ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့သစ် တည်ထောင်ရန် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (New Yangon Development Company-NYDC) တည်ထောင်မှု အပေါ် လူမှုစာမျက်နှာများပေါ်တွင် ပြောဆိုဝေဖန်သံများ ယခုရက်ပိုင်းအတွင်း တွေ့နေရသည်။ အဆိုပါ ဝေဖန်သူများ ထဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံသူများ လည်း ပါဝင်သည်။
ယေဘုယျ အားဖြင့်ပြောရလျှင် ပြည်သူအများစုသည် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရ အောင်မြင်သည်ကို မြင်လိုတွေ့လို ကြသည်။ လတ်တလော အခြေအနေသည် ထိလွယ်ရှလွယ် အမှားမခံသည့် အခြေအနေ ဟု သုံးသပ်ကြပြီး တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ လိုကြသည်။
ထိုအတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ စီးပွားရေးလုပ်ရန် ဆုံးဖြတ်မှုအပေါ်လည်း စိုးရိမ်ပူပန်မှုများ ရှိသည့် အတွက် ပြောဆို ဝေဖန်ကြခြင်း ဖြစ်သည်။ စာရေးသူ အနေဖြင့်လည်း ယင်းကိစ္စရပ် အပေါ် အချက် ၄ ချက်ဖြင့် ဆွေးနွေးတင်ပြလိုပါသည်။
ယင်းတို့မှာ –
(၁) နိုင်ငံရေး/ အုပ်ချုပ်ရေးနှင့် စီးပွားရေး ရောယှက်မှုသည် အစိုးရ အတွက် အန္တရာယ်ရှိနိုင်သည် ဟု ထင်မြင်မှု၊ (သို့) သဘောတရားရေးရာ၊
(၂) ပြည်ထောင်စု အဆင့်မှ မကြာသေးမီက ချမှတ်လိုက်သည့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်ပါ မူဝါဒ အစီအစဉ်များနှင့် မကိုက်မညီဖြစ်နေခြင်း (သို့) မူဝါဒရှေ့နောက်ညီညွှတ်မှု မရှိခြင်း၊
(၃) အဖွဲ့အစည်းအား ဦးဆောင်မည့်သူများ၏ အခန်းကဏ္ဍအပေါ် ရှင်းလင်းရန် လိုအပ်ခြင်းနှင့်
(၄) လတ်တလောအချိန်၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အကောင်အထည်ဖော်မည့် မြို့သစ် စီမံကိန်းသည် နိုင်ငံတော်အစိုးရ အတွက် ပထမဦးစားပေး အကောင်အထည်ဖော်ရန် လိုအပ်သည့် စီမံကိန်း ဖြစ်သင့်/မသင့် စသည့် အချက်များ ဖြစ်ပါသည်။
ဝေဖန်သူ အများစုသည် သဘောတရားရေးရာကို အဓိကထား ဝေဖန်နေကြသည်ကို တွေ့ရသည်။ သမိုင်းကြောင်း အရ ခေတ်အဆက်ဆက် (မဆလ၊ နဝတ၊ နအဖ) အစိုးရ စီးပွားရေးလုပ်ခြင်းသည် အောင်မြင်သည်ဟု မရှိဘဲ ပြဿနာများသာ ကြုံတွေ့နေရသဖြင့် လေ့လာသုံးသပ်သူများက ဒီမိုကရေအစိုးရ လက်ထက် အစိုးရက စီးပွားရေး လုပ်မည် ဆိုသောအခါ အံ့အားသင့်ကြရသည်။ “ဘယ်တုန်းကများ အစိုးရ စီးပွားရေး လုပ်ရင် အောင်မြင်လို့လဲ” ဟု မေးခွန်း ထုတ်ကြသည်။
အများစု မျှော်မှန်းထားသည်မှာ ခေတ်အဆက်ဆက် တဖက်သတ် အခွင့်အရေးများရပြီး အလွန်အမင်း ချမ်းသာလာကြ သူများ ကြီးစိုးထားသည့် ခရိုနီစီးပွားရေး စနစ်ကို ထိန်းကျောင်း ပြုပြင်ပြီး မှန်ကန်သည့် ဈေးကွက်စီးပွားရေး စနစ် ပေါ်ထွန်းလာရန် ဖြစ်သည်။
အစိုးရ၏ စီးပွားရေး လုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည်ကိုလည်း မေးခွန်းထုတ်ကြသည်။ ထိုထက် ပိုအရေးကြီးသည်မှာ နိုင်ငံရေးသမားများ (အစိုးရအဖွဲ့ကို ဦးဆောင်သူများ) ၏ အကျိုးစီးပွားနှင့် စီးပွားရေးသမားများ၏ အကျိုးစီးပွား ပေါင်းစပ်သွားခြင်း ဖြစ်သည်။
တနည်းအားဖြင့် ယင်းတို့၏ incentive structure များ (သို့) မက်လုံးများ တူညီသွားလျှင် ပြည်သူလူထုအကျိုးစီးပွားထက် ယင်းတို့၏ အကျိုးစီးပွားကိုသာ ဦးတည်လုပ်ဆောင်မည်ကို စိုးရိမ်ပူပန်ခြင်း ဖြစ်သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်သူ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အတွက် အဓိက အကျိုးစီးပွား (သို့) မက်လုံးသည် မြင်သာထင်သာ ရှိသည့် ရလဒ်များ ရရှိရေး ဖြစ်သည်။ မိမိအစိုးရ အုပ်ချုပ်စဉ်အတွင်း မည်ရွှေ့မည်မျှ ရန်ကုန်တိုင်းကို ပြောင်းလဲနိုင်သည်ဟု လက်မထောင်လိုကြလိမ့်မည်။ အထက်ခေါင်းဆောင် အဆင့်ဆင့်၏ အသိအမှတ်ပြုရေးကို လိုလားလိမ့်မည်။ ထိုသည်မှာလည်း အပြစ်ဆိုစရာ မရှိ။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၏ စေတနာကိုလည်း ကောင်းစွာ နားလည် သဘောပေါက်သည်။ သို့သော် အစိုးရအဖွဲ့မှ စီးပွားရေး ပါဝင် လုပ်သည့်အခါ ယင်းတို့ အဓိကဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ ပုဂ္ဂလိက ကဏ္ဍအား ထိန်းကျောင်း မောင်းနှင်ရန် တာဝန်များပါ ပေါ့လျော့မှု ဖြစ်သွားနိုင်သည်။ ယင်းတို့၏ မြင်သာထင်သာ ရှိသော ရလဒ်များ အချိန်တိုအတွင်း ရရှိရေးသည်လည်း အရေးကြီးသည်။
ထိုကဲ့သို့ အစိုးရသည် အကျိုးစီးပွား (သို့) မက်လုံးရှိသည့် စီးပွားရေး ဝင်လုပ်လိုက်သည့်အခါ ယင်း၏ တာဝန်သည် တဖက်တွင်လည်း ပိုမိုကြီးမားသွားသည်။
ယင်း၏ အဓိက အကျိုးစီးပွားသည် အဆိုပါ မြို့သစ်စီမံကိန်း အောင်မြင်ရေး ဖြစ်သွားသည်။ မအောင်မြင်ပါက ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံရေးသိက္ခာကျမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံရမည့် ပမာဏ ကြီးလွန်းသည့် အတွက် ဝန်ကြီးချုပ် အတွက် တာဝန်ကြီးလှသည်။ မအောင်မြင်လျှင် ရာထူးအာဏာနှင့် ရှေ့တက်လမ်းများကိုပင် ထိခိုက်သွားနိုင်သည်။
တဖက်တွင် စီးပွားရေးသမား၏ အဓိက အကျိုးစီးပွား (သို့) မက်လုံးသည် အကျပ်အတည်းမှ လွန်မြောက်ပြီး အမြတ်များများ ရရှိသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရေး ဖြစ်သည်။
ထိုအခါမှာ ယင်းတို့နှစ်ဦး၏ အကျိုးစီးပွားများ တူညီသွားဟန် ရှိသည်။ တဖက်ကလည်း စီမံကိန်း မအောင်မြင် မရှိစေရန် အစိုးရက ပံ့ပိုးနိုင်သမျှ ပံ့ပိုးတော့မည်၊ မပေးသင့်သည့် အခွင့်အရေးများကိုလည်း စီးပွားရေးသမားများ ရင်းနှီးမြှုပ်နှံသူများအား ပေးအပ်နိုင်သည်။
ထိုအတွက်ကြောင့် NYDC အား မည်သို့ စီမံအုပ်ချုပ်မည်၊ မည်သို့ တာဝန်ခံမှုရှိရန် စီမံဆောင်ရွက် ထားသည်၊ မည့်သို့ စီးပွားရေး သမားများ ရင်းနှီးမြှုပ်နှံသူများအား အထူးအခွင့်အရေးများ မပေးနိုင်ရန် စီမံထားသည် ဆိုသည်ကို ပြည်ထောင်စုအဆင့်မှ ရှင်းလင်းပြသင့်သည်။ အဆိုပါကုမ္ပဏီနှင့် စီမံကိန်းအား ပိုမိုပွင့်လင်းမြင်သာစွာ အချက်အလက်များဖြင့် ချပြသင့်သည်။
စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် တည်ထောင်လိုက်သည့် NYDC ကုမ္ပဏီတွင် လွတ်လပ်သည့် ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသူ မစ္စတာဂျော့ယိုး (Mr George Yeo) ကလည်း ပွင့်လင်းမြင်သာမှု ပိုရှိရန်နှင့် ကုမ္ပဏီ၏ တာဝန်ခံမှု ပိုမို မြင့်မားစေရန် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအဖွဲ့ဖြင့်လည်း ပူးပေါင်း ဆောင်ရွက်ရမည် ဟု ယင်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောပြသွားသည်။
အိမ်နီးချင်းနိုင်ငံများ၏ အတွေ့အကြုံများ သင်ခန်းစာများကိုလည်း ရန်ကုန်တိုင်းအစိုးရနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ အားလုံး ရယူသင့်သည်။
ပညာရှင် ဂျိုနသန်ပင်းကပ်စ် Jonathan Pincus က ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မည်သည့် အတွက်ကြောင့် နှောင့်နှေးနေရသည်ကို သူ၏ “Why Doesn’t Vietnam Grow Faster? State Fragmentation and The Limits of Vent for Surplus Growth (Pincus, 2015) စာတမ်းတွင် အသေးစိတ် ရှင်းပြထားသည်။
ထိုစာတမ်းကို အနှစ်ချုပ် တင်ပြရလျှင် အစိုးရ အဖွဲ့အစည်းများ၊ ဒေသန္တရ အစိုးရများမှ ဦးပိုင်ကုမ္ပဏီကြီးများ တည်ထောင်ပြီး စီးပွားရေး အပြိုင်အဆိုင် လုပ်လာသဖြင့် ဗီယက်နမ်၏ စက်မှုကဏ္ဍနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးရခြင်း ဖြစ်ကြောင်း တင်ပြထားသည်။
ထိုစာတမ်းမှ စာကြောင်းတကြောင်းအား စာရေးသူ အလွန်နှစ်သက်သဖြင့် တင်ပြလိုက်ရပါသည်။
“Monetization of the politics and politicization of market are two sides of the same coin.” “နိုင်ငံရေးဖြင့် ပိုက်ဆံရှာခြင်းနှင့် ဈေးကွက်ကို နိုင်ငံရေးဆန်စေခြင်းတို့သည် ဒင်္ဂါးတပြား၏ ခေါင်းနှင့် ပန်းလိုပင်။”
ပထမအချက်ကို နိဂုံးချုပ်ရလျှင် အစိုးရ စီးပွားရေး မလုပ်ရဟု မဆိုလိုပါ။ အောင်မြင်သည့် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများလည်း ရှိပါသည်။ သို့သော် သတိထား လုပ်ဆောင်သင့်သည်၊ နိုင်ငံရေးနှင့် စီးပွားရေး ရောယှက်မှုကို တတ်နိုင်သမျှ ရှောင်ရှားသင့်သည် ဟု တင်ပြလိုပါသည်။
ဒုတိယအချက်နှင့် ပတ်သက်၍ ဆွေးနွေးလိုသည်မှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဦးဆောင် အကောင်အထည်ဖော်မည့် မြို့သစ်စီမံကိန်းသည် နိုင်ငံတော်မှ ချမှတ်ထားသည့် ရေရှည် တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဖြင့် ကိုက်ညီမှု ရှိ/မရှိဖြစ်ပါသည်။ ရန်ကုန်မြို့တွင် တိုးပွားလာမည့် လူဦးရေနှင့်အတူ မြို့သစ်များ လိုအပ်လာမည် ဆိုသည်ကို ပြောရန်မလို။
သို့သော် ရန်ကုန်မြို့သစ်စီမံကိန်းသည် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများ ဖြစ်သည့် အတွက် ပြည်ထောင်စု အဆင့်မှ ဦးစားပေး တည်ဆောက်မည့် အခြေခံအဆောက်အအုံ ဆိုင်ရာ စီမံကိန်းများ သတ်မှတ်ပေးပြီး၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်နှင့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ နည်းဥပဒေများ ရေးဆွဲ ဆောင်ရွက်သွားမည် ဟု ဖော်ပြထားသဖြင့် နိုင်ငံတော်အဆင့် စီမံကိန်းများတွင် ရန်ကုန်မြို့သစ်စီမံကိန်းသည် ဦးစားပေးစီမံကိန်း အဖြစ် သတ်မှတ် ထားခြင်း ခံရ/မခံရ မေးမြန်းရမည် ဖြစ်သည်။
အစိုးရ၏ စီးပွားရေး လုပ်ငန်းများကိုပင် စနစ်တကျ ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲသွားမည် ဟု မြန်မာနိုင်ငံ ရေရှည် တည်တံ့ ဖွံ့ဖြိုးမှု အစီအစဉ်တွင် ဖော်ပြထားချိန်၊ အစိုးရမှ ပုဂ္ဂလိကဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှု (private sector-led growth) ရရှိရန် ဆောင်ရွက်မည် ဟု မူဝါဒချမှတ်ထားချိန် ရန်ကုန်တိုင်းအစိုးရက စီးပွားရေးလုပ်ရန် ကုမ္ပဏီ တည်ထောင်ခြင်းမှာ ပြည်ထောင်စုအဆင့် အစီအစဉ်ဖြင့် ကိုက်ညီမှု ရှိ/မရှိ မေးမြန်းရန် လိုအပ်လာသည်။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း (PPP) လုပ်မည် ဟု ဆိုတိုင်း တိုင်းဒေသကြီးအစိုးရက စီးပွားရေး ဝင်လုပ်ရမည်ဟု မဆိုလိုပါ။ စာရေးသူ နားလည် သဘောပေါက်သည်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် အချိန်တိုအတွင်း စီမံကိန်း အများအပြား အကောင်အထည် ဖော်လိုသည်။ သို့သော် ယင်းတွင် fiscal space ဟုခေါ်ဆိုသည့် ဘဏ္ဍာဝင်ငွေ ရရှိမှု မှာလည်း လိုအပ်ချက်ဖြင့် နှိုင်းယှဉ်လျှင် နည်းပါးသဖြင့် ပုဂ္ဂလိက နည်းလမ်းကို ရွေးချယ်ခြင်း ဖြစ်သည်။
သို့သော် PPP စီမံကိန်းများ အကောင်အထည် ဖော်ရန် မြန်မာနိုင်ငံ ရေရှည်တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်မှာ ဖော်ပြထား သကဲ့သို့ပင် ထိုစီမံကိန်းများကို နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ အကောင်အထည် ဖော်နိုင်ရန် စနစ်တကျ ကြီးကြပ်ကွပ်ကဲမည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း လိုအပ်သလို၊ ဥပဒေ နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်း မူဘောင်များလည်း လိုအပ်သည်။
တတိယ အချက်အဖြင့် ဆွေးနွေးမည့် အကြောင်းအရာမှာ NYDC ကုမ္ပဏီကို ဦးဆောင်မည့်သူများ၏ အခန်းကဏ္ဍမှာ မရှင်းမလင်း ဖြစ်နေသည့် အကြောင်းဖြစ်သည်။ ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများတွင် ကုမ္ပဏီဘုတ်အဖွဲ့ဝင်များသည် မြို့သစ်စီမံကိန်း၌ ပါဝင် ရင်းနှီးမြှုပ်နှံပိုင်ခွင့် မရှိဟုတားမြစ်ထားသည်။ ထို တားမြစ်ချက်သည် အကျိုးစီးပွား ပဋိပက္ခ (သို့) conflict of interest မဖြစ်စေရန် ဖြစ်သည်။
သို့သော် ကုမ္ပဏီ၏ CEO ဖြစ်သူ ဦးသိမ်းဝေ ခေါ် မစ္စတာ ဆာတ်ချ်ပန်းသည် First Myanmar Investment (FMI), Yoma Strategic Holdings အစရှိသည့် ကုမ္ပဏီအုပ်စုများစွာကို ဦးဆောင်နေသူ အစုရှယ်ရာအများစု ပိုင်ဆိုင်သူ ဖြစ်သည်။ သူကိုယ်တိုင် ဤမြို့သစ်စီမံကိန်းတွင် မပါဝင်ဟု ဆိုသော်လည်း ယင်း၏ လက်အောက်ခံကုမ္ပဏီများ၊ သားသမီးပိုင် ကုမ္ပဏီများ ပါဝင်နိုင်သည့် အခွင့်အလမ်း ရှိနေသည်။
ဤမျှ ပမာဏကြီးလှသည့် ရင်းနှီးမြှုပ်နှံမှုတွင် သူ မပါဝင် ဟု ဆိုခြင်းကို မည်သို့ ယုံကြည် လက်ခံရမည်နည်း။
ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဝန်ကြီး ဒေါ်နီလာကျော်မှာလည်း မကြာသေးမီက ပြန်လည် ဖွဲ့စည်းလိုက်သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် အဖွဲ့ဝင် ဖြစ်သည်။ ထိုအခါ ရင်းနှီးမြှုပ်နှံမှုများကို ကြီးကြပ်ရမည့် အဖွဲ့၏ အဖွဲ့ဝင်တဦးမှာ ကိုယ်တိုင်လည်း ရင်းနှီးမြှုပ်နှံ မည့်သူ (သို့) အဆိုပါ စီမံကိန်းအောင်မြင်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရမည့်သူလည်း ဖြစ်နေသည်။
ကုမ္ပဏီဘုတ်အဖွဲ့တွင် နိုင်ငံတကာတန်းဝင် ပုဂ္ဂိုလ်များ ပါဝင်ခြင်းသည် အားတက်စရာ ဖြစ်သော်လည်း ထိုအဖွဲ့ဝင်၂ ဦး၏ အခန်းကဏ္ဍကို နိုင်ငံတော်အနေဖြင့် ပြန်လည် ရှင်းလင်းသင့်သည် ပြန်လည် သုံးသပ်သင့်သည် ဟု ယူဆမိသည်။
နောက်ဆုံး စတုတ္ထ အချက်အနေဖြင့် ဆွေးနွေးလိုသည်မှာ လတ်တလောအချိန်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အကောင်အထည် ဖော်မည့် မြို့သစ်စီမံကိန်းသည် နိုင်ငံတော်အစိုးရ အတွက် ပထမ ဦးစားပေး အကောင်အထည်ဖော်ရန် လိုအပ်သည့် စီမံကိန်း ဖြစ်သင့်/မသင့်တို့ ဖြစ်ပါသည်။
ခေတ် အဆက်ဆက် misallocation of scarce resources (သို့) နိုင်ငံတော်၏ ရှားပါးသည့် အရင်းအမြစ်များကို လွဲမှားစွာ ခွဲဝေပေးခဲ့သည့် အတွက် နိုင်ငံတော် မဖွံ့ဖြိုး မတိုးတက်ခဲ့ရခြင်း ဖြစ်သည် ဟု ပညာရှင်အသီးသီးက ဝေဖန်ထောက်ပြခဲ့ကြသည်။
လက်ရှိအချိန်မှာ နိုင်ငံတော်အစိုးရ အတွက်လည်း အထက်တွင် ဖော်ပြခဲ့သည့် fiscal space သည် အင်မတန်ကျဉ်း ပါသည်။ ရသမျှ အခွန်ဘဏ္ဍာကို စနစ်တကျ ခွဲဝေသုံးစွဲရန် လိုအပ်ပါသည်။ ချွန်းဖိုး များလွန်းသော “ဆင်ဖြူတော် စီမံကိန်းများ” ခေတ်အဆက်ဆက် အကောင်အထည် ဖော်ခဲ့သဖြင့် တိုင်းပြည်ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာ တိုင်းပြည် အတွက် လတ်တလော စီးပွားရေးအရ တွက်ခြေ မကိုက်နိုင်သည့် စီမံကိန်းများကို အကောင်အထည် ဖော်မည် မထင်ပါ။
ဥပမာ ပြရလျှင် ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်းသစ် တခု ထပ်မံတည်ဆောက်ရန် အဆိုပြုချက်ကို မလုပ်သင့်ကြောင်း သုံးသပ်ထားခြင်း ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ ဂျို့စ်ဂိုးမတ် အိဘနက်ဇ် Jose Gomez Ibanez နှင့် ငုယင်ဇွန်သန်း Nguyen Xuan Than တို့က ယခင်အစိုးရ လက်ထက် ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်း တခုထပ်မံတည်ဆောက်မည် ဆိုသည်ကို မလိုအပ်၍ မလုပ်သင့်ကြောင်းကို ၎င်းတို့၏ “ရန်ကုန် ဖွံ့ဖြိုးရေး စိန်ခေါ်ချက်များ” “Yangon’s Development Challenges” စာတမ်း၌ ထောက်ပြထားသည်။
လက်ရှိ သီလဝါဆိပ်ကမ်း၌ပင် ကုန်တန်ချိန် လက်ခံနိုင်သည့် အတိုင်းအတာထက် များစွာ လျှော့နည်းနေသည် ဟု ရေးသားခဲ့သည်။
ထိုအတွက်ကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အတွက် ဘဏ္ဍာငွေကြေး အထူးလိုအပ်နေချိန်တွင် နိုင်ငံတော်၏ဘဏ္ဍာဖြစ်စေ၊ ပုဂ္ဂလိက အရင်းအနှီးဖြစ်စေ ထိရောက်သည့် စီမံကိန်းများတွင်သာ ရင်းနှီးမြှုပ်နှံသင့်သည်။ ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ် မဖြစ်ထွန်းလျှင် နိုင်ငံတော်သာ နစ်နာမည် ဖြစ်သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများမှာ အကျိုးအမြတ်ကို စနစ်တကျ တွက်ချက်ပြီးမှသာ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ အကျိုးအမြတ် မရှိလျှင် ရင်းနှီးမြှုပ်နှံမည် မဟုတ်ပေ။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းမှု၊ အများပြည်သူ အိုးပိုင်အိမ်ပိုင်ဖြင့် နေထိုင်နိုင်ရန် အားထုတ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း မြောက်မြားစွာ ဖန်တီးပေးလိုသည့် စေတနာကို ကောင်းစွာ နားလည် သဘောပေါက်ပါသည်။
သို့သော်လည်း NYDC ကုမ္ပဏီနှင့် ရန်ကုန်မြို့သစ် စီမံကိန်း အောင်မြင်ရန် အတွက် အများပြည်သူ စိုးရိမ်ပူပန်မှုများ လျှော့နည်းသွားရန် အထက်ပါ ဆွေးနွေးတင်ပြ ထားသည့် အချက် ၄ ချက်ကို ပြန်လည် ဖြေရှင်းသင့်သည် ဟု တင်ပြလိုပါသည်။ ။
(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်။)