သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာ

လင်းငယ်
၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက် သမ္မတဦးဝင်းမြင့်နှင့် ဇနီးတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ သမ္မတအိမ်တော်တွင် တွေ့ရစဉ် / ကိုလတ် / Pool
Want create site? Find Free WordPress Themes and plugins.

မင်္ဂလာပါ သမ္မတကြီး ဦးဝင်းမြင့်ခင်ဗျာ။ နေကောင်းကျန်းမာ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက် အပ်ပါတယ်။

ကျနော့် အနေနဲ့ သမ္မတကြီးရဲ့ မိန့်ခွန်းကို နားထောင်ပြီးပြီးချင်း သမ္မတကြီးကို ကြိုဆိုချင်ဇောအား ကြီးသွားတဲ့ အတွက် ပြောမိမှား ရှိသွားရင် ခွင့်လွှတ်ပါခင်ဗျာ။ ကျနော့် တသက်မှာ အခုလို ပေးစာမျိုး တခါမှ မရေးဖူးပါ၊ ရေးလည်း မရေးရဲပါ။

သို့သော် သမ္မတကြီးက ပြည်သူ့သမ္မတစစ်စစ် ဖြစ်တာရယ်၊ သမ္မတကြီးရဲ့ ပထမဦးဆုံး မိန့်ခွန်းထဲက “ဌာနဆိုင်ရာ အဖွဲ့အစည်း များကို ကြပ်မတ်ရမယ်” ဆိုတဲ့ စကားကို ဝမ်းသာလွန်းတာရယ်ကြောင့် ရေးမိတာပါ။ အဲသလို ပြောလို့ “အစိုးရ ဝန်ထမ်းတွေကို သမ္မတကြီးက ကိုင်တော့မှာကွ၊ နာဖို့သာ ပြင်ထား” ဆိုပြီး စေတနာဆိုးနဲ့ ဝမ်းသာ နေကြတာ မဟုတ်ပါ။ ဝမ်းသာကြသူ များထဲမှာ ကျနော့် မိတ်ဆွေ အစိုးရ ဝန်ထမ်းငယ်တွေလည်း ပါပါတယ်။

ကျနော်တို့ အပြင်က လူအများစုကသာ အစိုးရဝန်ထမ်းတွေ မကောင်းကြောင်း ပြောချင်ပြောကြမယ်၊ အမှန်တကယ် ဒုက္ခ သုက္ခတွေကို အရင်ဆုံး ကနဦး ခါးစည်းခံရတာက အငယ်တန်း အစိုးရဝန်ထမ်းတွေပါ။ သူတို့ဟာ တိုင်မယ် တောမယ်၊ ဖွမယ် တကဲကဲ လုပ်နေတဲ့ လူမှုကွန်ရက် အားကိုးနဲ့ ပြည်သူတွေကို ကြောက်ရ၊ ကိုယ့်အထက် အထက်က အရာရှိ ကြောက်ရနဲ့ အကြောက်တရားတွေကြား လုံးချာလိုက်နေဆဲပါ။

အထက်ဖား အောက်ဖိဆိုတာ အောက်မှာ ဖိစရာများပြီး အထက်ကို ဖားလို့ ကောင်းတဲ့ အရာရှိ နေရာမျိုးအတွက်သာ မှန်တဲ့ စကားဖြစ်ပြီး အငယ်တန်းဝန်ထမ်းတွေ အတွက်တော့ မမှန်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အောက်မှာ ဖိစရာမှ မရှိတော့ပဲကိုး ခင်ဗျ။

အဲသလိုပြောလို့ အစိုးရယန္တယားကြီး အကြောင်း ခရေစေ့တွင်းကျ ပြောပြနိုင်တာတော့လည်း မဟုတ် သလို ပြောလည်း မပြောလိုပါဘူး။

ပြည်သူတွေရဲ့ စကားကို နည်းနည်းလောက် နားထောင်ကြည့်လိုက်တာနဲ့ သေသေချာချာ ကြားနိုင်ပါမယ်။ သမ္မတကြီး အနေနဲ့လည်း ပြည်သူ့စကား၊ ပြည်သူ့အသံကို နားထောင်ခဲ့တယ် ဆိုတာ သမ္မတကြီးရဲ့ မိန့်ခွန်းမှာ ပေါ်လွင်ထားပြီးသားပါ။ သမ္မတကြီး ကိုယ်တိုင်လည်း လွှတ်တော် ဥက္ကဋ္ဌ ၂ နှစ် သက်တမ်း အတွင်းမှာ ပြည်သူတွေရဲ့ လိုလားချက်တွေကို သိရှိတန်သလောက် သိရှိပြီး ဖြစ်ပါတယ်။

