မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရေနံ လက်ယက်တွင်းတွေကနေ ရတဲ့ အခွန် သန်းပေါင်း များစွာ ပြဿနာ ပေါ်ခဲ့ ဖူးတယ်။ တာဝန်ရှိတာကတော့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပေါ့။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ကန့်သတ်ချက်သာ မရှိဘူးဆိုရင် ၆/၁ တို့၊ အပက (၃) တို့နဲ့ အရေးယူပြီး ထောင်ဒဏ် များစွာ ချနိုင်တယ်။
ဒါပေမယ့် အဲဒီလိုငါးကြီးကို ကြော်လို့ မဖြစ်သေးဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကလည်းရှိ၊ ပြည်ထဲရေး ဝန်ကြီးဌာန ကလည်း လူထုရွေးကောက်တာ မဟုတ်ဘဲ အထက်ကနေ လာတာဖြစ်တာကြောင့် အရေးမယူနိုင်ဘူး။
အဲဒီလိုပြဿနာတွေ တိုင်းနဲ့ ပြည်နယ်တိုင်းမှာ မရှိဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ ဘယ်သူမှ အာမမခံနိုင်ဘူူး။ ရှိလည်း ရှိခဲ့ကြတာပဲ၊ စိန်စီတဲ့ညတွေ၊ မြစီတဲ့ ညတွေ ဘယ်လောက် များပြားခဲ့သလဲ ဆိုတာ ရာစုနှစ်တဝက် ဂုတ်သွေး စုပ်ခံလာရတဲ့ ပြည်သူတွေပဲ သိပါတယ်။
မင်္ဂလာဆောင်မှာ လက်ဖွဲ့အဖြစ် မော်တော်ကား သော့တွဲတွေ တန်းစီပြီး ရရှိခဲ့တာတွေလည်း ရှိကြပါတယ်။ အခုခေတ် မှာ လက်ဖွဲ့ခြင်း သည်းခံပါဆိုတဲ့ ထိပ်ပိုင်း မင်္ဂလာဆောင်မျိုးက ခပ်ရှားရှား၊ သော့တွဲရရင်တောင် နည်းသလားဆိုတဲ့ မင်္ဂလာပွဲမျိုးတွေလည်း ရှိနေပါဦးမယ်။ အရင်ခေတ်ဟောင်းက ရုပ်ရှင်သရုပ်ဆောင်ကြီး ဦးကျော်သောင်း ပြောသလို “လူရိုးဆိုတာ သချႋုင်းကုန်းမှာပ ဲရှိတယ်ကွ” ဆိုတဲ့စကားကို အမှတ်ရနေမိပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စာတမ်း ဖတ်ပွဲမှာ ဒေါက်တာ ဦးမြင့်က “ငါးကြီးတွေကြော်ပါ၊ ကြော်တဲ့ငါးဟာလည်း ကိုယ့်ရေကန်ထဲက ငါးပဲဖြစ်စေချင်တယ်” ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး အဖွဲ့ဝင်(ငြိမ်း) ဦးမြသိန်းက “ဆရာကြီး ဒေါက်တာ ဦးမြင့်ကပြောတယ်တယ်၊ ငါးကြီးတွေ ကြော်ပါတဲ့၊ ငါးကြီးတွေကလည်း မြင်တယ်၊ ကော်မရှင်ကလည်း စားချင်တယ်၊ ဒါပေမယ့် ဆီပြဿနာ” လို့ ပြောလိုက်တဲ့ မှတ်ချက်ကို အာဏာရှိတဲ့ အစိုးရထိပ်ဆုံးက ခေါင်းဆောင်တွေ သတိထားမိဖို့ လိုပါတယ်၊ စဉ်းစားဖို့လိုပါတယ်။
“ဆီပြဿနာ” ကိုခင်ဗျားတို့တွေ ဘယ်လို ဖြေရှင်းပေးမလဲ၊ ခင်ဗျားတို့ ကိုယ်တိုင်ရော တကယ်ကြော်ချင်ရဲ့လား၊ တကယ်ကြော်ရဲရင် ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ဖြတ်ရဲတဲ့ သတ္တိမျိုးရှိမှ အဂတိလိုက်စားမှုကို တိုက်ဖျက်ရဲမှာပေါ့။
