နဝတ၊ နအဖ စစ်အစိုးရတွေ လက်အောက်မှာ သင်္ကြန်သံချပ်တွေဟာ အမှောင်ခေတ်ကျရောက် နေခဲ့ရာကနေ ၂၀၁၂ ခုနှစ် ဒီမိုကရေစီ ပြောင်းလဲရေး တွေနဲ့အတူ၊နှစ်ပေါင်းများစွာ မြေအောက်လှုပ်ရှားမှု ဖြစ်နေခဲ့တဲ့ သင်္ကြန်သံချပ်တွေလည်း တရားဝင် ပြန်ဖြစ်လာခဲ့တာ အခုဆိုရင် အတော်လေး ပြန်ပြီး အရှိန်ရလာတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ယခင် တခေတ်တခါတုန်းကလို၊ အချိန်ကာလ အတိအကျ ပြောရရင် ၁၉၈၈ ခုနှစ် ရှေ့ပိုင်းကာလတွေ တုန်းက သံချပ်ယဉ်ကျေးမှု ကြီးရဲ့ အရှိန်အဟုန်မျိုး ပြန်ရရှိဖို့တော့ အများကြီး လုပ်ဆောင်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုကြီးဟာ လူ့အဖွဲ့အစည်း တခုလုံးနဲ့ဆက်နွယ်နေတဲ့ ယဉ်ကျေးမှု ဆိုင်ရာ အရေးကိစ္စကြီး ဖြစ်လေတော့ လူထုနဲ့ အစိုးရ နှစ်ဦးနှစ်ဖက် စလုံးက တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုအပ်ပါလိမ့်မယ်။
အခုခေတ်အခါမှာတော့ သင်္ကြန်သံချပ် အသင်း တသင်း ထွက်နိုင်ဖို့ အရင်းအနှီးကလည်း အများသား။ မနှစ်တုန်းက ကျနော် ရေးသားပြုစုမယ့် သင်္ကြန်သံချပ် စာတမ်းအတွက် ရန်ကုန်သင်္ကြန်သံချပ် လောကထဲက သံချပ်သမားကြီးများကို အင်တာဗျူး လုပ်တုန်းက ကိုအောင်ကြီး (ကာတွန်းအောက်တိုဘာအောင်ကြီး) ကို အင်တာဗျူးလုပ်ခဲ့သေးတယ်။ သူ့ရဲ့ သင်္ကြန်သံချပ် အသင်း အတွက် ဘယ်လောက်ကုန်သလဲ မေးကြည့်ဖြစ်တယ်။ ကိုအောင်ကြီးက ပြောတယ် သူအသင်းက မဟာရန်ကုန်က သံချပ်အသင်းတွေထဲမှာ အကုန်အကျ အနည်းဆုံးအသင်း ဖြစ်တယ် လို့ပြောပါတယ်။ သင်္ကြန်ကား ထွက်ဖို့ အားလုံးကုန်ကျငွေ ကျပ်သိန်း ၃၀ လို့ပြောတယ်။ တကယ်တော့လည်း အဲဒီငွေ ပမာဏက မနည်းလှပါဘူး။
သာကီနွယ်၊ ယဉ်ကျေးမောင်၊ အပ္ပမာဒေန သမ္မာဒေထ၊ ပြည်သူ့မော်ကွန်း၊ မြန်မာပြည်နိဒါန်း၊ ကျွန်ုပ်တိုသည် စတဲ့ အသင်းကြီးတွေ ကျတော့ ကျပ်ငွေသိန်းပေါင်း ရာကျော်ကုန်ကျတယ်။ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ ဖွမှာပဲ၊ အပြာရဲ့အနီ တို့လို အသင်းတွေ ကျတော့သိန်း ၇၀ နဲ့၁၀၀ အကြား ကုန်ကျတယ်။ အသင်းတွေ ထူထောင်ဖို့ အတွက် ဘဏ္ဍာရေး ကတော့ အသင်းတွေ အများစုက ကိုယ့်ငွေနဲ့ ကိုယ် ထူထောင်ကြရတာ ဖြစ်ပါတယ်။ ဒါကတော့ အစဉ်အလာလို ဖြစ်နေပါတယ်။
