လက်နက်ကိုင် ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း
ပြည်တွင်းစစ်ဆိုတာကို ပညာရှင်တွေက ပြဿနာအဖြေများ၊ ရလဒ်များ၊ နိုင်ငံရေးနဲ့ လူမှုရေး နောက်ဆက်တွဲများ၊ အသွင်ကူးပြောင်းရေးကာလ တရားဝင်မှုနဲ့ ပြန်လည်သင့်မြတ်ရေး ဆိုပြီး ရှုထောင့်မျိုးစုံကနေ အမျိုးအစားများစွာ ဖော်ထုတ် ထားပေမယ့် အဓိက ရှုထောင့်ကတော့ လက်နက်ကိုင် ပဋိပက္ခ (Armed conflict) တွေရဲ့ ပြည်တွင်းရေး သဘော သဘာဝသာ ဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခဆိုတာ အစုအဖွဲ့ နှစ်ခုအကြားမှာ လက်နက်ကိုင်တပ်ဖွဲ့များ အသုံးပြုပြီး တိုက်ပွဲကျဆုံးသူဦးရေ အနည်းဆုံး ၂၅ ဦး ရှိခဲ့စေတဲ့ ပဋိပက္ခဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပွားလျက်ရှိပါတယ်။ ဒီပဋိပက္ခတွေမှာ နိုင်ငံတော်အစိုးရတွေနဲ့ အစိုးရ မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ အကြား ပြည်ပနိုင်ငံတွေမှာ ဖြစ်ပွားတဲ့ (Extra-state armed conflicts)၊ အစိုးရ နှစ်ခုနဲ့ နှစ်ခုထက်ပိုတဲ့ အစိုးရများ အကြားမှာ ဖြစ်ပွားတဲ့ နိုင်ငံများကြားက လက်နက်ကိုင် ပဋိပက္ခများ (Inter-state armed conflicts)၊ အစိုးရများနဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အစုအဖွဲ့များ အကြားမှာ ဖြစ်ပွားတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ (Intrastate armed conflicts) ဆိုပြီး အမျိုးအစားများစွာ ရှိပါတယ်။
သို့ပေမယ့် ၁၉၄၆ ခုနှစ် နောက်ပိုင်း ကာလတွေမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခ အများစုကတော့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေသာ ဖြစ်ပါတယ်။ ဒီလို အများအပြား ဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနဲ့ ပြည်တွင်းစစ်များရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း ကြီးမားလှပါတယ်။
နိုင်ငံရေးပညာရှင် Licklider က ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ပြဿနာဖြစ်တဲ့၊ ပြည်တွင်းစစ် ဒဏ်ခံရတဲ့ တိုင်းပြည်တခုရဲ့ ပုံရိပ်တွေကို ဖော်ပြထားရာမှာ စီးပွားရေး အဆောက်အအုံ ပြိုလဲတာ၊ ကုန်သွယ်မှုများ ရပ်ဆိုင်းကုန်တာ၊ ငွေကြေးဖောင်းပွမှု ဖြစ်တာ၊ စိုက်ပျိုးရေးကဏ္ဍ ပျက်စီးတာ၊ အလုပ်လက်မဲ့ ပြဿနာ ကြီးထွားလာတာ၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေ နည်းပါးလာတာ၊ ပြည်ပ ပို့ကုန်တန်ဖိုးလျော့လာတာ၊ တိုင်းပြည်ရဲ့ လူ့အဖွဲ့အစည်းအတွင်း မတူညီတဲ့ အဖွဲ့အစည်းများ အပေါ် ဘက်လိုက် ကွဲပြားမှုတို့ ဖြစ်ပေါ်တာ၊ လက်နက်တွေ ပျံ့နှံ့နေတာ၊ အစိုးရအပေါ်မှာ လူထုက အကြည်ညို ပျက်တာ၊ လူငယ်များဟာလည်း တိုက်ခိုက်ရေး၊ သတ်ဖြတ်ရေး၊ စစ်ရေး စွမ်းရည်တွေက လွဲပြီး တခြား လူ့စွမ်းအားတွေ ကင်းမဲ့နေတာ စတဲ့အချက်တွေကို မီးမောင်းထိုးပြထားပါတယ်။