အဲဒီစာတမ်းဖတ်ပွဲမှာ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ကတော့ “ရာထူးရတာနဲ့ ဘာရမလဲပြောတယ်၊ ဘယ်လို အခွင့် အရေးတွေ ရမလဲ၊ ကားဘယ်နှစ်စီး စီးရမလဲ၊ အိမ်ဘယ်နှစ်လုံး ရမလဲ၊ အရင်စပြောတယ်၊ တကယ်တန်းတော့ ရာထူးရတာနဲ့ ငါဘာလုပ်ပေးရမလဲက စရမှာ၊ ကျနော် အခုလုပ်ငန်းတွေ ကုမ္ပဏီတွေမှာ ပြောပါတယ်၊ ဝန်ထမ်းတွေ လျှောက်တဲ့အခါမှာ လခ ဘယ်လောက် ရမလဲ၊ အခွင့်အရေး ဘယ်လောက်ရမလဲ မမေးနဲ့၊ ကျနော် ဘာလုပ်ပေးရမလဲ ဆိုတာ မေးပါ၊ ကျနော်တို့နိုင်ငံကြီး ပြောင်းလဲချင်ရင်တော့ Giving Culture ပြောမှ ရမယ်၊ အခုဖြစ်နေတာက Getting Culture ဖြစ်နေတာ ဝမ်းနည်းဖို့ ကောင်းပါတယ်၊ လူတယောက် ကားသုံးစီး တကြိမ်တည်း ဘယ်လိုစီးလဲ၊ လူ တယောက် အိမ်နှစ်လုံး ဘယ်လိုအိပ်လဲ၊ ကျနော်တို့ Culture ကို မပြင်နိုင်သရွေ့ Corruption ရှိနေမှာပဲ” လို့ ပြောသွား ပါတယ်။
မှန်ပါတယ်၊ ကျနော်တို့ဆီမှာ Culture လိုဖြစ်နေတာကို ဝန်ခံပါတယ်၊ ဒါပေမယ့် အဲဒီ Culture ကို ဘယ်သူက ဖန်တီးခဲ့၊ အကျင့်လုပ်ခဲ့သလဲ ဆိုရင်တော့ အုပ်စိုးသူတွေနဲ့ အာဏာရ အစိုးရတွေပါပဲ။
အာဏာရှိတဲ့သူက၊ လုပ်ပိုင်ခွင့် ပေးနိုင်တဲ့သူက လာဘ်ပေးမှ လုပ်လို့ရအောင် ဗြောင်ကျကျ လာဘ်ယူခဲ့၊ ဖန်တီးခဲ့ တာကြောင့် ဒီယဉ်ကျေးမှုဆိုတာ ယခုထက်ထိ ဆက်လက် တည်ရှိနေတာပါပဲ။
တဆက်တည်း ပြောရရင် ငါးကြီးကြီးကြော်ဖို့ ကိစ္စကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က –
“ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုရင်တော့ ကျနော်တို့ လက်ရှိ တည်ဆဲဥပဒေအရ ဆိုရင်တော့ Big Fish ကိုရစရာ တွေ့စရာ အကြောင်းမရှိဘူး၊ တကယ်တမ်း လက်တွေ့လုပ်မယ် ဆိုရင် သူ့ရဲ့ ကန့်သတ်ချက်တွေ အများကြီးရှိတယ်၊ ကျနော်တို့က အသေးအဖွဲ လာဘ်ပေးလာဘ်ယူ ကိစ္စမျိုးလောက်ပဲ ကိုင်တွယ်နိုင်ဖို့ ရှိပါတယ်”လို့ ပြောသွားတာကို သတိချပ် ဆင်ခြင်ကြရပါလိမ့်မယ်။
မြို့နယ်လောက် အဆင့်ရှိတဲ့ အမှုထမ်းတွေ၊ အရာရှိတွေကိုပဲ အရေးယူချင် ယူနိုင်လောက်တယ်၊ တိုင်းအဆင့်၊ ဗဟို အဆင့်၊ နောက်ဆုံး ထိပ်ဆုံးနေရာတွေအထိ အရေးယူချင်ရင်ကော ရပါ့မလား။
အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ တံတိုင်းကြီးတွေနဲ့ ကန့်သတ်လိုက်ရင် မကွေးတိုင်း ရေနံ လက်ယက်တွင်း အခွန် ကိစ္စလိုရော မဖြစ်ဘူးလို့ တာဝန်ရှိသူတွေ အာမခံရဲရဲ့လား။
တရုတ် ကွန်မြူနစ် ပါတီကတော့ အဂတိလိုက်စားမှု တိုက်ဖျက်တဲ့ နေရာမှာတော့ ယနေ့ကမ္ဘာမှာ နံပါတ် တစ်ပဲ၊ ပြတ်ပြတ် သားသားကို တိုက်တာပါ။
ဒါပေမယ့် တရုတ်နိုင်ငံ ၁၉၄၉ တရုတ်ပြည်သစ် ထူထောင်ပြီးကတည်းက အဂတိလိုက်စားမှုဟာ Culture ဖြစ်မနေ တော့ ဘူး၊ စီးပွားရေးစနစ်အရ အဲဒီလို အနေအထားလည်း မရောက်ခဲ့ပါဘူး။ တိန့်ရှောင်ပင် ခေတ်ကစပြီး လွတ်လပ် တဲ့ စီးပွားရေးစနစ် တည်ဆောက်တဲ့အခါ အဂတိလိုက်စားမှုလည်း ထပ်ကြပ်မကွာ ပါလာတာပဲ၊ ပါတီကတော့ ပါတီ စည်းကမ်း၊ ပါတီ ဥပဒေတွေနဲ့ စနစ်တကျ ရှိနေတာကြောင့် ပြည်သူရဲ့ငွေ၊ ပြည်သူရဲ့ဘဏ္ဍာအတွက် ဆိုရင် ပုဂ္ဂလိက မျက်နှာကို ကြည့်နေမှာ မဟုတ်ဘူး၊ ဘယ်ခေါင်းဆောင် ဘယ်ပုဂ္ဂိုလ်ကိုမှလည်း ထောက်ထားမှာ မဟုတ်ဘူး။