ဟုတ်ကဲ့ … ကျနော် ပြောချင်တာက အဲဒါ မဟုတ်ဘူးခင်ဗျ။ တကယ်လို့များ သမ္မတကြီးရဲ့ လုပ်ငန်းအစမှာ ကနဦးဆုံး နားပူတဲ့ အနေနဲ့ အောက်ပါအချက်ကလေး တခုကိုသာ နည်းနည်း အသိပေးချင်ရုံပါ ခင်ဗျ။ စီးပွားရေး ပညာရှင် ဆရာကြီး ဦးမြင့်က ပြောဖူးပါတယ်။ “အဂတိလိုက်စားမှုတွေကို တိုးမြှင့်တိုက်ဖျက်မယ် ဆိုရင် ငါးအကြီးကြီး ကြော်ရဲဖို့ လိုတယ်” ဆိုတဲ့ စကားပါ။ တခြားသူတွေလည်း ဒီစကားကို ကိုးကားကြပါတယ်။

ပြောချင်တာက အကောင်ကြီးကြီး ရာထူးကြီးကြီး သမားတွေကို အရေးယူပြနိုင်ရမယ် ပေ့ါ။ ကျနော်က ဒါတွေ သိပ် နားမလည်တော့ ဒီထက် ရှင်းမပြတတ်ပါခင်ဗျ။ သို့ပေမယ့် လူငယ်တဦး အနေနဲ့ လူငယ်အတွေးတခု တင်ပြချင်တာပါ။ အဲဒါကတော့ ငါးအကြီးကြီး ဖမ်းဖို့ ကြိုးစားနေတာနဲ့ တချိန်တည်း ငါးသေးသေးလေးတွေ များများ မွေးဖို့နဲ့ ငါးမျိုးကောင်း လေးတွေ ပျိုးထောင်ဖို့ပါ။

ဒီနေရာမှာ တရုတ်ပြည်ကြီးရဲ့ ပြုပြင် ပြောင်းလဲရေး အချိုးအကွေ့ တခုမှာ အရေးပါခဲ့တယ် လို့ ပညာရှင်များ အသိအမှတ် ပြုကြတဲ့ တချက်ကို ပြန်လည် တင်ပြ ဝေမျှချင်ပါတယ်။ အဲဒါကတော့ “လူငယ် အများအပြားကို ပြည်ပကို ပညာသင်ခွင့် ရအောင် လမ်းဖွင့်ပေးတာနဲ့ ပြည်ပက တရုတ်သွေးပါသူတွေကို ပြည်တွင်း ပြန်လာအောင် လုပ်ဆောင် ပေးခဲ့တာ” ဖြစ်ပါတယ်။

ပြောရရင် ဦးနှောက်ယိုစီးမှု (Brain Drain) ဖြစ်စဉ်ကို ပြောင်းပြန် ပြန်လှည့်တာ ဖြစ်ပြီး အဲဒီအကြောင်းကို သမ္မတကြီး သိရှိပြီး ဖြစ်မှာပါ။ ကျနော်တို့ နိုင်ငံက ကောင်းမွန် လတ်ဆတ်တဲ့ ဦးနှောက်တွေဟာ ပြည်ပကို ယိုစီးထွက်နေဆဲပါ။

ဒါအပြင် သမ္မတကြီးက အစိုးရ ယန္တရားကြီးကို ပြုပြင်ရင် အခက်တွေ့မယ့် ယိုစီးမှုတခု ရှိပါသေးတယ်။ အဲဒါက ပြည်ပ မထွက်သော်ငြား အစိုးရ အလုပ် တွေမှာ အလုပ် မလုပ်တော့တာ၊ အလုပ်ကနေ ထွက်ကုန်တာကြောင့် ပြည်တွင်းမှာတင် ယိုစီးသွားတာပါ။ နောက်တနည်းကတော့ အလုပ်လည်း မထွက်ဘူး၊ အလုပ်လည်း ကောင်းကောင်း မလုပ်တဲ့ မလုပ်မရှုပ် ဖြစ်အောင် တွန်းပို့ ခံလိုက်ရတဲ့ အခြေအနေပါ။