ဒါတင်မကဘဲ နိုင်ငံရေး ဖြစ်စဉ်တွေကို အများပြည်သူက ယုံကြည်မှု လျော့နည်းတာ၊ လက်နက်ကိုင် တပ်ဖွဲ့တွေ တခုထက် ပိုပြီး ရှိနေတာ၊ မိမိတို့ အစုအဖွဲ့အပေါ် အတိုက်အခံပြုမှုတွေကို သည်းမခံနိုင် ဖြစ်တာ၊ ဒီမိုကရေစီ နည်းကျကျ ဆွေးနွေး ပြောဆိုတတ်မှု မရှိတာ၊ ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေး အဖွဲ့တွေကို တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်တဲ့ အဓိက အဖွဲ့အစည်းတွေအနေနဲ့ မမြင်ဘဲ ပြဿနာထဲက အစိတ်အပိုင်းအဖြစ် တချို့က မြင်လာတာ စတဲ့ ပြဿနာ များစွာလည်း ရှိလာနိုင်ပါသေးတယ်။
ဒါတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေရဲ့ တိုင်းပြည်အပေါ် သက်ရောက်လာတဲ့ ဆိုးကျိုးတွေ ဖြစ်ပြီး ပြည်တွင်းစစ် ပြီးဆုံးသွားချိန်မှာတောင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ပြန်လည် ထူထောင်ရေး လုပ်ဖို့အတွက် နှစ်ပေါင်းများစွာ အချိန် ပြန်ယူကြရပါတယ်။
ဒီလိုဆိုးရွားစွာ သက်ရောက်မှုတွေ ဖြစ်စေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အကြားမှာ ပြည်သူအများ ဒုက္ခ ရောက်ကြရ ပါတယ်။ အဆိုးရွားဆုံး သက်ရောက်ခံရသူတွေကတော့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခတွေ အကြားမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
၁၉၉၃ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ “အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး” ကြေညာချက်က Article (1) နှင့် (2) အရ ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုဆိုတာဟာ “လူတဦး၏ လူမှုဘဝတွင် သို့မဟုတ် ပုဂ္ဂလိက ဘဝတွင် ထိုသူသည် အမျိုးသမီးဖြစ်ခြင်းကို အကြောင်းပြု၍ဖြစ်စေ၊ အမျိုးသားဖြစ်ခြင်းကို အကြောင်းပြု၍ဖြစ်စေ မိမိ၏ လွတ်လပ်မှုကို ထိပါးချိုးဖောက်စေရန် ခြိမ်းခြောက်ခံရခြင်း၊ အင်အားသုံး အနိုင်အထက်ပြုကျင့်ခံရခြင်း စသည့် လုပ်ရပ်များကြောင့် ကိုယ်ကာယအားဖြင့် ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာအားဖြင့် ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအားဖြင့့် ဖြစ်စေ ဒုက္ခဝေဒနာ ခံစားရခြင်းကို ဖြစ်ပေါ်စေသော မည်သည့် အပြုအမူမျိုးကို မဆို” လို့ ဆိုထားပါတယ်။
ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုများမှာ အကျုံးဝင်တဲ့ အပြုအမူများစွာ ရှိပါတယ်။ မိသားစုအတွင်း ကိုယ်ထိ လက်ရောက် အားဖြင့်သော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာ အားဖြင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အားဖြင့်သော်လည်းကောင်း ကျူးလွန်လေ့ရှိတဲ့ အကြမ်းဖက်မှုများဖြစ်တဲ့ ထုထောင်းရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း၊ အိမ်ထောင်စုအတွင်း ကလေးသူငယ်များကို လိင်ကိစ္စမှာ အသုံးချခြင်းတွေအပြင် သတို့သမီးက သတို့သားဘက်ကို သတို့သားကြေး ပေးအပ်ရခြင်း စတဲ့ ဓလေ့ဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် အိမ်ထောင်ဘက်ကို အလိုမတူဘဲ အဓမ္မပြုကျင့်တာ၊ မလိင်အင်္ဂါ ဖြတ်တောက်တာနဲ့ အမျိုးသမီး များကို ထိခိုက် ခံစားရစေတဲ့ တခြားသော ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ အိမ်ထောင်ဘက် မဟုတ်သူရဲ့ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှုနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပွားလေ့ရှိတဲ့ ကိုယ်ထိလက်ရောက် ကျူးလွန် စော်ကားမှုတွေကိုလည်း ဆိုလိုပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်တဲ့ မုဒိမ်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ အလုပ်ခွင်နဲ့ ပညာရေး အင်စတီကျူးရှင်းတွေမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ ခြိမ်းခြောက်မှုတွေ အပြင် အမျိုးသမီးတွေကို လူမှောင်ခိုကူးတာ၊ လိင်လုပ်သားအဖြစ် အတင်းအကြပ် စေခိုင်းခံရတာ စတာတွေ ဖြစ်ပါတယ်။
ဒီလို အကြမ်းဖက်မှုတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပွားနေလေ့ရှိပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနေရာတွေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေက ပိုမိုဆိုးဝါးစွာ ပေါ်ပေါက်လာလေ့ရှိပါတယ်။ လက်နက်ကိုင် ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များစွာရှိတဲ့အနက် ထင်ရှားတဲ့ ဖြစ်ရပ်တချို့ကို ဖော်ပြပါမယ်။
၁၉၉၃ ခုနစ်မှာ စစ်နဲ့လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ ရာဇတ်ဝတ်မှု မှတ်တမ်းတင်ရေး အဖွဲ့တခုဖြစ်တဲ့ Zenica Center ရဲ့ မှတ်တမ်းတွေ အရ ဘောဇနီးယားနဲ့ ဟာဇီကိုဗေနီးယား စစ်ပွဲတွေနဲ့ ဆက်စပ်ပြီး မုဒိမ်းမှုပေါင်း ၄ဝ,ဝဝဝ လောက် ဖြစ်ပွားခဲ့ပါတယ်။
ဆားဗီးယား ဒေသမှာ ပဋိပက္ခ ရေချိန်မြင့်မားနေချိန် ၁၉၉၈ နဲ့ ၁၉၉၉ ကာလတွေက ကိုဆိုဗာအလီဘဲနီးယန်း အမျိုးသမီးပေါင်း ခန့်မှန်းခြေ ၂၃၂,ဝဝဝ နဲ့ ၄၅,၆ဝဝ ဟာ မုဒိမ်းမှုကျုးလွန်ခြင်းကို ခံခဲ့ရပါတယ်။
၂ဝဝ၃ ခုနှစ်မှာ ဆီးရီးယားလီနွင် ဒေသမှာ နေရပ်ရှောင် ထွက်ပြေးလာကြတဲ့ လိုင်ဘေးရီယန်း ဒုက္ခသည် စုစုပေါင်း ၃၃၈ (ခန့်မှန်းခြေ) အနက် ၇၄ ရာခိုင်နှုန်းရှိတဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်မှုကို ခံခဲ့ရပါတယ်။ အဲဒီက ၅၅ ရာခိုင်နှုန်းခန့်ဟာ စစ်ပြေးရှောင်နေစဉ် ကာလအတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားခံခဲ့ရပါတယ်။
၂ဝဝဝ ပြည့်နှစ်မှာ စနစ်တကျ ပြုလုပ်ထားတဲ့ လေ့လာချက်များအပေါ်အခြေခံပြီး သုတေသီများက ဆီးရီးယားလီနွင် ပဋိပက္ခအတွင်း စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ အမျိုးသမီးများအနက် ၅ဝ,ဝဝဝ နဲ့ ၆ဝ,ဝဝဝ (ခန့်မှန်းခြေ) ဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ခံစားခဲ့ရပါတယ်။