ခေတ်ဟောင်းမှာတုန်းက သင်္ကြန်သံချပ် အသင်းတွေ အနေနဲ ငွေကြေးစိုက်ထုတ် ထားပြီး အသင်းထူထောင်ကြရ ပေမယ့် ပြိုင်ပွဲဝင်စရာ ဆုပေးမဏ္ဍပ်တွေ အများကြီးရှိတဲ့ အတွက် ဆုကြေးတွေ ပြန်လည် ရရှိနိုင်ဖို့ အတွက် အများကြီး မျှော်လင့်ချက် ရှိပါတယ်။ ရှုံးရင်တောင်မှ ဆိုးဆိုးဝါးဝါး သိပ်မဖြစ်နိုင်တဲ့ အတွက် နောက်တနှစ်မှာလည်း သံချပ်အသင်း ပြန်ထူထောင်ဖို့ အခြေအနေတွေ ရှိခဲ့ကြတယ်။
ကျနော့် အတွေ့အကြုံအရ ဆိုရင် အဲဒီခေတ်တုန်းက စီမံခန့်ခွဲမှု ကောင်းတဲ့ သင်္ကြန်သံချပ်အသင်း တသင်းဟာ သင်္ကြန်ရက်မှာ စုစုပေါင်း မဏ္ဍပ် ၂၀ ကျော်လောက် ပြိုင်ပွဲဝင်နိုင်ပါတယ်။ ဒါက စီမံခန့်ခွဲမှု ကောင်းတဲ့ အသင်းကြီးတွေ ဖြစ်တဲ့ ဥမာပေးရရင် ယဉ်ကျေးမောင်တို့၊ မဟာရန်ကုန် ၃၆၅ တို့လို အသင်းတွေရဲ့ စံနှုန်းပါ။ မဏ္ဍပ်တွေကလည်း မဟာ ရန်ကုန် တခွင်မှာ အများကြီးရှိခဲ့ကြပါတယ်။
ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဌာနချုပ်ရုံး တည်ရှိရာ ဗဟန်းမြို့နယ် တခုတည်းမှာတင် ဆုပေးမဏ္ဍပ်က ၄ ခုလောက် ပုံမှန်ရှိခဲ့ပါတယ်။ ဗိုလ်စိန်မှန်ရပ်ကွက် မဏ္ဍပ်၊ ရေတာရှည်လမ်းမဏ္ဍပ်၊ လင့်လမ်းမဏ္ဍပ်၊ ဂွတ္ထလစ်ဈေးရှေ့ မဏ္ဍပ် စသဖြင့် အနည်းဆုံး ၄ ခု ပါ။
ဗိုလ်ချုပ်ကြေးရုပ်၂ ခုရှိတဲ့ ကျနော့် ဇာတိ တောင်ဥက္ကလာပမြို့နယ်မှာ ဆိုရင် ဆုပေးမဏ္ဍပ် ၉ ခုလောက် နှစ်တိုင်း ရှိပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ ဆိုရင်လည်း နေမဝင်တဲ့ ရွှေစင်တို့၊ ရွှေဝါဆန်မြေတို့လို မဏ္ဍပ်တွေ အပါအဝင် ဆုပေးမဏ္ဍပ် ၅ ခုလောက် နှစ်စဉ်ရှိပါတယ်။ အဲဒီလိုပဲ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ အစရှိတဲ့ မြို့နယ်တွေမှာလည်း တမြို့နယ်ကို ပျမ်းမျှအားဖြင့် ဆုပေးမဏ္ဍပ် ၄ ခု ၅ ခုလောက် ရှိခဲ့ကြတာပါ။
ဆုပေးမဏ္ဍပ် များများစားစား မရှိတဲ့ မြို့နယ်တွေမှာတောင် အနည်းဆုံး ဆုပေးမဏ္ဍပ် တခုလောက်တော့ ရှိခဲ့ပါတယ်။ ဆုပေးမဏ္ဍပ် အများစုကတော့ ရပ်ကွက်ထဲက ပြည်သူလူထုက ကိုယ်ထူကိုယ်ထ ထူထောင်ကြတာ များပါတယ်။ တချို့လည်း မြို့နယ်ကောင်စီက ထူထောင်တဲ့ မြို့နယ်မဏ္ဍပ်တွေလည်း ရှိခဲ့ဖူးတယ်။ ဥပမာ-သင်္ဃန်းကျွန်းတို့၊ ကျောက်တံတားမြို့နယ်တို့လို မြို့နယ်တွေပေါ့။
အဲဒီတော့ သင်္ကြန်သံချပ် အသင်းတွေဟာ မဏ္ဍပ်တွေကနေ ပြန်ရနိုင်တဲ့ ဆုကြေး၊ သင်္ကြန်ရက်အတွင်းမှာ သံချပ်ကို အားပေးတဲ့ အလှူရှင်တွေဆီက အလှူခံရတဲ့ ငွေ၊ သင်္ကြန်ရက်အတွင်း သံချပ်စာအုပ် ရောင်းလို့ ရတဲ့ငွေတချို့၊ သင်္ကြန်ကားရဲ့ အဆင်အပြင်တွေမှာ ကြော်ငြာဆိုင်းဘုတ်တွေ တင်ပေးလို့ ရတဲ့ ငွေ စသဖြင့် စုလိုက်တဲ့ အခါမှာ စိုက်ထုတ်ထားတဲ့ ငွေအတွက် ခုသာခံသာ ရှိကြတယ်။ ကုန်ထားတဲ့ ငွေကလေးအတွက် ပြန်ပြီး ထေမိ ကာမိ ကြတယ်။
အခုခေတ်မှာတော့ ရန်ကုန်က သင်္ကြန်သံချပ် အသင်းတွေဟာ ခေတ်ဟောင်းတုန်းကလို မဟုတ်တော့ပါ။ ပြိုင်ပွဲဝင်စရာ ဆုပေးမဏ္ဍပ်တွေ ကလည်း များများစား မရှိကြတော့ အလှူရှင်၊ စပွန်ဆာရှင်တွေကိုသာ အားကိုးနေကြရတော့တယ်။ စပွန်ဆာရှင်ရဖို့ ဆိုတာလည်း အသင်းကြီးတချို့နဲ့ အဆက်အသွယ်ကောင်းတဲ့ သူတွေ၊ ဦးဆောင်တဲ့ အသင်းတွေ လောက်သာ အဆင်ပြေကြတာပါ။ သာမန်အသင်းတွေ အတွက်တော့ ရပ်ကွက်ထဲက အလှူရှင်တွေကိုသာ အဓိက အားပြုကြရတာပါ။
သင်္ကြန်သံချပ်အသင်းတွေ စီးပွားဖြစ်သွားတယ် ဆိုတာတော့ သိပ်မရှိကြပါဘူး။ စပွန်ဆာကြီးကြီး ရထားတယ် ဆိုရင်တော့ သိပ်မဆိုးဘူးပေါ့။ အခုဟာက ပြိုင်ပွဲဝင်လို့ ရတဲ့ ဆုပေးမဏ္ဍပ် အရေအတွက်က ရန်ကုန်က ပြိုင်ပွဲဝင် အသင်း အရေအတွက်ရဲ့ တဝက်လောက်တောင် မရှိဘူး ဖြစ်နေပါတယ်။ ငွေရေးကြေးရေး ကျောထောက်နောက်ခံ သိပ်မကောင်းတဲ့ အသင်းကလေးတွေ ဆိုရင် တနှစ်တခါ ပုံမှန်ထွက်နိုင်ဖို့ အရမ်းခက်ခက်ခဲခဲ ရုန်းကန်ကြရတယ်။
နောက်ထပ် ပြဿနာကြီး တခုက ဆုပေးမဏ္ဍပ်တွေ အများစုက အာဏာရပါတီ ကျောထောက်နောက်ခံ ဆုပေးမဏ္ဍပ်တွေ ဖြစ်နေပြန်တော့၊ သံချပ်သင်းတွေ အဖို့ အခက်အခဲတခု ထပ်ကြုံရပြန်တယ်။ အခုခေတ် သင်္ကြန် သံချပ်ဆိုတာ တွေက နိုင်ငံရေး သံချပ်၊ ဒီမိုကရေစီနိုင်ငံရေး သံချပ်တွေ ဖြစ်ကြတော့ ဝေဖန်တဲ့ နေရာ ထောက်ပြတဲ့ နေရာမှာ ဘက်လိုက်မှုကို ရှောင်ရှားပြီး မျက်နှာမလိုက်ဘဲ ပြောကြရတဲ့ သဘော ရှိပါတယ်။

သို့သော် အာဏာရပါတီရဲ့နိုင်ငံရေး သြဇာလွှမ်းတဲ့ ဆုပေး မဏ္ဍပ်တွေက အများစု ဖြစ်ကြတဲ့ အခါမှာ သံချပ်သမား အများစု အတွက် ဆုရဖို့ အခက်အခဲ ရှိကြပြန်တယ်။ ဒါကတော့ အခက်အခဲတခု အနေနဲ့သာ ထည့်သွင်းဆွေးနွေးရ ပေမယ့် သိပ်ပြီး ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပါဘူး။ ပါတီရဲ့အကြီးအကဲတွေက ထိန်းသိမ်းကွပ်ကဲလိုက်ရင် ပြဿနာ ပြေလည် သွားမှာပါ။
အဓိက အခက်အခဲကတော့ သင်္ကြန်ဆုပေးမဏ္ဍပ်တွေ အရမ်းနည်းနေသေးတဲ့ ပြဿနာပါ။ အဲဒါက မဟာရန်ကုန်ရဲ့ သံချပ်အသင်းတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲပါ။ ရန်ကုန်က သင်္ကြန်သံချပ်အသင်းတွေရဲ့ အခက်အခဲက ၂၀၁၄ ခုနှစ် လောက်ကတည်းက ရှိနေခဲ့တာပါ။ ပြန်လည် ထွက်ပေါ်လာတဲ့ အသင်းတွေ တနှစ်ထက် တနှစ်ပိုပြီး များလာပေမယ့် အဲဒီအသင်းတွေ ပြိုင်ပွဲဝင်စရာ ဆုပေးမဏ္ဍပ် များများစားစား မရှိကြဘူး။ မဏ္ဍပ်တွေမှာ ပြိုင်ပွဲဝင်နိုင်ဖို့က အဲဒီ မဏ္ဍပ်က ပြိုင်ပွဲဝင်ခွင့်ပြုမှ ပြိုင်ခွင့်ရကြတယ်။
သင်္ကြန်အသင်းတွေဘက်က အခက်အခဲရှိသလို၊ မဏ္ဍပ်တွေဘက်ကလည်း အခက်အခဲရှိပါတယ်။ အခုခေတ်မှာ ဆုပေး မဏ္ဍပ်တခု ဖြစ်ဖို့ အတွက်က ကျပ်ငွေသိန်းပေါင်း ရာနဲ့ ချီပြီး လိုအပ်ပြန်တယ်။ အခြေခံအကျဆုံး လိုအပ်ချက်က ဟိုးတချိန် တုန်းကလို ရပ်ကွက်တွေထဲက ပြည်လူထုရဲ့ ဆုပေးမဏ္ဍပ် ဖြစ်မြောက်ရေး လှုပ်ရှားမှုတွေ ပြန်လည် ပေါ်ပေါက်လာဖို့ လိုအပ်ပါတယ်။
နဝတ၊ နအဖ ခေတ်တွေ တလျှောက်လုံးမှာ သင်္ကြန်သံချပ် ယဉ်ကျေးမှု လုံးဝနားနေခဲ့ရတော့ ဆုပေးမဏ္ဍပ်တွေလည်း ကွယ်ပျောက်ခဲ့တယ်။ နှစ်ပေါင်း ၃၀ နီးပါးလောက် ဆိုတော့ ဆုပေးမဏ္ဍပ်တွေဟာ မျိုးဆက် ပြတ်သလို ဖြစ်သွားကြတယ်။ နှစ်ပေါင်းများစွာ အရှိန် ပျက်သွားပြီးတော့မှ တခါပြန် ထူထောင်ဖို့လည်း အခက်အခဲတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီလို အခြေအနေတွေမှာ ယခင်တုန်းက ဆုပေးမဏ္ဍပ်တွေ အစောဆုံးကို ပြန်လည် ဖော်ထုတ်နိုင်တဲ့ ဗမာသစ်၊ ဗိုလ်စိန်မှန်၊ နေမဝင်တဲ့ ရွှေစင်၊ သုဝဏ္ဏရွှေဝါဆန်မြေ တို့လို ဆုပေးမဏ္ဍပ် ဖြစ်မြောက်ရေး ကော်မီတီတွေရဲ့ကြိုးစား အားထုတ်မှုများဟာ လေးစားစရာပါ။
ယခင် တခေတ်တခါတုန်းက ရှိခဲ့ဖူးတဲ့ ဆုပေးမဏ္ဍပ်တွေ ပြန်လည် ပေါ်ပေါက်ရေးကို အထိရောက်ဆုံး ဦးဆောင်လှုံ့ဆော် ပေးနိုင်ပြီး၊ ထိရောက်တဲ့ အကူအညီတွေ ပံ့ပိုးမှုတွေ ပေးနိုင်မှာကတော့ လက်ရှိ အာဏာရ အစိုးရသာ ဖြစ်ပါတယ်။ တဖက်မှာလည်း အစိုးရအနေနဲ့ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက် အဖြစ် တိုက်ရိုက် အကူအညီတွေ ပေးနိုင်ပါတယ်။
ဥပမာ – ဆုပေးမဏ္ဍပ်တွေ အတွက် လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို နိုင်ငံတော် အစိုးရရဲ့ ဌာနဆိုင်ရာ တချို့ကနေ ဈေးနှုန်း သက်သာစွာနဲ့ ငှားရမ်းခွင့်ပြုတာမျိုးကို အစိုးရက လုပ်ပေးနိုင်ပါတယ်။ ဆုပေးမဏ္ဍပ်တွေကို အားပေးကူညီဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းတယ် ဆိုတာမျိုးကို နိုင်ငံတော်က လုပ်ပေးနိုင်ပါတယ်။ ဆုပေးမဏ္ဍပ်တွေ အတွက် ထည့်ဝင် ကုန်ကျေငွေတွေ အတွက် ထည့်ဝင်လှူဒါန်းသူတွေကို အခွန်လျှော့ပေါ့ ပေးတာမျိုးတွေ လုပ်ပေးခြင်းဖြင့် နိုင်ငံတော်အစိုးရက ကူညီနိုင်ပါတယ်။
အလားတူပါပဲ၊ အခက်အခဲရှိပြီး ဆင်းရဲနွမ်းပါးတဲ့ သင်္ကြန်သံချပ် အသင်းကလေးတွေကို သက်ဆိုင်ရာ၊ နယ်မြေအလိုက် တာဝန်ရှိသူများက သေသေချာချာ စိစစ်ပြီး အစိုးရဌာတွေဆီကနေ ထရပ်ကားများကို ဈေးနှုန်းသက်သာစွာနဲ့ ငှားရမ်းခွင့် ပြုတာမျိုး၊ သင်္ကြန်ကား အပြင်အဆင်အတွက် လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်း ကြီးကြီးမားမားတွေကို ဝန်ကြီးဌာန တခုခုကနေ ငှားရမ်းအသုံးပြုခွင့် ပေးတာမျိုးတွေ လုပ်ပေးမယ် ဆိုရင် အများကြီး အထောက်အကူ ဖြစ်ပါလိမ့်မယ်။ သင်္ကြန် သံချပ် ယဉ်ကျေးမှုကြီး အရှိန်အဟုန်နဲ့လျင်မြန်စွာ ပြန်လည်ဖွံ့ဖြိုးလာနိုင်ဖို့ရှိပါတယ်။
ရန်ကုန်သင်္ကြန်သံချပ် လောကရဲ့ သင်္ကြန်သံချပ်အသင်းတွေ အားလုံးကို အဆင်ပြေစေချင်ပါတယ်။ အခု ဆောင်းပါးလေးကို သက်ဆိုင်ရာ လူကြီးများ ဖတ်ရှုသတိပြုမိကြမယ် ဆိုရင် ဒါဟာ ဧရာမ အကျိုးရှိမှုကြီး တခုလို့ ကျနော်ယူဆပါတယ်။ တနည်း အားဖြင့်လည်း သင်္ကြန် ဆွေမျိုး ညီအစ်ကိုမောင်နှမများ အားလုံး အတွက် တန်ခူးလက်ဆောင်ပါ။
သင်္ကြန်သံချပ်ယဉ်ကျေးမှုကြီး အရှိန်အဟုန်မြင့်စွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာပါစေ။ ။
(မောင်မောင်ကျော်သည် တချိန်က ရန်ကုန်မြို့ သံချပ်အဖွဲ့တွေထဲမှာ ထင်ရှားခဲ့သည့် မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့ကို တည်ထောင်ခဲ့သူ ဂန္ထဝင်မောင်ဝိုင်း(ခ) မောင်မောင်နေဝင်း(ကွယ်လွန်)၏ သားတဦးဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားတဦးလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ နေထိုင်လျက်ရှိသည်။)