အစိုးရ အစီအစဉ်များကို ပုံဖော်ရန် သမ္မတသစ်မှာ အာဏာ ပိုရှိသင့်သည်

ကျော်စွာမိုး
၂၀၁၆ ခုနှစ် မတ်လအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မြင်ရစဉ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်က သမ္မတရာထူးမှ နုတ်ထွက်သွားသော ဦးထင်ကျော်ကို ရိုးသားပြီး လူကြီးလူကောင်း ပီသသူအဖြစ် အများက အမှတ်ရနေကြမည်ဖြစ်သလို လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အခြားသမ္မတများနှင့် ယှဉ်လျှင်လည်း ရုပ်ပြသမ္မတအဖြစ်သာ မြင်ကြလိမ့်မည်ဖြစ်သည်။

မတ်လ ၂၁ ရက်နေ့က သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော နုတ်ထွက်စာတွင် အသက် ၇၁ နှစ်အရွယ် ဦးထင်ကျော်က လက်ရှိ အလုပ်တာဝန်များမှ အနားယူလိုသောကြောင့်ဟု ဆိုထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် သူ၏ ကျန်းမာရေးက ဆိုးရွားလာခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း ဦးထင်ကျော်သည် အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူပြီးနောက်ပိုင်း ကျန်းမာရေး ယိုယွင်းလာသည်ဟု ပြောဆိုနေမှုများရှိသည်။ သို့သော် ဇနီးဖြစ်သူ ဒေါ်စုစုလွင်က ဦးထင်ကျော် ရာထူးမှ နုတ်ထွက်သွားခြင်းမှာ ကျန်းမာရေးကြောင့် မဟုတ်ဘဲ ပြီးခဲ့သည့် ၁ လကျော်က ဆေးသွားစစ်ရာ ကျန်းမာရေးကောင်းမွန်လာကြောင်း သောကြာနေ့က ပြည်သူ့လွှတ်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။

သမ္မတ အနေဖြင့် ၂ နှစ်နီးပါး ဆောင်ရွက်ခဲ့သည့်အတွင်း ဦးထင်ကျော်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်တွင် သူ့ကို မျှော်လင့်ထားသည့်အတိုင်း လုပ်ခဲ့သည်။ ထိုထက် မပိုလွန်ခဲ့ပါ။ စစ်အစိုးရက ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန်ထမ်းဆောင်ခြင်းမှ ကန့်သတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးအပ်ချက်အရ နိုင်ငံတော်၏ အကြီးအကဲ နေရာတွင် ထမ်းဆောင်ရန် သူ သဘောတူခဲ့သည်။

ထို့ကြောင့် ၁၉၆၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ၏ ပထမဆုံး ရွေးကောက်ခံ အရပ်သား အစိုးရတွင် သူ၏ အခန်းကဏ္ဍမှာ ပွဲတက်သမ္မတ သက်သက်သာ ဖြစ်သည်။ သို့သော် တပ်မတော်က နိုင်ငံရေး ဗဟိုချက်မတွင် ဆက်လက် အာဏာချုပ်ကိုင်နေဆဲဖြစ်သည့် မြန်မာနိုင်ငံရေး ဇာတ်ခုံတွင် သူ တာဝန်ထမ်းဆောင်ခဲ့သည့်ကာလကို မသေချာ မရေရာမှုများနှင့် စိတ်လှုပ်ရှားစရာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလအဖြစ် ဖွင့်ဆိုရမည် ဖြစ်သည်။ မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် အကဲဆတ်သော မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းတွင် ဦးထင်ကျော်သည် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။

လူယုံတယောက်ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို သမ္မတအဖြစ် ရွေးချယ်ခဲ့မှန်း ဦးထင်ကျော် သိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၀၁၅ရွေးကောက်ပွဲ အပြတ်အသတ် အနိုုုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သာလျှင် သမ္မတ ဖြစ်ထိုက်သူဟုလည်း သူယုံကြည်သည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ဦးထင်ကျော်၏ သမ္မတ သက်တမ်းကာလတလျှောက်တွင် ထွေထွေထူးထူး ပြောစရာမရှိပါ။ သိုု့သော် တိုုင်းပြည်နှင့် အစိုုးရအတွက် နာမည်ပျက်စရာ တခုုမျှ မလုုပ်ခဲ့ချေ။ ရက်စက်သည့် အာဏာရှင်များ သို့မဟုတ် ဖိနှိပ်သည့် စစ်အစိုးရများ၏ ခေါင်းဆောင်များဖြစ်ခဲ့သည့် ကွယ်လွန်သူ ဦးနေဝင်းမှသည် ဦးသိန်းစိန်အထိ သူ့အရင် သမ္မတအများစုနှင့် ယှဉ်လျှင် သူ့ကို နိုင်ငံ့အကြီးအကဲကောင်း တယောက်ဟု မြင်နိုင်ပါသည်။

ဦးထင်ကျော်ကို ပိုမို၍ လုပ်ပိုင်ခွင့်နှင့် သူ၏ အုပ်ချုပ်ရေး အာဏာကို အသုံးချခွင့် မပေးခြင်းတို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။ အထူးသဖြင့် တပ်မတော်နှင့် ဆက်ဆံရာတွင် ဖြစ်သည်။ အခြေခံဥဒေအရ သမ္မတသည် ပြည်ထောင်စု၏ အကြီးအကဲ ဖြစ်ပြီး နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာတွင် ရှိသည်။ ထိုအချက်ကို အခြေပြု၍ ဦးထင်ကျော်က လုပ်ပိုင်ခွင့်ကို ပို၍ ရရှိခဲ့သင့်သည်ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူ အများအပြားက ပြောကြသည်။

ယခုအချိန်တွင် အရေးကြီးသော မေးခွန်းများမှာ သူ့နေရာကို ဘယ်သူနှင့် အစားထိုးမလဲနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သမ္မတသစ်ကို အုပ်ချုပ်ရေး အာဏာ ပိုပေးမည်လား ဖြစ်သည်။

ဦးထင်ကျော် နုတ်ထွက်ခြင်းကို တရားဝင်ကြေညာပြီး မကြာမီမှာပင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က လွှတ် တော်သို့ နုတ်ထွက်စာ ပေးပို့ခဲ့သည်။ နောက်နေ့တွင် သူ့ကို ဒုုတိယသမ္မတ အဖြစ် ရွေးချယ်ခဲ့ကြသည်။

ဦးဝင်းမြင့်က အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ဝါရင့် အဖွဲ့ဝင်များကြားတွင် ဒေါ်အောင်ဆန်းစုကြည် သဘော အကျဆုံး သူများထဲမှ တဦး ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်လာသည့် အချိန်မှ စ၍ ရှေ့နေဟောင်းတဦး ဖြစ်သည့် ဦးဝင်းမြင့်က လွှတ်တော်တွင်း စည်းကမ်းကြီးစွာ ကိုင်တွယ်မှုနှင့် လွှတ်တော် လုပ်ထုံးလုပ်နည်းများအတိုင်း ပြတ်ပြတ်သားသား လုပ်ကိုင်ခြင်းတို့ကြောင့် ဂုဏ်သတင်းမွှေးခဲ့သည်။

ဦးထင်ကျော်ကဲ့သို့ မဟုတ်ဘဲ ဦးဝင်းမြင့်သည် နိုင်ငံရေးသမား ဖြစ်သည်။ ရွေးကောက်ပွဲ အောင်မြင်မှု မှတ်တမ်း ရှိသူ ဖြစ်သည်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ ကြိမ်လုံးတွင် အနိုင်ရရှိခဲ့သည်။ သူ့ကို အတွေ့အကြုံရှိ ဝါရင့် နိုင်ငံရေး သမားတဦး အဖြစ် သတ်မှတ်ကြသည်။ အခြားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများကဲ့သို့ပင် ယခင် စစ်အစိုး၏ ဖမ်းဆီး ထိန်းသိမ်းခြင်းများကို ခံခဲ့ရသူဖြစ်သည်။

NLD က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဖြစ်လာသည့် အချိန်မှစ၍ ဦးဝင်းမြင့်က တပ်မတော်က ၂၅ ရာခိုင်နှုန်း နေရာယူထားသည့် လွှတ်တော်ကို ထိန်းသိမ်းနိုင်စွမ်းကို ပြသခဲ့သည်။

သူ့ကို သမ္မတဖြစ်လာနိုင်ချေရှိသည်ဟု ပြောဆိုမှုများ ပေါ်ထွက်လာချိန်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ၂ ရပ်လုံးမှ ကိုယ်စားလှယ် အများအပြားက သူ ထွက်ခွာသွားခြင်း၏ အလားအလာအပေါ် စိုးရိမ်ကြောင်း ပြောကြသည်။ ဦးဝင်းမြင့် အတွက် အကောင်းဆုံးနေရာမှာ လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရန် ဖြစ်သည်ဟု သူတို့က ယုံကြည် ကြသည်။

ဤနေရာတွင် မေးခွန်းမေးစရာ ရှိလာသည်။ နောက်တက်မည့် သမ္မတအဖြစ် ဦးဝင်းမြင့်ကို အဘယ့်ကြောင့် ရွေးချယ်ရ ပါသနည်း။

ဒေါ်အောင်ဆန်းစုကြည်က ဦးထင်ကျော်ကို သမ္မတ အဖြစ် ရွေးချယ်ခဲ့ပြီးသည့် နောက်ပိုင်းတွင် သမ္မတ၏ အခန်းကဏ္ဍ အပေါ် အယူအဆ ပြောင်းလဲခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အကယ်၍ သူက နောက်ထပ် ရုပ်သေး သမ္မတ တဦး ရှာဖွေ နေခဲ့သည်ဆိုလျှင် ဦးဝင်းမြင့်ကိုု ရွေးချယ်စရာအကြောင်း မရှိပါ။