၂ဝဝ၄ ခုနစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ရဲ့ ကောက်ယူရရှိတဲ့ စာရင်းများအရ ဘူရန်ဒီယန် အမျိုးသမီး စုစုပေါင်း ၁,၅၇၅ ခန့်အနက် ၁၉ ရာခိုင်နှုန်းခန့်သော အမျိုးသမီးများဟာ မုဒိန်းမှု ကျူးလွန်ခြင်းတွေကို ခံခဲ့ရပါတယ်။ ၄ဝ ရာခိုင်နှုန်းသော အသက်မပြည့်တဲ့ အမျိုးသမီးတွေက မုဒိမ်းမှုတွေကို သိရှိပြီး သက်သေအဖြစ်လည်း ထွက်ဆိုခဲ့ကြပါတယ်။
၂ဝဝ၃ ခုနစ်မှာ ကာတာဂျီးနီးယားမှာ နေရပ်စွန့်ခွာထွက်ပြေးတဲ့ အမျိုးသမီး ၄၁ဝ ခန့်အနက် ၈ ရာခိုင်နှုန်းခန့်သော အမျိုးသမီးတွေဟာ နေရပ် မစွန့်ခွာမီကတည်းက လိင်ပိုင်ဆိုင်ရာ အနိုင်ကျင့်စော်ကားမှုကို နည်းလမ်းပေါင်းစုံ တွေ့ကြုံ ခံစားခဲ့ရပြီး ၁၁ ရာခိုင်နှုန်းသော အမျိုးသမီးတွေကတော့ နေရပ်စွန့်ခွာနေစဉ် ကာလအတွင်း ဒုက္ခသည်စခန်းများမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို တွေ့ကြုံခံစားခဲ့ရပါတယ်။
၂ဝဝ၄ ခုနစ် အောက်တိုဘာလနဲ့ ၂ဝဝ၅ ခုနစ် ဖေဖော်ဝါရီလအတွင်း Medicines Sans Frontieres (MSF) အဖွဲ့က ဒါဖာနဲ့ ဆူဒန်ဒေသတို့မှာ မုဒိမ်းမှုကျုးလွန်ခံခဲ့ရတဲ့ ဒုက္ခသည်ပေါင်း ၅ဝဝ ခန့်ကို ဆေးဘက်ဆိုင်ရာ ကုသမှုများပေးခဲ့ရပါတယ်။
တကယ်တော့ မုဒိမ်းမှုကျူးလွန်ခံရတဲ့ အမျိုးသမီး အရေအတွက်က ဒီထက်ပိုမြင့်တက်နေပြီး MSF အနေနဲ့လည်း ကျူးလွန်ခံရတဲ့ အမျိုးသမီးအားလုံးကို ဆေးဘက်ဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ အလုံအလောက် ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
၁၉၈၉ နဲ့ ၁၉၉၇ ကာလများအတွင်းမှာ နိုင်ငံပေါင်း ၆၉ နိုင်ငံခန့်မှာ လက်နက်ကိုင် ပဋိပက္ခပေါင်း ၁ဝ၃ (ခန့်မှန်းခြေ) ဖြစ်ပွားခဲ့ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် နေရပ်စွန့်ခွာကြတဲ့ အရပ်သားတွေလည်း ၇၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားလာတာနဲ့အမျှ လူသားတွေရဲ့ လူမှုဝန်းကျင်ဆိုင်ရာ တန်ဖိုးစံတွေနဲ့ ကျင့်ဝတ်ဆိုင်ရာ စောင့်ထိန်းမှုတွေကို လျော့ကျစေနိုင်ပြီး ပိုမိုဆိုးရွားတဲ့ အကြမ်းဖက်ဖြစ်စဉ်များဆီကို ဦးတည်စေတတ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ အတွင်းမှာ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို မြင့်တက်လာစေဖို့ တွန်းအားဖြစ်စေတဲ့ အကြောင်းအရာ များစွာ ရှိလာပါတယ်။
ဒေသတွင်းမှာ စစ်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားနေရင် အမျိုးသား တဦးအနေနဲ့ စစ်ပွဲရဲ့ မတည်မငြိမ်မှုတွေကို အခွင့်ကောင်း ယူပြီး အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ပြစ်ဒဏ်ကျမှာ ကြောက်ရွံ့ခြင်းမရှိဘဲ ကျူးလွန်လေ့ ရှိကြပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် လူဦးရေ မတည်ငြိမ်မှုတွေ ဖြစ်ပွားစေလိုတာ၊ ဒေသတွင်း မိသားစုတွင်း ခိုင်မြဲမှုတွေကို ပြိုကွဲစေလိုတာ စတဲ့ ဖြစ်စဉ်များအထိ စနစ်တကျနဲ့ ဖြစ်ပွားစေနိုင်ပါတယ်။ တချို့ မုဒိမ်းမှုတွေက