စိုးရိမ်စရာ ကောင်းတာက ဒီအတွင်းယိုစီးမှု ၂ ခုလုံးကြောင့် ကောင်းမွန်ထက်မြက်တဲ့ ဦးနှောက်တွေ အစိုးရဌာနတွေမှာ မကျန်တော့မှာကိုပါ။ ဒါကြောင့် ငါးမျိုးကောင်း သေးသေးလေးတွေ အစိုးရ အလုပ်ထဲမှာ ပျော်အောင် လုပ်ပေးဖို့ လိုတယ် လို့ ဆိုလိုချင်တာပါ။ အဲလို ပြောတဲ့အခါမှာလည်း အများစု လစာတိုးပေးရေး၊ လုပ်ငန်းခွင် သာယာအောင် လုပ်ပေးရေး၊ လုံခြုံမှု ရှိရေး ဒါတွေ ဇောင်းပေး ပြောကြလေ့ ရှိပါတယ်။ ကျနော်ကတော့ လူအများ အာရုံမစိုက်မိတဲ့ ကိစ္စတခုကို ထောက်ပြချင်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေကို အခွင့်အလမ်းများ ဖန်းတီးပေးပါ။ ဖန်တီး မပေးနိုင်သေးရင်တောင်မှ ပိတ်ပင်တာတွေ လျော့ပါးအောင် လုပ်ပေးပါ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ကြိုးစားရင် တိုးတက်နိုင်ခွင့် ရှိတယ် ဆိုတဲ့ အခွင့်အလမ်းတွေ ပေးအပ်ဖို့ပါ။ အရင် သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းကတော့ နိုင်ငံတော်ပညာသင်ဆု စီစဉ်ခဲ့တာ တွေ့ဖူးပါတယ်။ အခုလည်း အဲလို လုပ်ပေးရင် ကောင်းပါတယ်။ ဒါပေမယ့် မလုပ်ပေးနိုင်လည်း ပြဿနာတော့ မရှိသေးပါဘူး။ မြန်မာပြည်က ကျောင်းသားတွေကို ပညာသင်ဆုပေးပြီး ပြည်ပကို ပညာသင်စေချင်တဲ့ အစီအစဉ်တွေ အများကြီး ရှိပါတယ်။

တချို့ ပညာသင်ဆုတွေက အရပ်ဘက်က လူတွေကို ဦးစားပေးပြီး တချို့က အစိုးရဝန်ထမ်းကို ဦးစားပေးတာ ရှိပါတယ်။ ဝန်ထမ်းတဦးချင်း အလိုက် စိတ်ဝင်စားမှု၊ ထူးချွန်မှု အပေါ်မှာ မူတည်ပြီး ခေါ်တဲ့ ပညာသင်ဆုက ပိုများမယ် ထင်ပါတယ်။ တချို့ဆို ကိုယ့်အရည်အချင်းနဲ့ ကြိုးစား လျှောက်ကြပြီး ပညာသင်ဆု ရကြပေမယ့် အခက်အခဲအများကြီး ကြုံရပါတယ်။

နိုင်ငံဝန်ထမ်း တယောက် ပြည်ပမှာ နှစ်ရှည်လများ သွားရောက်ဖို့က ခွင့်ပြုချက် လွယ်လွယ်နဲ့ ရတာမျိုး မဟုတ်ပါဘူး။ ရလာပြန်ရင်လည်း ကြားထဲ အားလပ်ရက်တွေမှာ အိမ်ပြန်လာဖို့ ခက်၊ တခြား ကျောင်းသားတွေလို တခြား နိုင်ငံတခုခုကို ခရီးတို သွားရောက်ဖို့လည်း ခွင့်ပြုချက် မရလို့ မလိုက်ရ၊ တခုခု လုပ်မယ် ဆိုရင်မိခင်ဌာနကို ခွင့်ပြုချက် တောင်းခံရ၊ အရာရာကို ခွင့်ပြုချက် ရမှ လုပ်ရတဲ့ ကျောင်းသားတွေ အများကြီးပါ။

