သူ့အတွေး သူ့အမြင်

အမျိုးသမီးနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု

Want create site? Find Free WordPress Themes and plugins.

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန်အလို့ငှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပသွားရန်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာသွားရန် စသည့် ရည်ရွယ်ချက်များ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှှု မူဘောင်အပေါ် အခြေခံ၍ မြန်မာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပါသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းသော ကာလများနှင့် ပဋိပက္ခအလွန် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်လေ့ရှိကြပြီး၊ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် လုံခြုံရေး ဝန်ဆောင်မှု ပေးသူများ၏ ထိရောက်မှု၊ မျှတမှု၊ တာဝန်ခံမှုနှင့် အခွင့်အရေး လေးစားမှုဆိုင်ရာ ဝန်ဆောင်မှု စွမ်းရည်များ မြင့်မားလာစေရေး ဆောင်ရွက်ရန်၊ ဒီမိုကရေစီနည်းကျ အရပ်ဘက်အုပ်ချုပ်မှုနှင့် ကွပ်ကဲမှုဆိုင်ရာ နိုင်ငံတော် စွမ်းရည်များကို မြှင့်တင်ရန်၊ ရေရှည်ခံ၍ တိုင်းပြည်၏ စီးပွားရေးအင်အားနှင့် ချိန်ဆထားကာ ပြည်သူလူထု၏ လုံခြုံရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် လုံခြုံရေးကဏ္ဍကြီး ဖြစ်ထွန်းစေရန် စသည့် ရည်မှန်းချက်များဖြင့် ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်လေ့ ရှိပါသည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် အခြေခံသင့်သည့် အရေးပါသော အခြေခံမူများကို ရေးဆွဲပြဌာန်းရာတွင် People-Centred (လူထုဗဟိုပြုမှု)၊ Primacy of the Rule of Law (တရားဥပဒေစိုးမိုးရေး အခြေတည်မှု)၊ Transparency (ပွင့်လင်းမြင်သာမှု)၊ Democratic Accountability and Oversight (ဒီမိုကရေစီ နည်းကျတာဝန်ခံမှုနှင့် ကွပ်ကဲမှု)၊ Whole of Government Coordination (အစိုးရကဏ္ဍပေါင်းစုံ ချိတ်ဆက်ဆောင်ရွက်မှု)၊ Operational Effectiveness (လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှု)၊ Coordination, Sequencing & Integrated Policy Responses (ဆက်သွယ်ညှိနှိုင်းချိတ်ဆက်မှု၊ နည်းစနစ် မှန်ကန်မှုနှင့် ပေါင်းစပ်ညှိနှိုင်းထားသော မူဝါဒရေးရာ တုန့်ပြန်နိုင်မှု)၊ Civilianization (အရပ်ဘက်အမြင်များ ထည့်သွင်းစဉ်းစားမှု)၊ Civil Society Engagement (အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်မှု)၊ A Political Process (နိုင်ငံရေးဖြစ်စဉ်)၊ Ownership (ဒေသခံများမှ ပိုင်ဆိုင်မှု)၊ Gender (ကျားမရေးရာ)၊ Sustainability (ရေရှည်ခံမှု)၊ Long Term (အချိန်ကြာမြင့်မှု) နှင့် Context-Specific (အခြေအနေနှင့် လိုက်လျောညီထွေရှိမှု) စသည်တို့ ပါဝင်သည်ဖြစ်ရာ အဆိုပါ အခြေခံမူများသည် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုရှိစေရေးတို့အတွက် အရေးပါလှပါသည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ကျားမရေးရာကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် လုံခြုံရေး ဝန်ဆောင်မှုများအား ဒေသလိုအပ်ချက်နှင့်အညီ ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း၊ ဒီမိုကရေစီနည်းကျ အရပ်ဘက်အုပ်ချုပ်မှုနှင့် ကွပ်ကဲမှုများတွင် အမျိုးသမီးများ ပါဝင်လာခြင်းနှင့် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေနှင့် စံနှုန်းများကို လေးစားလိုက်နာမှု မြင့်မားလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

အမျိုးသမီး အရပ်ဘက် အဖွဲ့အစည်းများနှင့် ကျားမရေးရာ လုပ်ဆောင်နေသော အဖွဲ့များမှာ ဒေသလုံခြုံရေးနှင့် ဆက်စပ်နေခြင်းကြောင်း ဒေသခံ အခြေပြုမှု local ownership အားကောင်းစေနိုင်သည်။ local ownership မှာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု၏ လမ်းညွန်သဘောတရား ဖြစ်ခြင်းကြောင့် လုံခြုံရေးပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် လူထုယုံကြည်မှုကို ဖြည့်ဆည်းပေးနိုင်ရန် local ownership ဖော်ဆောင်ရေးမှာ အရေးပါလှပါသည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၏ ရည်မှန်းချက်များတွင် တရားမျှတမှုနှင့် လုံခြုံရေး ဝန်ဆောင်မှုများ ထိရောက်စွာ ပေးအပ်ခြင်း ပါဝင်ပြီး ကျားမရေးရာ ကိစ္စရပ်များအား ထည့်သွင်းစဉ်းစားခြင်းဖြင့် ဝန်ဆောင်မှုများ ထိရောက်စွာ ပေးအပ်နိုင်ခြင်းကို အထောက်အကူပြုသည်။

ဥပမာအားဖြင့် လုံခြုံရေးရာ အင်စတီကျူးရှင်များတွင် ကိုယ်စားပြုမှု ဖော်ဆောင်နိုင်ခြင်း၊ ကျားမရေးရာ အကြမ်းဖက်မှုများအား တုန့်ပြန်ခြင်းနှင့် အမျိုးသားနှင့် အမျိုးသမီးအဖွဲ့များ အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း စသည်တို့ ပါဝင်သည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၏ ရည်မှန်းချက်များတွင် ဒီမိုကရေစီနည်းကျ အရပ်ဘက် ကွပ်ကဲမှုနှင့် တာဝန်ခံမှုကို မြှင့်တင်ပေးရေး ပါဝင်ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် ဒီမိုကရေစီနည်းကျ ဖြစ်သောကြောင့် ကျားမရေးရာ တန်းတူညီမျှမှု၊ ပါဝင်မှုတို့နှင့် ဆက်စပ်နေသည်။

ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅)၊ (၁၈၂ဝ)နှင့် ဘေးဂျင်း ကြေငြာချက်၊ စီဒေါသဘောတူစာချုပ်များသည် လုံခြုံရေးကဏ္ဍ အင်စတီကျူးရှင်းများတွင် အမျိုးသမီးရေးရာကဏ္ဍ ထည့်သွင်းစဉ်းစားချက်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် များဖြစ်သည်။

လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးတွင် ကျားမရေးရာ တုန့်ပြန်နိုင်စွမ်း မြင့်မားလာရေးအတွက် Gender Responsive Security Sector Reform ကို ကျားမရေးရာ တန်းတူညီမျှရေး ဆောင်ရွက်ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရှင်များမှ တောင်းဆိုလေ့ရှိကြသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် မူဝါဒနှင့်နှင့် စာချုပ်စာတမ်းများ၊ ကျင့်ဝတ်များ၊ မဟာဗျူဟာများ၊ မူဘောင်များတွင် ကျားမရေးရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး၊ အမျိုးသားလုံခြုံရေး မူဝါဒများ၊ ငြိမ်းချမ်းရေး သဘောတူ စာချုပ်များ၊ ကျင့်ဝတ်စည်းကမ်းများ၊ အလှူရှင် မူဝါဒများနှင့် မဟာဗျူဟာများ အားလုံးသည် gender responsiveness ဖြစ်ရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးကြပါသည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ကျားမရေးရာ ထည့်သွင်းစဉ်းစားရေးနှင့် ပတ်သက်၍ အကြံပြုချက်များမှာ –

၁။ မူဝါဒများနှင့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ စောင့်ကြည့်အကဲခတ်ဆန်းစစ်ခြင်း တို့ပြုလုပ်ရာတွင် ဒေသခံ အမျိုးသမီးအဖွဲ့များ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၏ အပြည့်အဝ ပါဝင်ပတ်သက်မှုကို တွန်းအားပေး ဆောင်ရွက်၍ ဒေသခံပိုင်ဆိုင်မှုကို တည်ဆောက်ရန်

၂။ တည်ဆဲ လုံခြုံရေးဆက်စပ်ဥပဒေများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများအား ကျားမရေးရာ ခွဲခြားဆက်ဆံမှု ပပျောက်ရေးရှုထောင့်မှ ပြန်လည်သုံးသပ်ပြင်ဆင်၍ အမျိုးသမီးများနှင့် အမျိုးသားများ၏ လုံခြုံရေး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရန်

၃။ ကျားမရေးရာ အကြမ်းဖက်မှုများအား ကာကွယ်ခြင်း၊ ထိရောက်စွာ အရေးယူနိုင်ခြင်းတို့ ပြုလုပ်နိုင်မည့် မူဝါဒများ၊ ယန္တရားများနှင့် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်

၄။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် ကျားမရေးရာ အကြမ်းဖက်မှုများကို လုံခြုံရေးကဏ္ဍ ဝန်ထမ်းများမှ ကျူးလွန်ပါက လုံးဝ သည်းခံခွင့်လွှတ်ခြင်း မရှိသော (Zero-tolerace) မူအား ပြဌာန်းသည့် ကျင့်ဝတ်များ၊ မူဝါဒများနှင့် ယန္တရားများ ချမှတ်ရန်

၅။ လုံခြုံရေးကဏ္ဍ အင်စတီကျူးရှင်းများတွင် အမျိုးသမီးများအား ခေါ်ယူခန့်ထားခြင်း၊ ပါဝင်မှုမြှင့်တင်ခြင်းတို့နှင့် စပ်လျဉ်းသည့် မဟာဗျူဟာနည်းကျ သတ်မှတ်ချက်များ၊ ရှေ့ဆောင်မှုများ ရှိရန်

၆။ လုံခြုံရေးကဏ္ဍ အသီးသီးရှိ သင်တန်းများ၏ အဓိက သင်ရိုးညွှန်းတန်းများတွင် ကျားမရေးရာ သင်တန်းများအား ထည့်သွင်းသင်ကြားရန်

၇။ လုံခြုံရေးကဏ္ဍ အုပ်ချုပ်မှုနှင့် ကွပ်ကဲမှုများ ဆောင်ရွက်ရာတွင် ကျားမရေးရာ တုန့်ပြန်ဆောင်ရွက်မှု အားကောင်းစေရန်နှင့် အမျိုးသမီး အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိစေရန်

၈။ လိုအပ်ချက်များ၊ ဦးစားပေးမှုများ၊ စွမ်းရည်များအား ဆန်းစစ်ခြင်း၊ သုတေသန ပြုခြင်းများ ဆောင်ရွက်ရာတွင် ကျားမရေးရာ ခွဲခြားမှတ်တမ်းတင်ခြင်း (sex-disaggregated data) ထားရှိရန်

၉။ SSR တွင် ပါဝင်မည့် ဝန်ထမ်းများအား ကျားမရေးရာ သိမြင်နားလည်မှုနှင့် စွမ်းရည်မြှင့် သင်တန်းများပေးရန် စသည်တို့ဖြစ်ပါသည်။

နိုင်ငံအများစု၏ ငြိမ်းချမ်းရေး တည်ဆောက်မှုများတွင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါလှပါသည်။ ယင်းသို့ပြောင်းလဲရာတွင် အမျိုးသမီးများ၏ လိုအပ်ချက်များကို တုန့်ပြန်ဆောင်ရွက်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေးတွင် အမျိုးသမီးများ ပါဝင်ခွင့်အား မြှင့်တင်ခြင်း၊ ပြုပြင်ပြောင်းလဲစဉ် ကာလအတွင်း အမျိုးသမီးများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကာကွယ်စောင့်ရှောက်ခြင်း၊ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ဖြင့် အမျိုးသမီးများအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆောင်ကျဉ်းသင့်ပါကြောင်း တိုက်တွန်းလိုက်ပါသည်။

(ဒေါ်ခင်မမမျိုးသည် Myanmar Institute of Gender Studies တည်ထောင်သူ ဖြစ်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading