သူ့အတွေး သူ့အမြင်

အညတြ သူရဲကောင်း အမျိုးသမီးများအား အမှတ်ရခြင်း

Want create site? Find Free WordPress Themes and plugins.

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ တွင် မိမိ၏ မိသားစု၊ အသိုင်းအဝိုင်းနှင့် နိုင်ငံအတွက် သူတို့၏ ဘဝများကို မြှုပ်နှံခဲ့ကြသော၊ မြှုပ်နှံနေဆဲ ဖြစ်သော မရေမတွက်နိုင်သည့် အမျိုးသမီးများကို ဂုဏ်ပြုချင်ပါသည်။ သူတို့တွင် ချစ်ခြင်းမေတ္တာ၊ ကြင်နာမှု၊ စာနာမှု၊ သတ္တိနှင့် အမျိုးသားများတွင်ပင် မရှိတတ်သည့် အခြားအရည်အချင်းများစွာ ရှိသူများဖြစ်သည်။ ထိုသို့သော အမျိုးသမီးများထဲမှ ကျနော့်အတွက် ထိပ်ဆုံးမှာ ရှိနေသူမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည့် ကျနော့် အမေပင် ဖြစ်ပါသည်။

ကျနော့် အမေက မိသားစု၏ စားဝတ်နေရေးအတွက် ဦးဆောင်ရှာဖွေခဲ့သည်သာမက သူ၏ သားများကို ကြောင်းကျိုးညီညွတ်စွာနှင့် ဖြောင့်မတ်မှန်ကန်စွာ တွေးတောတတ်ရန် ပျိုးထောင်ပေးခဲ့သည်။ မတရားမှုကို ပုန်ကန်တတ်သည့် သားများက အာဏာရှင်အစိုးရတွေကို တော်လှန်ကြသည့်အခါတွင် နောက်ဆုံးထွက်သက်အထိ သားနှစ်ယောက်ကို ထောက်ပံ့အားပေးခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ကျနော် ထောင်ချခံခဲ့ရပြီး ၂ နှစ်ကျော် အချိန်ဖြစ်သည့် ၁၉၉၄ ခုနှစ် သြဂုတ်လတွင် ယဉ်တိုက်ခံရပြီး သေဆုံးခဲ့သည်။ သူ၏ အိမ်အပြန်လမ်းတွင် လေတပ်ဝန်ထမ်းများကို ကြိုပို့သည့် ဟီးနိုးကားဖြင့် တိုက်ကြိတ်ခံခဲ့ရပြီး သေဆုံးခဲ့သည်။

ကွယ်လွန်ချိန်တွင် အမေသည် အသက ်၄၉ နှစ်သာ ရှိသေးသည်။ နောက်ဆုံးထွက်သက်မတိုင်ခင် သူမ၏အတွေးထဲတွင် ကျနော့်ကို နောက်တပတ် ထောင်ဝင်စာလာတွေ့ဖို့ အကြောင်းသာ ရှိနေမည်မှာ သေချာသည်။ (သူ၏ နောက်ထပ် သားတဦးမှာ ထိုစဉ်က ပြည်ပတွင် ရောက်ရှိနေခဲ့သည်။) ကျနော့်ကို စစ်ခုံရုံးက ထောင်ချခဲ့ကတည်းက အမေက ၂ ပတ်တခါ ထောင်ဝင်စာတွေ့ဖို့ကို တကြိမ်တခါမျှ ပျက်ကွက်ခဲ့ခြင်း မရှိပါ။ အမေ မသေဆုံးခင်အချိန်အထိ အားလုံးပေါင်း အကြိမ် ၆၀ ကျော် လာရောက်ခဲ့ပြီး ဖြစ်သည်။ ထောင်ဝင်စာလာတွေ့တိုင်း အမေသည် ကျနော့်အတွက်သာမက ကျနော့် မိတ်ဆွေ နိုင်ငံရေး အကျဉ်းသားများအတွက်ပါ အင်မတန် လိုအပ်သည့် အစားအစာ၊ ဆေးဝါးနှင့် အခြားပစ္စည်းများကို ယူဆောင်လာလေ့ရှိသည်။ တကယ်တော့ သူလာရောက်တွေ့ဆုံခြင်းက ကျနော့်အတွက် လိုအပ်သည့် ပစ္စည်းပစ္စယများသာမက ၁၀ နှစ်ကြာ ထောင်ဒဏ်ကျခံရမည့်ကာလအတွင်း ရှင်သန်ရပ်တည်နိုင်ဖို့အတွက် စိတ် ခွန်အားများကိုလည်း ပေးပါသည်။

