နိုင်ငံတော် သမ္မတ ဦးထင်ကျော် မနေ့က နုတ်ထွက်ကြောင်း သမ္မတရုံးက ရုတ်တရက်ကြေညာခဲ့သည်။
ရုတ်တရက် ဆိုသော်ငြားလည်း သမ္မတ၏ ကျန်းမာရေး ချို့ယွင်းနေသည့် သတင်း ထွက်နေသည်မှာ ကြာပြီဖြစ်၍ အံသြစရာတော့ မဟုတ်ပါ။
သို့သော် သည်လောက်မြန်မြန်ဆန်ဆန် နုတ်ထွက်မည်ဟု မထင်မိ၊ အနည်းဆုံး နောက်ထပ် ၂ နှစ်ခန့်၊ ၂၀၂၀ ပြည့်နှစ် အထိတော့ ဆက်လက် ဆွဲယူကာ လုပ်ကိုင်မည်ဟု ထင်ထားမိ၏။
တနေ့က သမ္မတရုံးမှ တရားဝင်စာထုတ် ကြေညာပြီးသည့်နောက် လူမှုကွန်ရက် ဆိုရှယ်မီဒီယာ Facebook ပေါ်တွင် ဦးထင်ကျော် သမ္မတရာထူးမှ နုတ်ထွက်သည့်အတွက် ဝမ်းနည်းကြောင်းစာများ၊ ဓာတ်ပုံများကို မြင်ရ ဖတ်ရသည့်အခါ သမ္မတ ဦးထင်ကျော် အကြောင်း တွေးမိသည်။
နိုင်ငံရေး အယူအဆ မတူသူ တချို့ပင် သမ္မတရိုးဂုဏ်နှင့် ပညာဂုဏ်တို့ကို ဖော်ပြထားပြီး နှမြောမိကြောင်း ဝမ်းနည်း ကြောင်း ဆိုကြသည်။
ထို့အတွက် တခါက ဦးထင်ကျော်နှင့် ကိုယ်တိုင်ဖုန်းဆက် စကားပြောဖူးသည်ကို ပြန်ပြောင်းတွေးမိသည်။
တခါက ဆိုသည်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလက ဖြစ်ပြီး ထိုစဉ်က သမ္မတ ဦးထင်ကျော်၏ ယောက္ခမဖြစ်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ဦးလွင် (ဗိုလ်မှူးကြီးဟောင်း) ဆေးရုံတက်စဉ်က ဖြစ်သည်။
ဦးလွင် သျှင်ပါကူ ဆေးရုံ၌ ရုတ်တရက် တင်ထားရသည့် သတင်းကို ကြားမိ၍ သားမက်ဖြစ်သူ ဦးထင်ကျော်ထံ သတင်း ဌာနတို့၏ ထုံးစံအတိုင်း မေးမြန်းစုံစမ်းမိသည်။
ဦးလွင်ဆိုသည် ပုဂ္ဂိုလ်ကြီးက နှယ်နှယ်ရရတော့ မဟုတ်၊ မြန်မာ့လွတ်လပ်ရေး တပ်မတော် (BIA) က တည်းက ပါဝင်ခဲ့ပြီး တပ်မတော်တွင် တိုင်မှူး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူ၊ ဂျပန်ဘုရင့် စစ်တက္ကသိုလ် ကျောင်းဆင်းတဦးဖြစ်သလို၊ အင်္ဂလန် စစ်တက္ကသိုလ်များတွင်လည်း ဆည်းပူးလေ့လာခဲ့သူ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ဒုဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
အနှီပုဂ္ဂိုလ်ကြီး ဦးလွင်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ဦးထင်ကျော်က မအားမလပ်သည့် ကြားမှနေ၍ ကိုယ်တိုင်ကိုယ်ကျ သေချာစွာ ရှင်းလင်းပြ၏။

ထိုစဉ်ကတည်းကပင် ဦးထင်ကျော်၏ အသံကို ခန့်မှန်းကြည့်ခြင်းဖြင့် ရိုးသားမှု၊ နှိမ့်ချမှု၊ စိတ်ရှည် သည်းခံမှုတို့မှာ ပေါ်လွင်၏။ ဤသည်မှာ ဖခင်ဖြစ်သူ ဆရာကြီး မင်းသုဝဏ်ထံမှ ရရှိသည့် စိတ်ထားကို အမွေဆက်ခံသည်ဟု ဆိုချင်သည်။
ဆရာဦးဝန်၏ ကဗျာများထဲတွင် ပညာဂုဏ်၊ ရာထူးဂုဏ်၊ ပစ္စည်းဂုဏ်မောက်၍ အခက်အခဲအမျိုးမျိုး တွေ့ရှိနိုင်ပုံနှင့် ပတ်သက်၍ ဆုံးမသော ကဗျာများ၊ အများအကျိုး သယ်ပိုးသူတွေများအကြောင်း စသည်တို့ကို အမြဲမပြတ်တွေ့နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဆရာမင်းသုဝဏ်၏ စိတ်နေ စိတ်ထားကို ခန့်မှန်းကြည့်နိုင်ပါသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ဆရာကြီး မင်းသုဝဏ်အား အာဏာရှင် ဦးနေဝင်းက မကျက်တကျက် ပေါင်မုန့်ဟု ခိုင်းနှိုင်းဝေဖန်မှုနှင့် ပတ်သက်၍ ဆရာဦးဝန်မှာ စိတ်ဆိုးခြင်း အလျဉ်းမရှိသော်လည်း စိတ်ဝမ်းနှလုံး ဆင်းရဲခဲ့ရကြောင်း လုပ်ဖော်ကိုင်ဖက် ဆရာကြီးများ၏ ပြောကြားချက်အရသိရသည်။
ဤသည်ကား ဆရာကြီး မင်းသုဝဏ်၏ စိတ်ဓာတ်ပေတည်း။
ဦးထင်ကျော်သည် ဖခင်ဖြစ်သူ ဆရာကြီး မင်းသုဝဏ်ကို အဘဟုခေါ်၍ ဆရာကြီး မင်းသုဝဏ်မှာ သားဖြစ်သူကို လူလေးဟု ခေါ်ဆိုရာ အင်မတန်မှ မြန်မာဆန်ပေသည်ဟု ဆိုချင်၏။
ထိုသို့ စာပေပညာရှင်ကြီးတဦး၏ ဆိုဆုံးမမှု လောင်းရိပ်အောက်တွင် ကြီးပြင်းခဲ့ရသူ ဦးထင်ကျော်သည် ဖခင်ကဲ့သို့ပင် လူကြီးလူကောင်းဆန်ပြီး သိမ်သိမ်မွေ့မွေ့ ပြောတတ်သောကြောင့် သူ့တွင် ရန်သူမရှိသလောက်ပင် ဖြစ်သည်ဟု ဆိုရမည်။
တပ်မတော်ခေါင်းဆောင်များ အကြားတွင်လည်း တဦးနှင့် တဦး လေးလေးစားစား ဆက်ဆံပုံရပြီး ပြဿနာမရှိသည်ကို တွေ့ရသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန် မက်သဒစ်ကျောင်းတွင် ကျောင်းနေဖက်ဖြစ်သလို၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် ယုံယုံကြည်ကြည် သစ္စာရှိရှိ ဆောင်ရွက်ခဲ့သဖြင့်၊ သမ္မတရာထူး ခန့်အပ်စဉ်က ဒေါ်အောင်ဆန်းစုကြည်၏ (ကားမောင်းသူ (ဝါ) ဒရိုင်ဘာ သမ္မတအဖြစ် ခန့်အပ်ခံရ) ဟုပင် သတင်းတချို့က ခေါင်းကြီးတွင် ဖော်ပြကြဖူးသည်။
သို့သော်လည်း သမ္မတ ဦးထင်ကျော်အနေဖြင့် ထိုဖော်ပြမှုနှင့် ပတ်သက်၍ သိမ်ငယ်ခြင်း တုန်လှုပ်ခြင်း အလျဉ်းရှိပုံမရ။ လူမြင်ကွင်းမှ ပျောက်ကွယ်နေမှုနှင့် ပတ်သက်၍ ဝေဖန်မှုများနှင့် ပတ်သက်၍လည်း လစ်လျူရှု ထားနိုင်သည်၊ ခန့်မှန်း နိုင်ပေသည်။
၁၉၄၆ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် မွေးဖွားသည့် ဦးထင်ကျော်သည် ယခုဆိုလျှင် အသက် ၇၂ နှစ်အတွင်း ချဉ်းနင်း ဝင်ရောက်လာပြီဖြစ်သည်။
ဘဝဖြတ်သန်းမှု အနေဖြင့်ဆိုလျှင် ရန်ကုန်စီးပွားရေး တက္ကသိုလ်၌ ပညာသင်ခဲ့ဖူးသကဲ့သို့ လန်ဒန်တက္ကသိုလ်တွင်လည်း ကွန်ပျူတာနှင့် သက်ဆိုင်သည့် ပညာရပ်များကို သင်ကြားကာ၊ စက်မှု (၂) ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် အမှုထမ်းခဲ့သည်။
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်ပြင်ပ သွားရောက်သည့် ခရီးစဉ်များနှင့် ပတ်သက်ပြီး အကူအညီ ပေးခဲ့သည့်အတွက် အင်းစိန်ထောင်တွင်း၌ ၄ လကြာမျှ ထိန်းသိမ်းခံခဲ့ရသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ၂၀၁၆ ခုနှစ် မတ်လမှ ဒုသမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံရပြီးနောက် မတ်လ ၃၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တာဝန်များကို စတင်ထမ်းဆောင်ခဲ့သည်။
သမ္မတဖြစ်လာသည့် အခါတွင်လည်း ဦးထင်ကျော်ကား ရာထူးနှင့် ပတ်သက်ပြီး တခြားသော သမ္မတများ၊ အုပ်ချုပ်သူများ ကဲ့သို့ သက်တမ်းပြည့် ဖက်တွယ်နေထိုင်ခြင်းမရှိ၊ လာမည့် သက်တမ်းအတွက် ဆက်လက်ကြိုးစားခြင်းမရှိ၊ ဤသည်ကား ရည်ရွယ်ချက် မကြီးမားဘဲ၊ ကျန်းမာရေးကြောင့် မိမိတာဝန်မယူနိုင်သည့် နေရာတွင် ဆက်လက်မနေဘဲ၊ တိုင်းပြည် အတွက် ဆက်လက် လုပ်ကိုုင်နိုင်သူကို နေရာပေးကာ နုတ်ထွက်ပေးလိုက်ခြင်းဖြင့် လမ်းဖွင့်ပေးလိုက်ခြင်းက လေးစားစရာဟု ထင်မြင်မိပါသည်။
ဆက်စပ်ဖတ်ရှု့ရန် – ဒု သမ္မတလောင်း ဦးထင်ကျော်ရဲ့ ဖခင် ကဗျာစာဆိုကြီး မင်းသုဝဏ်
(ရန်ပိုင်သည် ဧရာဝတီ မြန်မာပိုင်း၏ သတင်း အယ်ဒီတာ ဖြစ်သည်)