လူတိုင်း ကြုံနေတယ် လို့ မပြောချင်ပေမယ့် လူတွေကို ခက်ခဲအောင် စိတ်ဓာတ် ကျလောက်အောင်ကို ရှုပ်ထွေးတာတော့ အမှန်ပါပဲ။ ဌာနအလိုက် ကွဲပြားတာလည်း တွေ့ရပါတယ်။ တချို့ဌာနတွေကတော့ ကိုယ့်ဝန်ထမ်းကို လူကြားထဲမှာ တင့်တယ်ဖို့ အတွက်အစွမ်းကုန် ပံ့ပိုးတာလည်း တွေ့ရပါတယ်။ ပြောရင်းပြောရင်းနဲ့ သမ္မတကြီး နာပူအောင် ခိုငြီးငြီးသလို များ ဖြစ်နေမလားပဲ။

ကျနော် အဓိက ပြောချင်တာက နိုင်ငံ့ဝန်ထမ်းထဲက ထူးချွန်ထက်မြတ်တဲ့ လူငယ်တွေ အတွက် အခွင့်အလမ်းတွေကို ပိတ်ပင်နေတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးတွေကို သမ္မတကြီး သိရှိပြီး ဖယ်ရှားပေးနိုင်ဖို့ပါ ခင်ဗျ။ ပြည်တွင်းမှာ ဆိုလည်း သင်တန်း ၁ ပတ်လောက် တက်ရမယ့်ဟာကို “ရုံးမှာ မနေချင်လို့ သင်တန်းတွေချည့် တက်နေတယ်” လို့ မြင်တတ်တဲ့ အရာရှိများလည်း တပုံတပင်ပါ။

ဟိုတလောကပဲ ပြည်ပမှာ သင်တန်းတွေ၊ ကွန်ဖရင့်တွေ ရှိရင် ဌာနကို အရင်အကြောင်းကြားဖို့ တယောက်ချင်း ဦးတည် ဖိတ်တာတွေ မလုပ်ဖို့ ကြေငြာချက် တစောင် ဖတ်လိုက်မိပါသေးတယ်။ တဦးချင်းက တော်နေရင် ဘယ်နိုင်ငံခြား တက္ကသိုလ်ကမှ အခြား တယောက် ဖိတ်ချင်မှာ မဟုတ်ပါဘူး။ ဒါကလည်း မြင်သာတဲ့ ဥပမာ တခုပါပဲ။

နောက်တခုက လက်သင့်ရာ ကိုယ့်လူကိုယ် အခွင့်အရေး ပေးတတ်ကြတာလည်း သမ္မတကြီး သိပြီး ဖြစ်မှာပါ။ ဒါတွေက ယေဘုယျ ပြောနေတာ၊ အထောက်အထားမရှိဘူး လို့ ယူဆတယ် ဆိုရင်လည်း သမ္မတကြီး ရင်းနှီးပြီးသား ဖြစ်တဲ့ လွှတ်တော်တို့၊ တဖြည်းဖြည်း ရင်းနှီးလာရမယ့် အစိုးရအဖွဲ့ရုံးတို့က အငယ်တန်း ဝန်ထမ်းလေးတွေနဲ့ စကားစမြည် ပြောကြည့်ပါလို့ အလွယ်ဆုံး တိုက်တွန်းရမှာပါပဲ။

လောလောဆယ် သမ္မတကြီးအား ဖတ်ရှုစေလိုတာကတော့ “နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာ စီမံချက် ၂၀၁၇-၂၀၂၀ (Myanmar Civil Service Reform Strategic Action Plan 2017-2020)” ဆိုတဲ့ စာမျက်နှာ ၇၃ မျက်နှာရှိ စာတမ်းလေးပါ။ (ဒီလင့်မှာ အင်္ဂလိပ်ရော မြန်မာဘာသာပါ ဒေါင်းလုဒ်ယူလို့ ရပါတယ်။)

အဲဒီစာတမ်းရဲ့ အခန်း ၂ မှာ အရည်အချင်းကို အခြေခံ၍ စွမ်းဆောင်ရည် ရှိမှုကို အားပေးသော အလေ့အထများ၊ အခန်း ၃ မှာတော့ ခေါင်းဆောင်မှု ပေးနိုင်ရန်၊ အရည်အသွေးနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရန် ဆိုတာတွေ ပါပါတယ်။ သမ္မတကြီး လုပ်ချင်တဲ့ ပြုပြင်ပြောင်းလဲမှု မရှိတဲ့ ဝန်ထမ်း အဖွဲ့အစည်းတွေကို ကိုင်တွယ်ချင်ဖို့ အသင့်သုံးပါပဲ ခင်ဗျ။

