင် ရေးသားခဲ့သော အကြီးတန်း ဂျာနယ်လစ်တဦး ဖြစ်သည်။ ယခုအခါ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် Contributing Editor အဖြစ် ဆောင်ရွက်နေသည်။ ၎င်း၏ Transnational Terrorism and ARSA’s Fight for a ‘Just Cause’ ကို ဘာသာပြန်ဆိုသည်။ )

Did you find apk for android? You can find new Free Android Games and apps.
Loading