စစ်အစိုးရလက်ထက် နိုင်ငံရေး အကျဉ်းသားတဦးနှင့် ပြည်ပြေးတဦး၏ မိခင်ဖြစ်ရခြင်းသည် သူမအတွက် အင်မတန် ခက်ခဲပြီး အန္တရာယ်ကြီးလှပါသည်။

မိသားစုကို စောင့်ရှောက်ရန် (ထောင်အတွင်းမှ ကျနော့်ကို ပံ့ပိုးနိုင်ရန်လည်း ဖြစ်ပါသည်) ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်ချိန်တွင် အမေသည် ရပ်ကွက်နှင့် မြို့နယ်မှ စစ်အစိုးရ အရာရှိများ၏ နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှုများ ကြုံတွေ့ရသည်။ စစ်ထောက်လှမ်းရေး အရာရှိများကလည်း နှောင့်ယှက် ခြိမ်းခြောက်ကြသည်။ သူတို့အတွက်တော့ အမေသည် အစိုးရကို အာခံသည့် အကျဉ်းသားတဦးနှင့် ပြည်ပြေးတဦး၏ အမေတယောက်ထက် မပိုပေ။ သို့သော်လည်း ထိုအခက်အခဲများကို နောက်ဆုံး အချိန်အထိ အမေ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။

တကယ်တော့ ကျနော့် မိခင်သည် ၁၉၆၂ မှ ၂၀၁၀ အတွင်း အာဏာရှင် အစိုးရ အဆက်ဆက်အောက်တွင် အလားတူ သို့မဟုတ် ပို၍ပင် ဆိုးရွားသော အခြေအနေများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သည့် မရေမတွက်နိုင်သော အမေများ၊ အစ်မ/ညီမများ၊ ဇနီးသည်များနှင့် အခြား အမျိုးသမီးများထဲမှ တယောက်သာ ဖြစ်ပါသည်။

တချို့သော အမျိုးသမီးများသည် ပို၍ပင် စွန့်စားခဲ့ကြပါသည်။ ၁၉ ရာစုနှစ်နှောင်းပိုင်း ဗြိတိသျှကိုလိုနီခေတ်၊ လွတ်လပ်ရေး မရမီနှင့် ရရှိပြီးနောက်ပိုင်း ခေတ်များနှင့် ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အာဏာရှင်နှင့် စစ်အစိုးရများကို ဆန့်ကျင်ပြီး လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီအတွက် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့ကြပါသည်။

ဖိနှိပ်ချုပ်ချယ်သည့် အဆိုပါ စနစ်ဆိုးများနှင့် အနိုင်ကျင့်တတ်သည့်သူများ၏ သားကောင် ဖြစ်ခဲ့ရသော မိခင်များ၊ ဇနီးများ၊ အစ်မ/ညီမများ နှင့် လက်တွဲဖော်များ မည်မျှရှိခဲ့သည်ကို ကျနော်တို့ သိနိုင်လိမ့်မည်မဟုတ်ပါ။ အဆိုပါအခက်အခဲများကို သူတို့ ဘယ်လို ကြိုးစားကျော်ဖြတ်ခဲ့ရသည်ဆိုတာကိုလည်း ကျနော်တို့ အပြည့်အဝ နားလည်သဘောမပေါက်နိုင်ပါ။

မြန်မာ့သမိုင်းတလျှောက်တွင် အမျိုးသမီးများက ဖိနှိပ်မှုကို တော်လှန်ပြီး ဒီမိုကရေစီကို တောင်းဆိုသည့် တိုက်ပွဲတိုင်းတွင် ရှေ့တန်းမှ အမြဲပါဝင်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရရှိစေခဲ့သည့် အမျိုးသားရေး လှုပ်ရှားမှုများ တလျှောက်တွင်လည်း အမျိုးသမီးများက တက်ကြွစွာ ပါဝင်ခဲ့ကြသည်။

လွတ်လပ်ရေး ပြန်လည်ရရှိသည်နှင့်အတူ နိုင်ငံရေးနှင့် အခြားသော ကဏ္ဍများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍက ယခင်ထက် ပို၍ အရေးပါလာခဲ့သည်။ သို့သော်လည်း ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတွင် သူတို့၏ အခန်းကဏ္ဍမှာ မှေးမှိန်သွားခဲ့ရသည်။ အမျိုးသားများသာ လွှမ်းမိုးသည့် အာဏာရှင်စနစ်တွင် အမျိုးသမီးများ ချောင်ထိုးခံခဲ့ရသည်။ အာဏာရှင်ဟောင်း ဦးနေဝင်း အုပ်စိုးခဲ့သော ၁၉၆၂ မှ ၁၉၈၈ အတွင်းကာလသည် အမျိုးသမီးများအတွက် “အမှောင်ခေတ်” ဟုဆိုလျှင် မမှားပေ။