လူထုရှေ့မှာ အရှက်တကွဲဖြစ်စဉ်များအထိ ဖြစ်စေတတ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေကို ဒေသတွင်း သို့မဟုတ် တဖက် လက်နက်ကိုင် တပ်တွေကို ဦးတည်ပြီး စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့လာစေဖို့ လက်နက်အဖြစ် အသုံးချကြပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး တခြားတဖက်က လူတွေကို မိမိတို့ပေးလိုတဲ့ သတင်းစကားတွေကို ပေးခြင်းတွေလည်း ရှိတတ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားတဲ့ တချို့တိုင်းပြည်တွေမှာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို တိုက်ပွဲဝင် စစ်သည်တို့ရဲ့ လိင်ကျေးကျွန်တွေအဖြစ် ပြုလုပ်ရန်အတွက် ရည်ရွယ်ပြီး အတင်းအဓမ္မ ခေါ်ဆောင်ခြင်းမျိုးကို များစွာ တွေ့ရှိရပါတယ်။
တခါတရံမှာ လိင်ကျေးကျွန်တွေအဖြစ် ငယ်ရွယ်တဲ့ အမျိုးသမီးများကိုပါ အသုံးချတတ်ကြပြီး လိင်ကျေးကျွန်အဖြစ် ဝန်ဆောင်မှုပေးတဲ့ လုပ်ရပ်တွေကို စစ်ဘက်ဆိုင်ရာ တာဝန်တခု အနေနဲ့ လုပ်ဆောင်တာ တွေ့ရှိရတတ်ပါတယ်။
ကမ္ဘာတဝန်းလုံးက ကလေးစစ်သားတွေရဲ့ စုစုပေါင်း ၄ဝ ရာခိုင်နှုန်းမှာ (ခန့်မှန်းခြေ) မိန်းကလေးငယ်များ ဖြစ်ကြပါတယ်။ အများစုကတော့ အတင်းအဓမ္မ နိုင်ထက်စီးနင်း ပြုလုပ်ပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်ခြင်း ခံရသူများ ဖြစ်ပါတယ်။
မိမိတို့ စိတ်ဆန္ဒအလျောက် လက်နက်ကိုင်တပ်များကို ရောက်ရှိလာကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တောင်မှ မျှော်မှန်းမထားတဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကို တွေ့ရှိရတတ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အမျိုးသမီးများအပေါ် သက်ရောက်မှုဟာ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းရဲ့ အဆင့်အားလုံးမှာ တွေ့မြင်နိုင်ပါတယ်။ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အနေနဲ့ ပစ်ခတ်မှုဖြစ်ပွားရာ ဒေသအတွင်းက ထွက်ပြေး လွတ်မြောက် ကြပေမယ့်လည်း၊ လုံခြုံရေးအဖွဲ့တွေက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်တွေကို ကြောက်ရွံ့ကြရ ပြန်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ အမျိုးသား၊ ဆွေမျိုးသားချင်း သို့မဟုတ် ပတ်ဝန်းကျင်က လူအများ အကာအကွယ်မပါဘဲ ထွက်ပြေး တိမ်းရှောင်ရတဲ့အခါ လုံခြုံစိတ်ချရမှု အခြေအနေက ကင်းမဲ့နေဆဲ ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်မှာ တန်ဇန်းနီးယားဒေသ ဒုက္ခသည်စခန်းက အိုးအိမ်မဲ့ Burundian ဒုက္ခသည် အမျိုးသမီး စစ်တမ်းတွေမှာ ပဋိပက္ခ ကာလ ၃ နှစ်တာအတွင်း ဒုက္ခသည်အမျိုးသမီး လေးပုံ တပုံထက် ပိုတဲ့ အမျိုးသမီးတွေဟာ မုဒိမ်းမှု ကျုးလွန်ခြင်းခံခဲ့ရပြီး သုံးပုံနှစ်ပုံခန့်ကတော့ ဒုက္ခသည် စခန်းတွေ အတွင်းမှာ သော်လည်းကောင်း၊ အပြင်မှာ သော်လည်းကောင်း ကျူးလွန်ခြင်း ခံခဲ့ရပါတယ်။ ပြစ်မှုကျူးလွန်သူ အများစုထဲမှာ အခြားသော ဒုက္ခသည်တွေ၊ ဒေသခံ Burundian တွေနဲ့ ဒေသခံ တန်ဇန်းနီးယားစစ်သား၊ ရဲသားတို့ အဓိက ပါဝင်ခဲ့ပါတယ်။
တိကျတဲ့ သက်သေအထောက်အထားတွေ အရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းခြင်းနဲ့ အတူ အဆုံးသတ်ခြင်း မရှိဘူးလို့ အကြံပြုထားပါတယ်။ တချို့ဒေသတွေမှာ ပဋိပက္ခလွန် ကာလများမှာ မုဒိမ်းမှု ဖြစ်ပွားနှုန်း လျော့နည်းကျဆင်းခဲ့ပေမယ့် အတင်းအကျပ် လိင်လုပ်သားလုပ်ငန်းများ လုပ်ကိုင်စေခြင်းနဲ့ လူကုန်ကူးမှုများ ဖြစ်ပွားမှုက တိုးတက်မြင့်မားလာခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းခံရတဲ့ အမျိုးသမီးငယ်တွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာနဲ့ ကာလအချိန်ကြာမြင့်စွာ ရှိနေတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးထမ်းတွေက အကန့် အသတ် အနေနဲ့ တည်ရှိနေပြန်ပါတယ်။
တချို့သော သားကောင်ဖြစ်ခဲ့ရသူ အမျိုးသမီးတွေကို ပတ်ဝန်းကျင် တန်ဖိုးစံများအရ မိသားစု ပတ်ဝန်းကျင် အသိုက် အဝန်းက ဖယ်ကျဉ်းထားခြင်းတွေလည်း ရှိတတ်ပါတယ်။ တချို့ မုဒိမ်းမှုတွေမှာ သားကောင်အဖြစ် ခံစားခဲ့ရတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ ခင်ပွန်းတွေက HIV နဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါတွေကို အကြောင်းပြပြီး ဖယ်ကျဉ် ထားခြင်းများ၊ ပတ်ဝန်းကျင်မှာ အရှက်တကွဲအကျိုးနည်း ဖြစ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူ့ပတ်ဝန်းကျင်က ခွဲထုတ်ထားခြင်းများ ကိုလည်း တွေ့ရတတ်ပါတယ်။
ဒီလိုနဲ့ အမျိုးသမီးများဟာ မျှော်လင့်ချက်မရှိတဲ့ လိင်လုပ်သား ဘဝမျိုးနဲ့သာ အသက်မွေးရတော့မယ့် ပုံစံတွေအထိ ဖြစ်လာစေပါတယ်။
လက်နက်ကိုင် ပဋိပက္ခလို့ ပြောလိုက်တာနဲ့ လူအများက နှစ်ဖက် လက်နက်ကိုင်ဆောင်ထားသူများကိုပဲ ပါဝင်ပတ်သက် သူများလို့ မြင်တတ်ကြပါတယ်။ သို့ပေမယ့် လက်နက်ကိုင်ပဋိပက္ခကြောင့် အမျိုးသမီးတွေရဲ့ ဘဝပေါင်းများစွာ ခက်ခဲ နစ်နာမှုတွေကို သတိမထားမိကြပါဘူး။
အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သာမက လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကိုလည်း ကြုံတွေ့ကြရပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်ရေးအတွက် ပြည်တွင်းစစ် ရပ်စဲနိုင်ရေးက အလွန် အရေးကြီးပါတယ်။
နှစ်ဖက် လက်နက်ကိုင် တပ်များအနေနဲ့လည်း ပဋိပက္ခတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရင် အချိန်နဲ့ တပြေးညီ ထုတ်ဖော်အရေးယူနိုင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး လုံးဝ သည်းခံခွင့်လွှတ်ခြင်း မရှိတဲ့မူ (Zero tolerance policy) ကျင့်သုံးနိုင်ရေး တို့အတွက် အလေးထားဆောင်ရွက်သင့်ပါတယ်။
(ဒေါ်ခင်မမမျိုးသည် Myanmar Institute of Gender Studies တည်ထောင်သူ ဖြစ်ပါသည်။)