ကုန်စည်စီးဆင်းမှု ပို့ဆောင်ဆက်သွယ်ရေး လွယ်ကူချောမွေ့စေဖို့ အတွက် တံတားတွေ၊ လမ်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နိုင်ငံတနိုင်ငံမှာ တံတားတွေဆောက်၊ လမ်းတွေဖောက် လုပ်တာဟာ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စ ဖြစ်ပေမယ့် အဲဒီလမ်းတံတားတွေရဲ့ အရည်အသွေး ပြည့်မီ၊ မမီကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ အရည်အသွေး မပြည့်မီတဲ့ တံတားတွေ ဖြစ်နေရင် ဖြတ်သန်း သွားလာနေသူတွေ အတွက် တော်တော်လေး အန္တရာယ်များ ပါတယ်။
ဧပြီ ၁ ရက်နေ့မှာ ပြည်သူတွေကြား အံ့သြတုန်လှုပ်ခဲ့ရတဲ့ သတင်းတပုဒ်ကတော့ ဧရာဝတီတိုင်းဒေသကြီးက မြောင်းမြ ကြိုးတံတား ပြတ်ကျခဲ့ရတဲ့ ဖြစ်စဉ်ပါပဲ။ နံနက်ပိုင်း ၁ နာရီ ၄၅ မိနစ်မှာ တံတားဟာ အလယ်ကနေ ကြိုးပြတ်ပြီး ရွေးမြစ်ရဲ့ မြစ်လက်တက်တခု ဖြစ်တဲ့ မြောင်းမြမြစ်ထဲကို ပြတ်ကျသွားခဲ့လို့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပြုလုပ်နေတဲ့ ကုန်စည်းစီးဆင်းမှု တွေပါ ရပ်တန့်သွားရတာပါ၊
ဝမ်းနည်းစရာ ကောင်းတာက တံတားပြတ်ကျတဲ့ အချိန်မှာ ကြက်စာအိတ်တွေ တင်ဆောင်လာတဲ့ ခြောက်ဘီး ကုန်တင် ယာဉ်တစင်းလည်း မြစ်ထဲ ထိုးကျသွားခဲ့တာ ပါပဲ။ ယာဉ်မောင်းနဲ့ အတူ ယာဉ်မောင်းရဲ့ ဆွေမျိုးတော်စပ်သူ တယောက်ပါ ပျောက်ဆုံးခဲ့ပါတယ်။
နောက်ဆုံး သိရတဲ့ သတင်းတွေအရ ယာဉ်မောင်းဖြစ်သူရဲ့ အလောင်းကို ဧပြီ ၁ ရက်နေ့ ညနေပိုင်းက ဆယ်ယူရရှိခဲ့ ပေမယ့် တခြားတယောက်ကိုတော့ ရှာမတွေ့သေးပါဘူး၊ မြောင်းမြကြိုးတံတား အခုလို ပြတ်မကျခင် ကတည်းက သတိပေးမှုတွေ၊ စိုးရိမ်မှုတွေ ရှိနေခဲ့ပြီး လုံခြုံစိတ်ချရအောင် အစီအမံတွေ မပြုလုပ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး မေးခွန်း အများအပြားပါ ထွက်ပေါ်စေခဲ့ပါတယ်။
ပထမဆုံး မေးရမယ့် မေးခွန်းက လူ့အသက်သေဆုံးစေတဲ့ အထိ ဖြစ်ပေါ်ခဲ့ရတဲ့ ဖြစ်စဉ် အတွက် ဘယ်သူက တာဝန်ယူ၊ တာဝန်ခံမှာလဲ ဆိုတဲ့ ကိစ္စပါ။ ဒီကြိုးတံတားကို စတင် တည်ဆောက်ခဲ့တာက စစ်အစိုးရလက်ထက်၊ ၁၉၉၆ ခုနှစ်က ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အနှစ် ၂၀ ကျော်အကြာမှာ အခုလိုဖြစ်ခဲ့တာပါ။
“တည်ဆောက်ပြုပြင် မြန်ပြည်တခွင်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ မြန်မာနိုင်ငံတဝှမ်း လမ်းတွေဖောက်၊ တံတားတွေဆောက်ခဲ့ ကြတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် အဆင့်ဆင့်သော အကျင့်ပျက်ခြစားမှုတွေကြောင့် စံချိန်စံညွှန်း ပြည့်မီတဲ့ လမ်းတွေ၊ တံတားတွေ ဖြစ်မလာခဲ့ပါဘူး။ များသောအားဖြင့် ဘယ်မြို့နယ်မှာတော့ ဘယ်တံတားကြီး တည်ဆောက်ပြီးပြီ၊ ဘယ်ဒေသတွေက ဘယ်လိုဖွံ့ဖြိုးလာတော့မယ်၊ ဘယ်အရာရှိကြီးတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးလိုက်ပြီဆိုတဲ့ သတင်းတွေ ကိုပဲ အဲဒီခေတ်၊ အဲဒီ အခြေအနေမှာ ပြည်သူတွေ ဖတ်ရှု့ခဲ့ရတာပါ။
ဒါပေမယ့် တံတားတစင်းကို အထက်က သတ်မှတ်ထားတဲ့ ကာလအတိုင်း မြန်မြန်ပြီးဖို့ အရေးကိုပဲ ဦးစားပေး လုပ်ဆောင်တာ၊ အရည်အသွေး မီတဲ့ ပစ္စည်းတွေ မသုံးဘဲ ပစ္စည်းတွေ ခိုခဲ့တာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကိုတော့ မြောင်းမြ ကြိုးတံတားက သက်သေပြနေပါတယ်။
တံတားတစင်းကို တည်ဆောက်ရုံနဲ့ အသုံးပြုခွင့် ပေးနေရုံနဲ့ မပြီးသေးဘဲ အဲဒီတံတားရဲ့ ခံနိုင်ဝန်၊ တန်ပိုဖြတ်သန်းခွင့် ပြုသင့်၊ မပြုသင့်၊ တံတားဖြတ်သန်း တည်ဆောက်ထားတဲ့ မြစ်ရဲ့ ရေစီးနှုန်း၊ နွေနဲ့ မိုးအခါတွေ့ကြုံရနိုင်တဲ့ ရေမျက်နှာပြင် အနေအထား တွေကိုပါ ထည့်သွင်းတွက်ချက်ရမှာ ပါ၊ မြောင်းမြ ကြိုးတံတားဟာ အကျယ် ၁၈ ပေပဲ ရှိပြီး ကားတွေ ဖြတ်သန်းဖို့ တလမ်းမောင်းစနစ်ကို ထားရှိပေးထားပါတယ်။ အရှည်ပေ ၁၄၀၀ ကျော်ရှိတဲ့ အဲဒီတံတားကို ပြုပြင် ထိန်းသိမ်းမှု ပြုလုပ်ခဲ့တာ တလမပြည့်မီမှာပဲ အခုလိုဖြစ်ခဲ့ရလို့ မေးခွန်းထုတ်စရာ ထပ်ဖြစ်လာရပါတယ်။
တံတားဦးစီးဌာနရဲ့ ကြေညာချက်မှာ အခုလိုဖော်ပြထားပါတယ်။ “မြောင်းမြကြိုးတံတား အဟောင်းအား ရေရှည်အသုံးပြု နိုင်ရေး အတွက် (၁၁-၃-၂၀၁၈) ရက် တနင်္ဂနွေနေ့ ည (၁၀း၀၀) နာရီမှ (၁၂-၃-၂၀၁၈) ရက်နေ့ နံနက် (ရး၀၀) နာရီအထိ တံတား ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဘက်ဘက်မှ ကူညီပူးပေါင်း ဆောင်ရွက်ပေးပါသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြောင်းမြမြို့သူ မြို့သားများနှင့် ခရီးသွားပြည်သူ ပြည်သားများ အားလုံးကို အထူးကျေးဇူးတင် ရှိပါသည်။” (၁၂-၃-၂၀၁၈) ရက်နေ့ နံနက် (ရး၀၀) နာရီမှစ၍ ယာဉ်များပုံမှန်သွားလာနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၁)” တဲ့။
ဆန်းစစ်ကြည့်ရမယ့် အချက်တချက်က တံတားရဲ့ ကြံ့ခိုင်မှု စိတ်ချရတဲ့ အဆင့်ထိ ရောက်အောင် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်ကို မတ်လ ၁၁ ရက်နေ့ ညကနေ မတ်လ ၁၂ ရက်နေ့ နံနက်အထိ ၂၄ နာရီတောင် မပြည့်ဘဲ ဆောင်ရွက်ခဲ့တာဟာ မှန်ကန်မှုရှိရဲ့လားဆိုတာပါ။ ကြိုးတံတားတခုလုံးကို ပြင်ဆင်ထိန်းသိမ်းမှုဟာ ဒီထက်ပိုပြီး အချိန်ယူရမှာ ဖြစ်ပါတယ်။
အဲဒီတံတားကို ပြုပြင်ခဲ့စဉ်ကလည်း နိုင်ငံတော်ဘတ်ဂျက်ကနေ မဟုတ်ဘဲ တံတားအထူးအဖွဲ့ရဲ့ ငွေကြေးနဲ့ ဆောင်ရွက်ခဲ့တာ လို့ သိရပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်အရေ မြောင်းမြကြိုးတံတားဟာ ကွန်ကရစ်အတွင်း အပြင်က မမြင်ရတဲ့ ကြိုးတွေ မြှုပ်နှံထားတဲ့ တံတားအမျိုးအစားဖြစ်လို့ အဲဒီကြိုးတွေ ပြတ်ကျရာက တံတားပြတ်ကျတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
တခြားနိုင်ငံတွေမှာ လူ့အသက် သေဆုံးစေတဲ့ အထိ လမ်း၊ တံတားပျက်ကျမှုတွေ ဖြစ်ပွားခဲ့ရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ အင်ဂျင်နီယာတွေကို ထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်လေ့ရှိပါတယ်။ ဒါအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနက ဝန်ကြီး (ဒါမှမဟုတ်) အရာရှိတွေ ကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံတဲ့ အနေနဲ့ ရာထူးကနေ နှုတ်ထွက်ပါတယ်။
ကျမတို့ မြန်မာနိုင်ငံမှာတော့ အဆက်ဆက်သော အစိုးရတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ပျောက်ဆုံးနေတာကြောင့် ဘယ်လောက်ပဲ လူ့အသက်တွေ သေသေ ရာထူးက နုတ်ထွက်သူရယ်လို့ တယောက်မှ မရှိခဲ့တာကလည်း ထူးဆန်းနေပါတယ်။
ပိုဆိုးတဲ့ အချက်က NLD အစိုးရဟာ အရင်အစိုးရတွေရဲ့ ကောင်းမွေ၊ ဆိုးမွေမှန်သမျှ လက်ခံယူရတဲ့ အစိုးရဖြစ်နေလို့ ဒီကိစ္စမှာလည်း စတင် တည်ဆောက်ခဲ့သူတွေကို အရေးယူဖို့ မလွယ်ကူတဲ့ အနေအထား ဖြစ်နေပြန်ပါတယ်။ နောင် ဒါမျိုး အဖြစ်ဆိုးတွေ မဖြစ်အောင် အကောင်းဆုံး လုပ်ဆောင်သွားဖို့ကိုပဲ ရေရှည်စီမံချက်အနေနဲ့ စဉ်းစားလုပ်ဆောင်သွားရပါလိမ့် မယ်။ တဆက်တည်းမှာပဲ ကိုလိုနီခေတ် ကတည်းက တည်ဆောက်ခဲ့တဲ့ စစ်ကိုင်းတံတား (အင်းဝတံတား)နဲ့ စစ်အစိုးရ လက်ထက်က တည်ဆောက်ခဲ့တဲ့ ရတနာပုံ တံတားနှစ်စင်းရဲ့ ကြံ့ခိုင်မှုကို နှိုင်းယှဉ်စဉ်းစားမိပါတယ်။
စစ်ကိုင်းတံတားဟာ ဒီနေ့ထက်ထိ စိတ်ချလက်ချ အသုံးပြုလို့ ရနေတဲ့ တံတားတစင်း ဖြစ်ပြီး စစ်ကိုင်း-မန္တလေး ပြေးဆွဲခဲ့တဲ့ ခရီးသည်တင်ကားတွေ ဖြတ်သန်းနေဆဲပါ။ ရတနာပုံ တံတားကတော့ အမြင်နဲ့ ဒီဇိုင်း အရ လှပပေမယ့် တန်ချိန် သိပ်များ တဲ့ ယာဉ်တွေ ဖြတ်သန်းမှုကို ခံနိုင်ရည်ရှိပါ့မလားလို့ ပူပင်မှုတွေ ထွက်ပေါ်နေတဲ့ တံတားတစင်းပါ။ တံတားတစင်းကို မြန်မြန် တည်ဆောက်နိုင်တယ် ဆိုပြီး ဂုဏ်ယူချင်တဲ့၊ သတင်းစာတွေမှာ သတင်းတွေ ဝေဝေဆာဆာ ဖော်ပြနိုင်ဖို့ အတွက်သာ ရည်ရွယ် တည်ဆောက်ခဲ့တဲ့ ဆိုးကျိုးကို နောက်ထပ် မခံစားရဖို့ နည်းလမ်းတွေ ရှာဖွေသင့်ပါပြီ။
မြောင်းမြတံတားနဲ့ အပြိုင် ဆောက်ခဲ့တဲ့ ဧရာဝတီတိုင်းထဲက တခြား တံတားတွေ၊ ကုန်စည်နဲ့ လူတွေ နေ့စဉ် ဖြတ်သန်းနေတဲ့ ကရင်နဲ့ မွန်ပြည်နယ်က ဂျိုင်း၊ ဇာသပြင်နဲ့ မော်လမြိုင် တံတားတွေအပြင် ကျမတို့ ရန်ကုန်တိုင်း ဒေသကြီးထဲက သန်လျင်တံတား၊ အောင်ဇေယျတံတား၊ ဗန္ဓုလတံတားတွေရဲ့ ကြံ့ခိုင်မှုကိုလည်း ပြန်လည် ဆန်းစစ် သင့်ပါတယ်။
သန်လျင်တံတားဟာ ရန်ကုန်နဲ့ သန်လျင်မြို့နယ်ကိုဆက်သွယ်ထားတဲ့ အရေးပါတဲ့ တံတားတစင်း ဖြစ်ပါတယ်။ သန်လျင်မှာ နည်းပညာတက္ကသိုလ် အပါအဝင်၊ သမဝါယမတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်တွေပါ တည်ရှိနေလို့ တံတားပေါ် နေ့စဉ်ဖြတ်သန်း သွားလာနေရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ရဲ့ လုံခြုံစိတ်ချရမှုတွေ အတွက် စဉ်းစားရမှာပါ။
ဒါအပြင် သီလဝါ စက်မှုဇုန်ဘက်ကို သွားတဲ့ယာဉ်တွေကို အမှတ် ၂ တံတားကနေပဲ ဖြတ်သန်းသွားလာဖို့ ညွှန်ကြားထားပေမယ့် ည ၁ နာရီ၊ ၂ နာရီဝန်းကျင်မှာ တချို့ယာဉ်တွေက သန်လျင် တံတားပေါ်ကနေပဲ ဖြတ်သန်းနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာလည်း ရှိပါတယ်။ ယာဉ်ကြီးတွေ နေ့စဉ် ဖြတ်သန်းနေတဲ့ အတွက် တံတားရဲ့ ခံနိုင်ဝန်ကျော်လွန်မှာကို စိတ်ပူနေကြတာ သဘာဝ ကျပါတယ်။
လှိုင်သာယာမြို့နယ်ကနေ ရန်ကုန်မြို့ထဲကို အလုပ် လာလုပ်သူတွေ၊ ခရီးသည်တွေဟာလည်း အောင်ဇေယျတံတားကို ဖြတ်သန်း ရပါတယ်။ ပုဇွန်တောင်ချောင်းကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ ဗန္ဓုလတံတားပေါ်မှာလည်း ခရီးသည်တင် ဘတ်စ်ကားတွေသာ မက ကွန်တိန်နာကားတွေက နေ့ရော၊ ညပါ ဖြတ်သန်းနေပါတယ်။ အထူးသဖြင့် ကွန်တိန်နာကားတွေ ဟာ တန်ချိန် အလွန်များပြားသလို တံတားပေါ်မှာ အရှိန်မြှင့်ပြီး မောင်းနှင်တာကြောင့် တံတားရဲ့ ကြံ့ခိုင်မှုကို မဖြစ်မနေ စစ်ဆေးဖို့ လိုအပ်နေပါပြီ။ ကွန်တိန်နာကားတွေကို နေ့ရော၊ ညပါ ဖြတ်သန်းခွင့် ပြုနေတာကိုပါ ခွင့်ပြုသင့်၊ မသင့် စဉ်းစားသင့် ပါတယ်။
တံတားတွေရဲ့ အရည်အသွေး၊ ခံနိုင်ရည် ရှိ/မရှိ၊ ကြံ့ခိုင်မှု ရှိ/မရှိ နှစ်စဉ် စစ်ဆေးပြီး တကယ်ကျွမ်းကျင်တဲ့ အကျင့်ပျက် ခြစားမှု မရှိတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ပြုပြင်ထိန်းသိမ်းမှုတွေကို အချိန်ယူပြီး စနစ်တကျဆောင်ရွက်သွားရမှာပါ။ ပြည်သူ့ အသက်တွေ ထပ်မံမဆုံးရှုံးအောင် ကာကွယ်ဖို့ အစီအမံတွေပြုလုပ်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ တာဝန်ရှိပြီး နောက်ထပ် ဆောက်လုပ်မယ့် တံတားတွေ အရည်အသွေးမီအောင် ဆောက်လုပ်ဖို့ လိုကြောင်း မြောင်းမြကြိုးတံတားက သင်ခန်းစာ ပေးခဲ့ပြီ ဖြစ်ပါကြောင်း။ ။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)