သို့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုအတွင်းတွင် အာဏာရှင် အစိုးရကို ဖြုတ်ချရန် ကျနော်တို့ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြသည့်အခါ စာသင်ခန်းအတွင်းမှ ကျောင်းသူလေးများကလည်း အခြားသော အမျိုးသမီးများနှင့် အတူ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များက လှုပ်ရှားမှု၏ ရှေ့တန်းက ပါဝင်ခဲ့သည်မှာ မဝင်းမော်ဦးက ထင်ရှားသည့် သာဓကတခုပင်ဖြစ်ပါသည်။ စစ်တပ်က အာဏာသိမ်းပြီး နောက်တရက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့လယ်တွင် သေနတ်နှင့် ပစ်သတ်ခံရစဉ်က သူ့အသက် ၁၆ နှစ်သာ ရှိပါသေးသည်။

ကျနော်တို့နှင့်အတူ အကျဉ်းထောင်များတွင် ကာလကြာရှည်စွာ ဖမ်းဆီးထောင်ချခံခဲ့ရသူများထဲတွင် ရာပေါင်းများစွာသော အမျိုးသမီးများ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်း ပါဝင်ပါသည်။ အဆိုပါ အမျိုးသမီး အကျဉ်းသူများက အကျဉ်းထောင်များအတွင်းတွင် ခက်ခဲကြမ်းတမ်းမှုများကို မည်ကဲ့သို့ကျော်ဖြတ်ခဲ့သည်ဆိုခြင်းကို အချို့က အံ့သြကောင်း အံ့သြကြနိုင်ပါသည်။

ယခုအခါ အဆိုပါ အမျိုးသမီးများထဲက အချို့က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ပြည်သူက ရွေးချယ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းလွှတ်တော်များတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ လွှတ်တော် အရပ်ရပ်တွင် ယခုအခါ အမျိုးသမီးများက ၁၃ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သည်။ မည်သည့် အချိန်ကမျှ မရှိခဲ့သည့် အတိုင်းအတာ ဖြစ်သော်လည်း ကျေနပ်လောက်စရာ အဆင့်မဟုတ်သေးပါ။

သို့သော်လည်း မြန်မာပြည်သူအများစု(အမျိုးသားများရော အမျိုးသမီးများကပါ) က သူတို့၏ ခေါင်းဆောင် သို့မဟုတ် ကိုယ်စားလှယ်အဖြစ် အမျိုးသမီးများကို လက်ခံရန် အသင့်ရှိကြောင်း ၁၉၉၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ပြသခဲ့ကြပြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ ၂ ခု လုံးတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ တိုင်းရင်းသူ အမျိုးသမီး ကိုယ်စားလှယ်လောင်း တွေလည်း သူတို့၏ မဲဆန္ဒနယ်များတွင် အနိုင်ရရှိခဲ့ကြသည်။

အာဏာရှင်နှင့် စစ်အစိုးရများကြောင့် ဆယ်စုနှစ် ၅ ခုနီးပါး ဖိနှိပ်ခံခဲ့ရသည့် မြန်မာနိုင်ငံတွင် ရှေးရိုးစွဲ ခေတ်နောက်ကျသည့် နိုင်ငံရေးနှင့် လူမှုရေးစံနှုန်းများကို ဖက်တွယ်ထားသူ အများအပြား ရှိနေသည်မှာ သေချာပါသည်။

အမျိုးသမီးများ၏ ကြိုးစားအားထုတ်မှု၊ စွန့်လွှတ် အနစ်နာခံမှုနှင့် အောင်မြင်မှုများကို အသိအမှတ်ပြု လက်ခံသူတဦး ဖြစ် လာရန် သူတို့၏ ကျဉ်းမြောင်းသည့် အမြင်နှင့် စိတ်နေစိတ်ထားများကို ပြောင်းနိုင်ရမည် ဖြစ်သည်။ အဖွဲ့အစည်းများနှင့် လက်ရှိအုပ်ချုပ်နေသည့် အစိုးရအနေဖြင့်လည်း အမျိုးသမီးများ၏ အခန်းကဏ္ဍများကို မြှင့်တင်ပေးနိုင်ရန် မူဝါဒ သို့မဟုတ် ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်ပါလိမ့်မည်။ သို့မှသာ မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းကျော်၏ တဝက်ကျော်သော သူတို့၏ ခွန်အားနှင့် စွမ်းရည်များကို မိသားစုကို စောင့်ရှောက်ခြင်းတွင်သာမကဘဲ နိုင်ငံကို ပိုကောင်းသည့် အနာဂတ်အတွက် တည်ဆောက်ရာတွင် အပြည့်အ၀ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ကျော်စွာမိုး၏ Remembering Myanmar’s Unsung Heroes — Its Women  ကို ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading