ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံရေး ပြသနာ ပဋိပက္ခများ ရိုက်ခတ်မှု ရှိခဲ့လင့်ကစား မတ်လ ၃၀ရက်နေ့ သမ္မတသစ် ကတိသစ္စာဆိုခြင်း အခမ်းအနားကို ကြည့်ခဲ့ကြသည့် မြန်မာနိုင်ငံသားအများစု အနေဖြင့် မိမိတို့နိုင်ငံ အခြေအနေသည် ယခုထိတော့ မဆိုးလှဟု ခံစားကြရမည်မှာ သေချာပါသည်။ ထိုနေ့တွင် ရာစုနှစ်တဝက်ကျော်ကြာ စစ်အစိုးရ အုပ်ချုပ်မှုနောက်ပိုင်း ဒုတိယအကြိမ် ပြည်သူက ရွေးကောက်တင်မြှောက်ခံရသည့် ဦးဝင်းမြင့်က သမ္မတတာဝန် လက်ခံယူခြင်းကို ကျနော်တို့ မြင်ခဲ့ရပါသည်။
၂၀၁၁ ခုနှစ်က စတင်၍ နိုင်ငံရေး အသွင်ကူးပြောင်းမှုများ ရှိခဲ့သော်လည်း တိုင်းပြည်၏ ရှုပ်ထွေးသည့် ပဋိပက္ခများကြောင့် နောက်ကြောင်းပြန် လှည့်သွားမလားဆိုသည့် စိုးရိမ်ပူပန်မှုများ ပြည်သူများတွင် ရှိနေခဲ့ကြပါသည်။
ထိုသို့ အခြေအနေမျိုးတွင် သမ္မတဦးဝင်းမြင့်၏ ကတိသစ္စာပြုပြီး တာဝန်လက်ခံရယူသည့် ပွဲသည် မင်္ဂလာရှိသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ၁၉၆၂ စစ်တပ်က အာဏာသိမ်းယူပြီးသည့် နောက်ပိုင်းကစ၍ ၅၆ နှစ်အတွင်း ဦးဝင်းမြင့်သည့် ဒုတိယမြောက် ရွေးကောက်ခံ အရပ်သားသမ္မတ ဖြစ်သောကြောင့်ဖြစ်သည်။
အသက် ၆၆ နှစ် ရှိပြီဖြစ်သည့် သမ္မတသစ်၏ နောက်ထပ် အရည်အသွေးက ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကတည်းက နိုင်ငံရေး လှုပ်ရှားသူတဦးဖြစ်ခြင်း၊ ထိုမတိုင်မီက ရှေ့နေတယောက်ဖြစ်ခြင်း၊ ၂၀၁၂ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ချိန်မှစ၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်လာခြင်း၊ ၂၀၁၆ ခုနှစ်မှ စ၍ ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ထမ်းဆောင်ခဲ့ခြင်းတို့ဖြစ်သည်။ နောက်ထပ် အရေးကြီးသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည် နှင့် တခြားခေါင်းဆောင်များ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို စတင်တည်ထောင်စဉ်ကတည်းက ဦးဝင်းမြင့်သည် ပါတီ၏ အမာခံ အဖွဲ့ဝင်တယောက် ဖြစ်ခဲ့သည်။ NLD ပါတီသည် ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅နှင့် ၂၀၁၇ ရွေးကောက်ပွဲများတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံးဖြစ်နေဆဲ ပါတီတခုဆိုသည်မှာ ငြင်း၍ မရပါ။
သို့သော် ဦးဝင်းမြင့် သမ္မတတာဝန် လက်ခံပွဲအခမ်းအနားသည် မည်သူကမျှ ဥပေက္ခာ မပြုနိုင်သည့် မြန်မာ့နိုင်ငံရေး ပကတိတရားကိုလည်း သတိပေးနေသည်။ ကတိသစ္စာ ဆိုရာတွင် သမ္မတ ဦးဝင်းမြင့်က “ကျနော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်…” ဟု ၂၀၀၈ ခုနှစ်တွင် ယခင်စစ်အစိုးရက ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ယခင် သမ္မတများကဲ့သို့ပင် တိုင်တည် သစ္စာဆိုခဲ့ရသည်။
သို့သော်လည်း ကတိသစ္စာဆိုပြီး မိနစ် အနည်းငယ်အကြာတွင် သမ္မတက ထိုစင်မြင့်ပေါ်မှာပင် ပထမဆုံး မိန့် ခွန်းကို ပြောကြားသောအခါ အစိုးရအဖွဲ့၏ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တခုအဖြစ် “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး တို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောခဲ့သည်။
ထိုမြင်ကွင်း ကပင် မြန်မာ့နိုင်ငံရေး၏ ကမောက်ကမနိုင်သော အနေအထားကို ဖော်ပြနေပါသည်။ ထိုအခြေအနေကပင် မြန်မာပြည်၏ နိုင်ငံရေး ပုံစံဖြစ်သည်။
ဒါတင် မကသေး။ ထိုကတိသစ္စာဆိုပွဲကို ကြည့်ပါ။ သမ္မတက ဒုတိယ သမ္မတ ၂ ဦးနှင့် အတူ ကျမ်းသစ္စာ ဆိုခဲ့ပါသည်။ သူတို့နှစ်ဦးထဲမှ တဦးမှာ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာရယူထားသည့် တပ်မတော်သားကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ထားသည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ဖြစ်သည်။ ဆိုလိုသည်မှာ တပ်မတော်ကို ကိုယ်စားပြုသည့် ဒုတိယသမ္မတဖြစ်သည်။
သမ္မတအသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ဦးဝင်းမြင့်က ထို ၂၅ ရာခိုင်နှုန်းနေရာယူထားသည့် စစ်ဘက်အရာရှိများ၊ ၎င်းတို့ကို ရွေးချယ်ခန့်အပ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုအစိုးရဝန်ကြီးများ၊ ဧည့်သည်တော်များရှေ့တွင် ကတိသစ္စာဆိုခဲ့ခြင်းဖြစ်သည်။
ဒါတွေအားလုံးသည် အခြေခံဥပဒေမှ ထူးခြားသော အရှိတရားတခုပင် ဖြစ်ပါသည်။ ထိုအထဲတွင် ဒုတိယ သမ္မတတဦး အပြင် အရေးကြီးသည့် အစိုးရ ဝန်ကြီး ၃ နေရာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ရန် သတ်မှတ်ထားခြင်း လည်း ပါဝင်ပါသည်။
အမှန်စင်စစ် ယင်းသည် ရွေးကောက်ခံ အရပ်သားအစိုးရ နှင့့် တပ်မတော်တို့ အကြား နိုင်ငံရေး ကစားပွဲတခု ဖြစ်ပါသည်။ ထိုနိုင်ငံရေး အခြေအနေတွင် သမ္မတသစ်လက်ထက် NLD အစိုးရ၏ နိုင်ငံ ရေး ရည်မှန်းချက်များက များစွာ ပြောင်းလဲ လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် သမ္မတသစ်ဦးဝင်းမြင့်သည် ၎င်း၏မိန့်ခွန်းတွင် ဦးထင်ကျော်ကဲ့သို့ပင် အမျိုးသား ပြန်လည်သင့်မြတ်ရေး (အထူးသဖြင့် အစိုးရနှင့် တပ်မတော်ကြားကို ရည်စူးပြီး) နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို အသားပေးဖော်ပြခဲ့သည်။
သို့သော် ဦးဝင်းမြင့်အနေဖြင့် သတိထားရမည့် အရေးကြီးသည့် အချက်တခု ရှိပါသည်။ NLD အစိုးရမှ ၂ နှစ်တာ အုပ်ချုပ်ပြီးနောက်တွင် သူက လက်တွေ့ကျရမည် ဖြစ်သည်။ ပြည်သူတို့၏ နေ့စဉ် ဘဝတွင် စီးပွားရေးက နိုင်ငံရေး ထက် ပို၍ အရေးကြီးပါသည်။ ထိုအချက်ကို သမ္မတက သတိပြုမိပုံပေါ်ပါသည်။ ဦးဝင်းမြင့်က တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးကို အစိုးရ၏ နံပါတ် ၁ ဦးစားပေးအဖြစ် ပြောခဲ့သည်။
NLD အာဏာ ရရှိခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှစ၍ ၂ နှစ်ကာလ အတွင်းတွင် လူတန်းစား အသီးသီးမှ ပြည်သူ အများအပြားက စီးပွားရေး ပိုမိုဆိုးရွာလာခဲ့ပြီး သူတို့၏ စီးပွားရေး လုပ်ငန်းများ အဆင်မပြေမှုများကို အစဉ်မပြတ် စောဒက တက်ခဲ့ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကဲ့သို့သော နိုင်ငံရေး အကြောင်းကိစ္စများကို စီးပွားရေးထက် ပို၍ ဦးစားပေးခဲ့သည်။
သို့သော်လည်း တာဝန်လက်ခံသည့် ပထမနေ့တွင် သမ္မတသစ်က စီးပွားရေး ကိစ္စကို အလေးပေးပြောကြားခဲ့သည်။ ယခုအခါ မြန်မာပြည်သူများ အနေဖြင့် လာမည့် ရက်သတ္တပတ်များနှင့် လများအတွင်းတွင် သူဘာလုပ်မည်ကို စောင့်ကြည့်ကြ ရတော့မည် ဖြစ်သည်။