ဈေးကွက်စီးပွားရေး စနစ်မှာ လာဘ်ပေးလာဘ်ယူမှုက ကပ်ပါလာတယ်။ ပါတီ ခေါင်းဆောင်တွေကလည်း ပြင်းပြင်း ထန်ထန်ကို အရေးယူ အပြစ်ပေးခဲ့ပါတယ်။
ပြတင်းပေါက်တွေ ဖွင့်လိုက်လို့ လေကောင်းလေသန့်တွေ ဝင်လာရင် ခြင်တွေ ယင်တွေနဲ့ ပိုးမွှားတွေလည်း ဝင်လာတာ ကို တရုတ်ပြည်သူတွေက လက်ခံလိုက်ကြပါတယ်။
ဒါပေမယ့် ခြင်တွေ၊ ယင်တွေနဲ့ ပိုးမွှားတွေကိုတော့ ခြင်ဆေးရည်တွေ၊ ခြင်ရိုက်တံတွေနဲ့ သတ်ပစ်ကြရမှာကို လက် မတွန့် ကြပါဘူး။ ခြင်လည်းသတ်ချင် ငရဲကြီးမှာလည်း ကြောက်ရင်တော့ မဖြစ်ပါဘူး။
အမျိုးသား ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာတွေနဲ့လည်း ဖုံးကွယ်မနေကြပါနဲ့တော့၊ အရင် ကတည်းက ကျနော်တို့ဆီမှာ အစဉ်အလာရှိနေတာက မှတ်ပုံတင်တို့၊ သန်ခေါင်စာရင်းတို့ လုပ်ရင် ပိုက်ဆံပေးရတာပဲ၊ အခုဆိုရင် သောင်းဂဏန်း ပေးနေရဆဲပဲ။
ဦးသိန်းစိန် အစိုးရတုန်းကလည်း ပေးရတယ်၊ NLD အစိုးရမှာလည်း ပေးရတာပဲ။ ဝန်ထမ်းတွေကလည်း ဒီဝန်ထမ်းတွေ ပဲ၊ ယန္တရားကလည်း ဒီယန္တရားပဲ၊ အပေါ်က ပုဂ္ဂိုလ်တွေ အောက်ဆင်း ကြည့်စေချင်တယ်၊ ရှင်ဘုရင်တွေ ရုပ်ဖျက်ပြီး တိုင်းပြည်အကြောင်း စနည်းနာသလို အတွင်းကျကျ လေ့လာကြည့်ပါ။
ကျနော်တို့ အမှန်တရားကို ရေးနေတယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။ မလိုလို့ ရေးနေတာ မဟုတ်၊ ကိုယ်ကိုယ် တိုင် လက်သန်း မင်စွတ်ပြီး မဲပေးခဲ့တဲ့ အစိုးရကို မကြည်ဖြူလို့ ရေးနေတာ မဟုတ်ဘူး ဆိုတာကို သဘောပေါက်ပါ လိမ့်မယ်။
Park Royal ဟိုတယ်မှာ ကျင်းပတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စာတမ်းဖတ်ပွဲမှာ စာတမ်းရှင် ဒေါက်တာ ဦးမြင့် က –
“အဂတိလိုက်စားမှုကို အကြမ်းအားဖြင့် ဖြစ်တောင့်ဖြစ်ခဲ အဂတိလိုက်စားမှု (Rare corruption)၊ အနှံ့အပြား သဘော ဆောင်သော အဂတိလိုက်စားမှု (Wide spread corruption)၊ စနစ် တခုလုံးလိုလို အဂတိလိုက်စားမှု (Systemic corruption) ဟူ၍ ခွဲခြားနိုင်ကြောင်း၊ ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတာက (systemic corruption) နဲ့ ပရမ်းပတာ အဂတိ လိုက်စားမှု (Chaotic corruption) အဲဒါဖြစ်နေတာ” လု့ိ ပြောသွားပါတယ်။
အမှန်ပါပဲ၊ အဂတိလိုက်စားတာ Culture ဖြစ်နေတာလည်း အမှန်ပါပဲ၊ အဲဒါကို တကယ် တိုက်ဖျက်ချင်တယ် ဆိုရင် အဖေအမေက အစ၊ မွေးစား အဖေရော၊ အမေရော၊ ရာထူးပေးထားတဲ့ သူတွေရော ဘယ်သူ့ကိုမှ မထောက်ထားဘဲ “ခြေတလှမ်း ကနေ စလှမ်းကြ” ဖို့ လိုပါတယ်။
ဒါပေမယ့် ဒေါက်တာ အောင်ထွန်းသက်က “ဦးအောင်ကြည်ဥက္ကဋ္ဌ လုပ်တော့ သူ့ကိုလည်း ကျနော်တို့က ယုံကြည်မှု အပြည့် ရှိတယ်၊ သူ့ရဲ့ ဦးဆောင်မှုနဲ့ ပိုပြီး ထိရောက်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်၊ ဥက္ကဋ္ဌကြီးနဲ့ အဖွဲ့ဝင် တွေ ကြောင့် နောင်တချိန်မှာ ၂၈ ကနေ ၅၀၊ ၅၀ ကနေ ၉၀၊ ၉၀ ကနေ၊ ၁၀၀ ဖြစ်အောင် တခြားနိုင်ငံ မရနိုင်တဲ့ နေရာ ရအောင် လုပ်ကြည့်ရအောင်” လို့ ပြောသွားတဲ့ စကားကိုတော့ စောဒက တက်ရလိမ့်မယ် ထင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဥက္ကဋ္ဌဖြစ်သူဟာ အကျင့်ပျက် ခြစားမှုတွေ၊ အလွန့်အလွန် ဆိုးဝါးနေတဲ့ ကာလ စစ်အစိုးရ လက်ထက်မှာလည်း ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့တယ်။
အဲဒီတုန်းက အခြေအနေတွေကို သူသိပါလိမ့်မယ်၊ သူဟာ ရိုးသားဖြူစင်တဲ့သူ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်၊ ကော်မတီဝင် တွေ ဟာလည်း ရိုးသား ဖြောင့်မတ်တဲ့သူတွေ၊ အဂတိလိုက်စားမှု ကင်းတဲ့သူတွေ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံက ကန့်သတ်ထားတဲ့ ဥပဒေတွေ ရှိနေရင်တော့ အဲဒီ ကော်မရှင် ဥက္ကဋ္ဌရော၊ အဲဒီ ကော်မရှင် ကရော ဘယ်လောက်ထိ ပြတ်ပြတ် သားသား လုပ်နိုင်ပ့ါမလဲ။
ငါးကြီးကြီးတွေ ကြော်ဖို့ နေနေသာသာ ငါးကြီးကြီးတွေအကြောင်း ပြောဖို့တောင် ခက်ခဲနိုင်ပါတယ်။ အရေးကြီးတာက အကျင့်ပျက်မှုတွေ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်လာနိုင်ရင် တရားဥပဒေ စိုးမိုးလာနိုင်တယ်၊ တရားဥပဒေ စိုးမိုး ရေးက တိတိကျကျ ပြတ်ပြတ်သားသား ဖြစ်မှလည်း အဂတိလိုက်စားမှုတွေကို တိုက်ဖျက်နိုင်မှာပါ။ ဒါကို နားလည်ဖို့ လိုပါတယ်။
အခုငြိမ်းချမ်းရေး တည်ဆောက် နေသလိုပါပဲ။ တဖက်နဲ့တဖက် ယုံကြည်မှုကိုလည်း မတည်ဆောက်နိုင်၊ ပါးစပ်ကပဲ ငြိမ်းချမ်းရေး ပြောပြီး လက်က စစ်တိုက်နေရင်တော့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။
တိုင်းရင်းသားတွေကို ယူဖို့ မစဉ်းစားနဲ့၊ ပေးဖို့ပဲ စဉ်းစားပါပြောပြီး ကိုယ့်ဘက်ကတော့ ယူဖို့ပဲ စဉ်းစားနေရင်တော့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။
ဒီလိုပါပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွက် လုပ်ပိုင်ခွင့်တွေ အပြည့်အဝ ပေးရမယ်၊ ကော်မရှင် ကိုယ်တိုင် တကယ့်ကို အဂတိမှု ကင်းပြီး ရိုးသားဖြောင့်မတ်တဲ့သူတွေ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ ပြည်သူ့မျက်နှာ၊ တိုင်းပြည်မျက်နှာ ကိုသာ ကြည့်မယ့်သူတွေ ဖြစ်မယ်ဆိုရင် အောင်မြင်နိုင်ပါလိမ့်မယ်။ ။