စဉ်းစားစရာ ဖြစ်နိုင်သော အကြောင်းရင်းတခုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တချိန်ကလောက် နုပျို ကြံ့ခိုင်မှု မရှိတော့ပါ။ အသက် ၇၃ နှစ်အတွင်းသို့ ဝင်ရောက်နေပြီဖြစ်သော သူမသည် မရေမတွက်နိုင်သည့် တိုင်းပြည်၏ ပြသနာများကြားတွင် ပင်ပမ်းနွမ်းနယ်နေပြီ ဖြစ်သည်။ မကြာသေးမီက ဩစတြေးလျ ခရီးစဉ်အတွင်း သူ တက်ရောက်ရန်ရှိသည့် အချို့သော အခမ်းအနားများကို ဖျက်ခဲ့ရသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် နိုင်ငံရေးအရ အင်အားကောင်းသော သမ္မတ အစစ်အမှန်တဦး လိုအပ်လာပါလိမ့်မည်။ ယေဘုယျအားဖြင့်ရော တချို့ ကိစ္စရပ်များကို သေချာကိုင်တွယ်နိုင်ရန်အတွက်ရော ဖြစ်သည်။

ထို့ပြင် အရေးကြီးသော နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်လျှင် သူနှင့် အတူ အနီးကပ် လုပ်ကိုင်နိုင် ဆွေးနွေးနိုင်မည့် နိုင်ငံရေးအားကောင်းသည့်သူများ အစိုးရအဖွဲ့ အတွင်းတွင် များများစားစား ရှိမနေသည့် အသွင်ဖြစ်သည်။ ဦးဝင်းမြင့်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အတွက် ထိုကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။

NLD ဦးဆောင်သည့် အစိုးရ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ သိသာမြင်သာသော ရလဒ်အချို့ ထုတ်ပြရန် လိုအပ် ပါသည်။ ထိုသို့ ပြုလုပ်နိုင်ရေး အတွက် တိုင်းပြည်၏ နေ့စဉ် ပြဿနာများကို ဖြေရှင်းနိုင်သော၊ NLD ၏ ရည်မှန်းချက်များကို ပိုမိုအောင်မြင်အောင် ကူညီနိုင်သော တစုံတယောက်ကို လိုအပ်ပါသည်။ သူ၏ လုပ်ရည်ကိုင်ရည်နှင့် လွှတ်တော် အတွေ့အကြုံများအရ ဦးဝင်းမြင့်သည် အဆိုပါပြဿနာများကို ဖြေရှင်းရာတွင် ပိုမို၍ ပြတ်သားနိုင်ပါသည်၊ ထက်မြက်နိုင်ပါသည်။

သို့သော်လည်း တပ်မတော်ခေါင်းဆောင်ပိုင်းတို့၏ နိုင်ငံရေးသဘောထားအပေါ်တွင် မူတည်သော ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေး တို့ကဲ့သို့သော အဓိက ရည်မှန်းချက်များ အောင်မြင်ရေးတို့က ခက်ခဲနေမြဲ ဖြစ်နိုင်သည်။

အကယ်၍ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရလျှင် ဦးဝင်းမြင့် အတွက် သူ့ကို တင်းမာသူ၊ စိတ်ဓာတ်ခိုင်မာသူအဖြစ် မြင်ထားသော တပ်မတော်ခေါင်းဆောင်ပိုင်းနှင့် ဆက်ဆံရေးက လွယ်ကူချောမွေ့လိမ့်မည် မဟုတ်ပါ။ တပ်မတော်က သူ့ကို သမ္မတ အနေဖြင့် သဘောမကျနိုင်စရာ ရှိသည်။ ဦးဝင်းမြင့်က လွှတ်တော်ထဲရှိ တပ်မတော်သား ကိုယ်စားလှယ်များကို ခက်ခဲသော အချိန်များ ပေးလေ့ ရှိခဲ့ပါသည်။

ဦးဝင်းမြင့်က နိုင်ငံ၏ တရားဝင် ထိပ်တန်း ရာထူးအတွက် လက်တဆုပ်စာသာရှိသော အလားအလာရှိသူများထဲမှ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်ပါသည်။ သို့သော်လည်း အကယ်၍ သူက ပွဲတက်သမ္မတ တယောက်ထက် ပိုရမည်ဆိုလျှင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူ့ကို အုပ်ချုပ်ရေး အာဏာ ပို၍ ပေးရန် လိုအပ်ပါလိမ့်မည်။ တနည်းဆိုရသော် နိုင်ငံ၏ မတိုးသာ မဆုတ်သာ နိုင်ငံရေး အခြေအနေကို ဖြေရှင်းရာတွင် သမ္မတရုံးကို ပို၍ ထိထိရောက်ရောက် အလုပ်လုပ်လာနိုင်အောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်နိုင်ပေသည်။

(အင်္ဂလိပ်ဘာသာဖြင့် Incoming President Needs More Power to Implement Government’s Plans  တွင် ဖတ်ပါ)

Did you find apk for android? You can find new Free Android Games and apps.
Loading