သမ္မတ ဦးဝင်းမြင့်က ခေတ်ပြောင်းစနစ်ပြောင်းကာလ ဒီမိုကရေစီ အသွင်ကူးပြောင်းအစတွင် ပြောင်းလဲမှုဖြစ်စဉ်အောင်မြင်ချောမွေ့စေရန် “ပြည်သူပြည်သားများနဲ့ နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများ အားလုံးရဲ့ ပုံစံကျနေတဲ့ အတွေးအမြင်တွေ၊ ပုံသေကားချပ် အလေ့အထတွေ အား လုံးကို ပြုပြင်ပြောင်းလဲပေးကြရန် အထူးလိုအပ်လှပါတယ်” ဟု သူက ပြောသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များစွာ အတွင်း ယခင် စစ်အစိုးရများ နှင့် အာဏာရှင် အစိုးရများလက်ထက်က အတွေးအခေါ် အမှုအကျင့်ဟောင်းများကို ရည်ညွှန်းခြင်း ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန် နှေးကွေးနေသော အစိုးရဌာန များကို ကြီးကြပ်ကွပ်ကဲမည်ဟု သမ္မတက ပြောသည်။ ဗျူရိုကရေစီ စနစ်ဟောင်းနှင့် မပြောင်းလဲသေးသည့် အစိုးရဌာနများကြောင့် အဆင်မပြေမှုများရှိနေဆဲ ဖြစ်သည့် အတွက် အဆိုပါ အချက်ကို ပြည်သူအများအပြားက ကြိုဆိုခဲ့ကြသည်။
တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး နှင့် တိုင်းပြည်၏ ဘဏ္ဍာငွေများကို အလေအလွင့် မရှိအောင် စီမံခန့်ခွဲရေး တို့ကို သူက ထည့်သွင်းပြောကြားခဲ့သည်။ လူ့အခွင့်အရေးချိုး ဖောက်မှုများကို မြှင့်တင်ကာကွယ်သွားရန်လည်း သမ္မတက ကတိပြုခဲ့သည်။
ပြီးခဲ့သည့် နှစ်က ရခိုင်ပြည် မြောက်ပိုင်းနေ မွတ်ဆလင် ၆၀၀, ၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် တိုင်းပြည်၏ ပုံရိပ် မည်ကဲ့သို့ ထိခိုက်ကျဆင်းနေရသည်ကို ဦးဝင်းမြင့်က သတိပြုမိခဲ့ပါ သည်။ သူ၏ မိန့်ခွန်းတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၌ တိုင်းပြည်၏ ပုံရိပ်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာ မြင့်တက်စေ ရေး အတွက် ကြိုးစားဆောင်ရွက်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
သမ္မတသစ်သည် NLD စတင်အာဏာရရှိခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လက တိုင်းပြည်က ကြုံတွေ့ခဲ့ရသည်ထက် ပိုမိုကြီးမားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ထိုကဲ့သို့ ပြဿနာများကို သူက မည်ကဲ့သို့ ဖြေရှင်းလိမ့်မည် ဆိုခြင်း နှင့် အစိုးရ၏ နိုင်ငံရေး နှင့် စီးပွားရေး ရည်မှန်းချက်များ အောင်မြင်အောင် မည်သို့ ပြုလုပ်မည် ဆိုခြင်း တို့က ယခုအချိန်တွင် မသဲကွဲသေးပါ။ သို့သော်လည်း သမ္မတသစ်သည် ထိုအရာများကို အောင်မြင်ရန် စတင် ဆောင်ရွက်ရတော့မည်ဖြစ်သည်။ မဟုတ်ပါက သူ၏ ၃ နှစ်တာ သက်တမ်းက လုံလောက်မှု မရှိပါ။
ဆုံးဖြတ်ချက်ပြတ်သားပြီး စည်းစနစ်ကြီးသည်ဟု နာမည်ရသည့် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဟောင်း ဦးဝင်းမြင့်က ပျော့ညံ့သည့် ခေါင်းဆောင် မဟုတ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
သမ္မတ ဦးဝင်းမြင့်အနေဖြင့် သူမိန့်ခွန်းထဲတွင် ပြောကြားခဲ့သည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အသင့်ဖြစ်နေပုံရပါသည်။ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက သူ ပေးခဲ့သည့် ကတိများနှင့် ပတ်သက်ပြီး သူ၏ လုပ်ဆောင်မှုများကို မြန်မာနိုင်ငံသာမက တကမ္ဘာလုံးကပါ စောင့်ကြည့်နေကြပါသည်။
(အင်္ဂလိပ်ဘာသာဖြင့် President’s Inauguration Raises Hopes, Reminds Us of Political Realities တွင် ဖတ်ပါ။)