သို့သော်လည်း အဲဒီဗျူဟာကြီးက ဝန်ထမ်းကောင်းတွေကို ဘယ်လို မွေးထုတ်ရမယ် ဆိုတာမှာတော့ အရမ်းကို အားနည်းလွန်း နေပါတယ်။ အထူးသဖြင့် မုန့်လာဥလည်းပြ၊ တုတ်လည်းပြ ဆိုတဲ့ဟာမှာ တုတ်နဲ့ချည်း ကိုင်ချင်တာက ကဲနေပါတယ်။

မုန်လာဥနဲ့ ခိုင်းနှိုင်းပြောရတဲ့ အခွင့်အလမ်းတွေ၊ စိတ်ဓာတ်အင်အား တက်ကြွလာအောင် ဖန်တီး ပေးသင့်ပါတယ်။ ဒီ အတွက်တော့ သမ္မတကြီးက တကျောင်း တဂါထာ၊ ဌာနတခု စည်းကမ်းတမျိုး မဖြစ်ရလေအောင်၊ ဝန်းထမ်းလည်း မနစ်နာအောင်၊ အကြီးအကဲလည်း ထိန်းသိမ်းကူညီရ လွယ်ကူအောင် ရှင်းလင်းတဲ့ မူဘောင်လမ်းညွှန်ချက် တခု လိုနေပြီလို့ မြင်မိပါတယ်။

ကျနော် အခု ရေးသားတင်ပြခဲ့တဲ့ ပညာသင်ခွင့်ဆိုတာ လူအနည်းစုပဲ ရနိုင်တဲ့အခွင့်အလမ်း ဖြစ်ပါတယ်။ ရှင်းလင်းမြင်သာ အောင် ဥပမာ အဖြစ် ပြောပြတာဖြစ်ပါတယ်။ အခြား မက်လုံးပေး လှုံ့ဆော်တဲ့ အစီအစဉ်တွေ အများအပြား ရှိပါသေးတယ်။

မြန်မာ့ အပြောင်းအလဲဟာလည်း ခေါင်းဆောင်အသစ်နဲ့ သွေးသစ်လောင်းပြီး သမ္မတကြီးကိုယ်တိုင် ဦးဆောင်ကာ အရှိန်မြှင့်ဖို့ အားယူလာပါပြီ။ နိုင်ငံရေး ရာထူးဘက်က လူတွေက သွေးသစ်လောင်းဖို့ လွယ်သလောက် ဗျူရိုကရက် ယန္တရားကြီးက လူတွေကို သွေးသစ်လောင်းဖို့က ခက်လှပါတယ်။

“ဖြုတ် ထုတ် သတ်” လုပ်တာဟာ သမ္မတကြီးတို့ရဲ့ လမ်းစဉ်မဟုတ်ဘူး ဆိုတာ သဘောပေါက်ပါတယ်။ ဒါကြောင့် လူငယ် သွေးသစ်တွေကို အမြှော်အမြင် ရှိရှိ ပျိုးထောင်ပေးဖို့၊ အနှောင်အဖွဲ့ နည်းနည်းနဲ့ ပညာသင်ယူနိုင်ဖို့၊ အရည်အချင်းနဲ့ အကျင့်စာရိတ္တ ကောင်းမွန်သူတွေ ဖော်ထုတ်မွေးမြူနိုင်ဖို့ စတာတွေက အဓိကကျပါတယ်။

သို့သော် သွေးသစ်တွေရဲ့ ခြေတွေ လက်တွေကို ကန့်သတ် တုတ်နှောင်ထားတဲ့ အုပ်ချုပ်ရေး ထုံးဟောင်း နည်းဟောင်းကြီး တွေကတော့ လူဟောင်းကြီးတွေ လက်ထဲမှာ မြင်သာထင်ရှား ရှိနေဆဲပါ။

သမ္မတကြီး အနေနဲ့ ဒါတွေကို ထဲထဲဝင်ဝင် လေ့လာပြီး ဖြေလျော့နိုင်ပါစေကြောင်း ဆုတောင်းရင်း ကျနော့် စာကို နိဂုံးချုပ်အပ်ပါတယ် ခင်ဗျာ။ သမ္မတကြီးရွှင်လန်းကျမ်းမာပါစေ။

(လင်းငယ်သည် မြန်မာဆရာဝန်တစ်ဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading