“ငြိမ်းစုစီ” ဥပဒေ ဆိုတာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ဆိုတာပါ။
ဦးသိန်းစိန် အစိုးရ လက်ထက်က နားမယ်ဆိုးနဲ့ ကျော်ကြားတဲ့ ပုဒ်မ ၁၈ ကို ယခုအခါ ငြိမ်းစုစီဆိုပြီး ဖြစ်လာတာပါ။ ခွင့်ပြု ချက်ရမှ ဆန္ဒပြရမယ်။ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ရမယ် ဆိုတဲ့ အဓိပ္ပာယ်ကြောင့်ပါပဲ။
ဒီဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၅၄ ကို အဓိပ္ပာယ် ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။
ဦးသိန်းစိန် အစိုးရ လက်ထက်က ဒီဥပဒေဟာ မြို့နယ် ရဲတပ်ဖွဲ့မှူး ဆီက ခွင့်ပြုချက်ရမှ ဆန္ဒပြခွင့်ရမယ် ဆိုတာ ကြောင့် ဆန့်ကျင်ကြပေမယ့် ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ NLD လွှတ်တော် ရောက်တော့ ၄၈ နာရီအတွင်း ကြိုတင် အကြောင်း ကြားရမယ် ဆိုပြီး ပြင်ဆင်ပေးတာကြောင့် လူထုက အရင်လို ကန့်ကွက်တာ မရှိတော့ဘူး။
စီတန်း လှည့်လည်တာရော၊ ဆန္ဒပြတာရော ရှိပေမယ့် အရင်လို ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး ဆိုပြီး အသံ ကျယ်ကျယ် လောင်လောင် မထွက်တော့ဘူးပေါ့။
ဒါပေမယ့် ၂၀၁၈ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေး မှာ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ငြိမ်းစုစီ ဥပဒေကြမ်း ဆိုတာ နိုင်ငံရေး နယ်မှာ ရော မီဒီယာ လောကမှာရော၊ တက်ကြွ လှုပ်ရှားသူတွေ ထဲမှာရော လက်မခံနိုင်စရာ အကြောင်းတွေနဲ့ ဆန့်ကျင်ဝေဖန် တဲ့ အသံတွေ ထွက်လာပါတော့တယ် ဆိုပြီး ပြင်ဆင်ဖို့ တင်သွင်းခဲ့ပါတယ်။
အဲဒီပြင်ဆင်တဲ့ ဥပဒေကြမ်းမှာတော့ –
“မည်သူမဆို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ပြည်သူတို့၏ ကိုယ်ကျင့် တရား အကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြစ်စေ ထိုသို့ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက် နှင့် ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကို လည်းကောင်း၊ အခြားနည်းလမ်း တခုခုကိုသော် လည်းကောင်း သုံးစွဲ၍ လူတဦး ဦး အား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြား ယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၃နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဆိုတဲ့ ပြင်ဆင်ချက် ပြဿနာပါပဲ။

ဒီပြဿနာ ဖြစ်လာတာကလည်း NLD အစိုးရကို ဆန့်ကျင် တယ်လို့ ယူဆတဲ့ ဆန္ဒပြပွဲတွေ၊ စီတန်း လှည့်လည်ပွဲတွေ၊ NLD ပါတီမဟုတ်ဘဲ တခြား အဖွဲ့အစည်းတွေကို ထောက်ခံတယ် ဆိုတဲ့ ဆန္ဒပြပွဲတွေဟာ နောက်ကွယ်ကနေ ငွေ ကြေး ထောက်ပံ့တယ် ဆိုတဲ့ သတင်းတွေ လူထုကြားမှာ ထွက်နေကြတယ်။ နိုင်ငံရေး လောကသားတွေရော၊ ဆန္ဒပြပွဲ တွေမှာ တကယ် ရှိနေပါတယ်လို့ ကျိန်တွယ် ပြောနေကြတယ်။
ဆန္ဒပြပွဲပါဝင်သူ တယောက်ကို ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ အထိပေးတယ်လို့ ကောလာဟလ တွေလည်း ထွက်နေ တယ်။ ငွေပေးပြီး ဆန္ဒပြခိုင်းတယ်ပေါ့၊ ကြေးစားဆန္ဒပြပွဲပေါ့။
အဲဒီလို အခကြေးငွေပေးပြီး ဆန္ဒပြပွဲတွေ ပြုလုပ်တာဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်တယ်လို့ လွှတ်တော်ကရော၊ NLD ပါတီ ကရော သတ်မှတ်နေသလား မသိ၊ အခုလို ဥပဒေမျိုးနဲ့ ထိန်းချုပ်လာတာဟာ လွတ်လပ်စွာ ဆန္ဒပြခွင့်ကို တား ဆီး လိုက်တာ၊ ပိတ်ပင် လိုက်တာ ဆိုတာကို သူတို့ကိုယ်တိုင်ရော သဘောပေါက်ကြရဲ့လား မသိပါဘူး။
အဲဒီမှာ တားမြစ် ကန့်သတ်ချက်ကို ဝေဖန်တဲ့ ကဗျာဆရာ မောင်ဆောင်းခရဲ့ ပြောဆိုချက်ကိုတော့ ကျနော်တို့ သဘော တူပါတယ်။
သူက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့ (အသံ) ရဲ့ အမှုဆောင် ဒါရိုက်တာလည်း ဖြစ်တယ်။ သူ့ကို သတင်း မီဒီယာ တခု က မေးတော့ သူက အခုလိုဖြေခဲ့ပါတယ်။
“သေချာတာကတော့ ဘယ်သူ့ကိုမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို အကြောင်း ပြ ချက် နဲ့မှ ပိတ်ပင် တာမျိုးကို ကျနော်တို့က သဘောမကျဘူး၊ ၅၀၀၀ ပေးပြီး ဆန္ဒပြခိုင်းလည်း ပိုက်ဆံလိုချင်တဲ့သူက လိုက်မှာပဲ၊ အဲဒီဟာတွေကိုလည်း ကျနော်တို့က အရေးယူစရာ အကြောင်းမရှိဘူး၊ သူတို့ဘာသာ ပိုက်ဆံရလို့ လိုက် တယ်၊ ဆန္ဒပြခိုင်းတဲ့ သူကလည်း ပိုက်ဆံပေးနိုင်လို့ ခေါ်တယ်၊ အဲဒီဟာတွေက ဖြစ်နိုင်ခြင်း ရှိမရှိ စသဖြင့် ဘယ်လို ဆန္ဒပြမှုမျိုး မဆို အစိုးရကနေ လေ့လာတာမျိုးတွေ ပြည်သူ့အသံ နားထောင်တာမျိုးတွေ လုပ်ပြီး တကယ် နစ်နာမှု ရှိ တဲ့ ဟာတွေဆိုရင်တော့ အစိုးရက ဖြေရှင်း ဆောင်ရွက်တာမျိုး လုပ်ကိုလုပ်ရမှာ ဖြစ်တယ်။ တကယ်လို့ အဲဒီလို မလုပ် ဘဲနဲ့ အတုအယောင် ဒါမှမဟုတ် ဆူပူမှုဖြစ်အောင် လုပ်တာဆိုရင် ဒါကို လျစ်လျူရှုထားရုံသာ ဖြစ်တယ်”လို့ ဆိုပြီး ဖြေ ထားပါတယ်။
ဘယ်သူ့ကိုမဆို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က တန်းတူညီမျှပေးရမယ်။ လူတစုတဖွဲ့ကို ရည်ရွယ်ပြီးတော့ ဆွဲတဲ့ ဥပဒေမျိုး ဆိုတာ မရှိသင့်ဘူးလို့လည်း မောင်ဆောင်းခက ပြောပါသေးတယ်။ အဲဒီ သဘောထားကို ထောက်ခံ ပါတယ်။
ငွေပေးပြီး ခိုင်းခိုင်း၊ မခိုင်းခိုင်း ဒီမိုကရေစီရဲ့ သဘောမှာ လွတ်လပ်စွာ ငွေယူခွင့်လည်း ရှိတယ်၊အကြမ်းဖက်တာတို့ ရုန်းရင်း ဆန်ခတ်ဖြစ်တာတို့ ဆိုတာကတော့ ဆန္ဒပြပွဲတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်၊ ဒီမိုကရေစီရဲ့ ဘောင်လွတ်သွားတဲ့ တိုက် ခိုက် မှုတွေ ဖြစ်တာကြောင့် အဲဒါတွေကို အကြမ်းဖက်ဝါဒ Terrorism လို့ စွဲချက် မတင်နိုင်ဘူး။ ဒါဟာ မင်းမဲ့ စရိုက် ဖြစ်သွားတာ ချည်းပဲ။

ဂျပန်တို့၊ ဂျာမနီတို့၊ ပြင်သစ်တို့၊ အီတလီတို့ိ ဆိုရင် ဆန္ဒပြသမားတွေဟာ ဝါးလုံးရှည်ကြီးတွေ၊ ဝါးရင်းတုတ်တွေတောင် အသင့်ဆောင်ပြီး ရဲကို ပြန်ရိုက်တာမျိုး၊ ရဲကလည်း ဒိုင်းတွေနဲ့ကာပြီး ကောင်းကောင်း တိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။
ကျနော်တို့လည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးတာပဲ၊ မျက်ရည်ယိုဗုံးတွေ ပစ်တော့ မျက်ရည်ယိုဗုံး အငွေ့တလူလူကို ရဲတွေ ကြားထဲ ပြန်ပစ်ခဲ့တာပဲ။
၁၉၆၁ ခုနှစ် အမေရိကန် သံရုံးရှေ့ တက္ကသိုလ် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲဆိုရင် ရဲက ကျောင်းသား တယောက်ကို ပစ္စတိုနဲ့ ချိန်ပြီး ပစ်ခဲ့တဲ့ ပုံတွေဟာ ကမ္ဘာကျော်သွားခဲ့တယ် မဟုတ်ပါလား။
ဒါကြောင့် ငွေပေးပြီး ဆန္ဒပြတာလို့ ဆိုပြီး ဥပဒေတွေနဲ့ တားမြစ်တာကတော့ ဒီမိုကရေစီ ဘောင်လွတ်သွားပြီလို့ ဆိုချင် ပါတယ်။ ဒီမိုကရေစီ အစိုးရဆိုပြီး လွှတ်တော်ထဲ တို့ကလူများတယ် ဆိုပြီး ဥပဒေတွေကို ပြင်ချင်သလိုပြင်၊ တင်ချင် သလို တင်နေရင်တော့ အရင်က အစိုးရတွေနဲ့ ဘာကွာတော့မှာလဲ။ အာဏာရှင်ခေတ်ကို နောက်ကြောင်းပြန်နေ သလို မျိုး ပြည်သူက ခံစားနေရပါတော့တယ်။
အခု ဥပဒေမှာ ဆန္ဒပြသူတွေကို ရေသန့်ဘူး ကမ်းရင်တောင် ထောင် ၇ နှစ်ကျနိုင်တယ် ဆိုတဲ့ အရေးယူမှုနဲ့ အကျုံးဝင် တယ်လို့တောင် ဖတ်လိုက်ရတယ်။
ဥပဒေကြမ်း ကော်မတီတို့၊ NLD လွှတ်တော်တို့က လေးလေးနက်နက် စဉ်းစားပြီး လူထုဆန္ဒနဲ့ သွေဖည်တာမျိုးကို မလုပ် သင့်ပါဘူး။ အခု ၂ နှစ်ကျော်သက်တမ်းမှာ လူထုက အတော်လေး အမြင်ကတ်နေကြပြီ။ လူထု အော့နှလုံးနာတဲ့ အဆင့် မရောက်ဖို့လိုတယ်။ ဆန်စင်ရာ ကျည်ပွေ့မလိုက်ဖို့လိုပါတယ်။
“ငြိမ်းစုစီ” ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူရဲ့ အသံ၊ သဘောထားကို ကြားသိဖို့ လိုတယ်။ သတင်းစာ၊ ဂျာနယ်တွေ ကို ဂရုတစိုက်၊ တလေးတစား ဖတ်ရောဖတ်ကြရဲ့လား၊ အာဏာမှာ ယစ်မူးပြီး လူထုကို အနိုင်ကျင့်တဲ့ လုပ်ရပ်မျိုး လုပ် လာ ရင်တော့ လူထုထောက်ခံမှုဆိုတာ ပုဂ္ဂိုလ်စွဲမဟုတ်ဘူး ဆိုတာ သဘောပေါက်သင့်ပါတယ်။ သတင်းစာတွေမှာ ပါတဲ့ ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွသူတွေရဲ့ သဘောထားကို ပြန်လည် တင်ပြလိုက်ချင်ပါတယ်။
တဦးကတော့ “ပွင့်လင်း မြန်မာ့ရှေ့ဆောင်” (OMI) အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်ရဲ့ အမြင်ပါ၊ သူက အခုလို ပြောထားတယ်။
“ဆန္ဒထုတ်ဖော်တာ တဖက်ကကြည့်ရင် နိုင်ငံတကာမှာ သုံးတဲ့စံနှုန်း Freedom of expression (လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်) လိုဟာမျိုးပေါ့၊ ဒီဥပဒေမှာ အဲဒီလို ကန့်သတ်ချက်တွေ ပါလာတာက နိုင်ငံတကာမှာ သုံးတဲ့ Freedom of expression စံနှုန်းနဲ့ ကြည့်ရင်တော့ ထိခိုက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ Freedom of expression ကို ထိန်းချုပ်တာမျိုး၊ ချုပ်ကိုင်တာမျိုးကို သိပ်သဘောမကျဘူး၊ ဆန္ဒထုတ်ဖော်တဲ့ နေရာမှာ ဥပဒေကို ပြင်ဆင်လိုက်တဲ့ အတွက် ဒီအချက်တွေကို လိုအပ်တယ်ပေါ့၊ ဒီအချက်တွေမဖော်ပြဘဲ ဆန္ဒထုတ်ဖော်ရင် ဥပဒေ ချိုးဖောက်ရာ ကျတယ် ဆိုပြီး ဖြစ်လာမှာပေါ့၊ ဥပဒေက သတ်မှတ်ထားတဲ့ အတိုင်း၊ လိုက်နာကျင့်သုံးတဲ့ ဆန္ဒ ထုတ်ဖော်မှုတွေလည်း ရှိလာ နိုင် သလို ဥပဒေကို မကျေနပ်လို့ ဥပဒေအတိုင်း မလုပ်ဘူးဆိုတဲ့ ဆန္ဒ ထုတ်ဖော်မှုတွေလည်း ဖြစ်လာနိုင်တယ်”လို့ ပြော ထား ပါတယ်။
အဲဒီအပြင် “ကျနော်တို့ တိုင်းပြည်မှာ အခကြေးငွေ ပေးပြီးတော့ လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်အောင် လှုံ့ဆော် နေတာမျိုး၊ ဖန်တီး နေတာမျိုးတွေ မြင်နေ၊ ကြားနေ၊ တွေ့နေရတာလည်း ရှိတယ်၊ အဲဒီ အစွန်းနှစ်ဖက်မှာ ဥပဒေ ပြဋ္ဌာန်းမယ့် သူတွေအနေနဲ့ မျှမျှတတဖြစ်အောင် ချင့်ချိန်စဉ်းစားပြီး လုပ်ဖို့တော့ လိုမယ်ထင်တယ်”လို့လည်း ဦးအေးကျော်က ဆိုပါတယ်။
ဒီသဘောထားတွေဟာ နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေရဲ့ သဘောထား အမှန်ဖြစ်သလို ပြည်သူတွေရဲ့ သဘော ထား လည်း ဖြစ်တယ်။
ဒီဥပဒေပြဋ္ဌာန်းလို့ အများဆုံး ထိခိုက်မှာက လယ်သမားတွေ၊ အလုပ်သမားတွေပဲ ဖြစ်တယ်ဆိုတာ ဥပဒေပြဋ္ဌာန်းတဲ့ သူတွေ စဉ်းစားဆင်ခြင်ဖို့ ကောင်းပါတယ်။
ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂ မှ ဦးဇော်ရန်း ကလည်း –
“တနိုင်ငံလုံးမှာ လယ်ယာမြေပြဿနာတွေ မဖြေရှင်းနိုင်ဘူး၊ ဌာနဆိုင်ရာကနေ ဖိနှိပ်မှုတွေ ရှိလာတယ်ဆိုရင် ရွာတွေ က စုပေါင်းပြီးတော့ ဆန္ဒပြကြတယ်။ ဆန္ဒပြဖို့အတွက် စုပေါင်းပြီးတော့ ပိုက်ဆံထည့်ရတယ်။ အဲဒါတွေကို လိုက်ပြီး တော့ ကုန်ကျစရိတ် တင်ရမယ်ဆိုရင် ဘယ်မှာလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားတဲ့ အခွင့်အရေး။ ဘိုကလေး ဘက် ဆိုလို့ ရှိရင် ဘိုကလေးမြို့ကို ဆန္ဒပြဖို့ အတွက် သင်္ဘောခတွေ ရှိတယ်၊ ဒီနေရာမှာ လယ်သမားတွေက သူတို့ အခွင့်အရေး အတွက် အခက်အခဲကြားက တိုင်းပြည်က သိအောင် ဆန္ဒပြဖို့ဆိုပြီး ကိုယ်နိုင်သလောက် ပိုက်ဆံထည့်ပြီး လုပ်နေတဲ့ သူတွေ ကြောက်သွားအောင် ဆိုပြီး ကန့်သတ်လိုက်တဲ့ ဘယ်လိုမှ မကောင်းနိုင်တဲ့ ဥပဒေ ပြင်ဆင်ချက်ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
လယ်သမားတွေ လိုပဲ အလုပ်သမားတွေကလည်း ဆန္ဒပြပွဲတွေ ဆက်တိုက်လိုလို ပြုလုပ်ကြတယ်။ အမြဲလိုလို ဖြစ်နေ တာကတော့ အနိမ့်ဆုံးလုပ်ခ ပြဿနာပဲ။ အရင်အစိုးရကလည်း မဖြေရှင်းနိုင်ခဲ့ဘူး။
ဦးသိန်းစိန် အစိုးရ လက်ထက်က တနေ့လုပ်ခ ကျပ် ၃၆၀၀ နဲ့ အစိုးရပြောင်းသွားပြီး အခုအစိုးရ လက်ထက်မှာ ၄၈၀၀ နဲ့ တိုးပေးထားပေမယ့် လက်မခံနိုင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ တိုးလာတဲ့ ကုန်ဈေးနှုန်း၊ အခွန်အခတွေ၊ ငွေဖောင်း ပွ မှုတွေကြောင့်ပါပဲ။
ဒါကြောင့် ဆန္ဒပြကြဦးမှာပဲ။ ဆန္ဒပြရင် အခု ဥပဒေနဲ့ တိုးမှာပဲ။ ငြိမ်းစုစီဟာ အခြေခံလူတန်းစားကို ဖိနှိပ်တဲ့ ဥပဒေ ဖြစ် လာ မှာ ပါပဲ။
NLD အစိုးရဟာ ပြည်သူက တင်မြှောက်လိုက်တဲ့ အစိုးရ၊ ပြည်သူက တခဲနက် မဲပေးပြီး ငါတို့ဘဝတွေ ပြောင်းလဲပြီလို့ ယုံကြည်ပြီး မဲပေးလိုက်တဲ့ အစိုးရ၊ ပြည်သူအတွက် ကြည့်တဲ့ အစိုးရ ဖြစ်စေချင်ပါတယ်။ ပြည်သူကို ဖိနှိပ်တဲ့အစိုးရ မဖြစ်စေချင်ပါဘူး။ အောက်ခြေ လူတန်းစားကိုပါ ဖိနှိပ်လာတယ် ဆိုရင်တော့ ပြည်သူ အော့နှလုံးနာတဲ့ အစိုးရ ပြည်သူ ကြောက်တဲ့ အစိုးရ ဖြစ်သွားမှာကို စဉ်းစား ဆင်ခြင်ဖို့ လိုပါတယ်။
ဥပဒေဆိုတာ ဘက်လိုက်တာချည်း ပါပဲ။ ဘယ် ဥပဒေမှ ခြောက်ပြစ်ကင်းတယ် ဆိုတာ မရှိပါဘူး။ ဘယ်သူ့ အတွက် အကျိုးပြုတဲ့ အစိုးရလဲ ဆိုတာ သူတို့ လူတန်းစားက သူတို့ကို ပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။
NLD အစိုးရ တက်လာပြီး ကတည်းက ပြည်သူ့ ဘက်တော်သားတွေ ဆိုပြီး မျှော်လင့်မထားပါဘူး၊ ဒါပေမယ့် စစ် အစိုး ရ၊ စစ်တပ်ပိုင် အစိုးရတွေထက်တော့ ဒီမိုကရေစီ ပေးနိုင်ကောင်းရဲ့လို့ ခပ်ရေးရေး၊ ခပ်မှေးမှေး တွေးခဲ့တာတော့ ရှိပါ တယ်။ လက်တွေ့မှာ ခပ်ရေးရေး၊ ခပ်မှေးမှေးတောင်မှ ပျက်ပြယ် သွားရမလိုဖြစ်နေပြီ။
စာရေးဆရာ ဆရာမြသန်းတင့် မကွယ်လွန်ခင် ပြောသွားတဲ့ “နိုင်ငံရေး အကျဉ်းသားတွေ အတွက် ဘီကလပ်စ် တော့ ရ အောင် တောင်းကြရအောင်” ဆိုတာကို အမှတ် ရနေပါတယ်။
အခု ပြင်ဆင်မှု ဥပဒေကြမ်းဟာ NLD အစိုးရက ပြိုင်ဘက်ပါတီတွေရဲ့ ငွေပေးပြီး ဆန္ဒပြမှာကို ကြောက်လို့ တင်တဲ့ ဥပဒေပဲ။ မိမိတို့ အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေဖြစ်နေတာကြောင့် ဒီဥပဒေကို ပြည်သူတရပ်လုံးက ရဲရဲရင့်ရင့် ပြတ်ပြတ် သားသား ဆန့်ကျင်ကြရ ပါလိမ့်မယ်။
နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုသက်ဆွေဝင်း ဆိုသူကလည်း “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဖတ်ပြီးပါပြီ။ ဒီမိုကရေစီကို နောက်ပြန် ဆွဲချင်တဲ့ ရည်ရွယ်ချက်လို့ မြင်ပါတယ်၊ ပြည်သူတို့ရဲ့ လွတ်လပ်ခွင့်ကို အဲဒီ ဥပဒေတွေနဲ့ ကန့်သတ်တယ်လို့ မြင်ပါတယ်၊ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ Agree to disagree သဘောထား ကွဲလွဲခွင့်ကို သဘောတူထားမှု ဖြစ်တာမို့ ကိုယ်နဲ့ မတူတဲ့ ဆန့်ကျင်ဘက် လူတွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ် သပိတ်ပင်တာမျိုး ဖြစ်မှာကို ကျနော်စိုးရိမ်ပါတယ်”လို့ ပုဂ္ဂလိက သတင်းစာ တစောင်မှာ ပြောဆိုထားပါတယ်။
အရပ်ဘက် အဖွဲ့အစည်းတွေက စီစဉ်တဲ့ ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေဟာ အလှူရှင်တွေကို ပြန်ပြီး အစီရင်ခံလေ့ရှိ တာ မို့ ကျနော်တို့ အရပ်ဘက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာ အစစ်ဆေးခံနိုင်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး ငြိမ်းစုစီ ဥပဒေမှာ ဒီကိစ္စတွေ ထည့်ထားတာကို လုံးဝ သဘောမကျပါဘူး။ တခြားနည်းလမ်းတွေ၊ ဥပဒေတွေနဲ့ ပွင့်လင်းမြင်သာ မှု အတွက် စီစဉ်သင့်ပါတယ်။
နိုင်ငံတော် လုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူတို့ရဲ့ ကိုယ့်ကျင့်တရား ပျက်ပြား စေရန် ဆိုတာတွေကို ဘယ်လိုတိုင်းတာမှာလဲ သားရေကွင်း ဥပဒေလိုမျိုး ကိုယ်နဲ့ သဘောမတူတဲ့ သူတွေကို အဲဒီ ခေါင်းစဉ်တွေနဲ့ ဆွဲကပ်ပြီး အမှုဖွင့် အရေးယူတာမျိုး လုပ်တာတွေ ရှိလာနိုင်တယ်လို့လည်း ကိုသက်ဆွေဝင်းက သူ့ သဘောထား ဆန္ဒကို တင်ပြသွားတာကို ဖတ်ရပါတယ်။
ဒါတွေဟာ ပြည်သူတွေရဲ့ ယေဘုယျ သဘောထား ဆိုတာကို ခန့်မှန်းလို့ရပါပြီ။
တကယ်ကတော့ တရားဥပဒေဆိုတာ တရားမျှတပြီး မှန်ကန်တဲ့ ဥပဒေဖြစ်ဖို့လိုပါတယ်။ ပြည်သူကို အကာအကွယ် ပေးတဲ့ ဥပဒေဖြစ်ရမယ်။ ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေတွေ မဖြစ်ရဘူး၊ အုပ်စိုးသူတွေ၊ ဖိနှိပ်သူတွေ၊ ငွေများ တရားနိုင်တဲ့ သူတွေ အတွက် ဥပဒေမဖြစ်ရဘူး။
ပြည်သူတွေ မဲပေးခဲ့တာက တဦးတယောက်တည်းကို ချစ်လွန်း ယုံကြည်လွန်းလို့ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ပြည်သူ တွေကို ဖိနှိပ်၊ သယံဇာတ တွေကို ခိုးဝှက်၊ အဂတိ လိုက်စားခဲ့ကြတဲ့ သူတွေကို ရွံရှာ မုန်းတီးလွန်းလို့ ဆိုတာ သဘော ပေါက်ကြရပါမယ်။
ပြီးတော့ ပုံအော ထောက်ခံခဲ့တဲ့ အနောက် နိုင်ငံတွေနဲ့ ဥရောပ ထောက်ခံမှုတွေ ဆုံးရှုံးနေပြီဆိုတာ ကိုလည်း မှန်မှန် ကန်ကန် သုံးသပ်နိုင်ဖို့ လိုလိမ့်မယ်။ တဖက်သတ် အထင်အမြင်လွဲပြီး ကျောခိုင်းသွားတာမျိုးထက် ဘာကြောင့် အထင် အမြင် လွဲသလဲ ဆိုတာကို လှေနံဓားထစ် သဘောမထားဘဲ သမာသမတ် ကျကျ ကိုယ့်အားနည်းချက်ကို ကိုယ် ရှာဖွေ နိုင်ဖို့ လိုပါလိမ့်မယ်။
ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ မင်းသွေးသစ် ကလည်း –
“ပွင့်ပွင့်လင်းလင်း ဝေဖန်ရလို့ရှိရင်တော့ မဟိုချုပ်ကိုင်မှုကို ပြသွားနေတယ်လို့ မြင်တယ်၊ အရင် စစ်အစိုးရ လက်ထက် တုန်းက ဗဟိုဦးစီး ချုပ်ကိုင်တဲ့ ပုံစံ။ နောက် မဆလ၊ နဝတ လက်ထက် အဲဒီတုန်းက လူထုရဲ့ လှုပ်ရှားမှုတွေကို ကန့် သတ် ချင်တဲ့ အခါမှာ ကျင့်သုံးတဲ့ ပုံစံအတိုင်းအခု ကျနော်တို့ပြန်ပြီး ခံစားနေရတယ်။ တကယ်တမ်းကျတော့ ဗဟို ဦးစီး ချုပ်ကိုင်မှုကို ပြန်သွားနေတာမျိုး တွေ့ရတယ်”လို့ ကောက်ချက် ချပါတယ်။
ဥပဒေ ရေးဆွဲတဲ့အခါ၊ ပြဋ္ဌာန်းတဲ့အခါ အစစအရာရာ တွက်ချက်ပြီး နောင်မှ ပြင်လိုက် ဖျက်လိုက် လုပ်တာထက် ပြည်သူ အတွက်၊ ဒီမိုကရေစီ အတွက် စဉ်းစားကာ ခိုင်မာတိကျတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းသင့်တယ်။
အခုပြင်ဆင်တဲ့ ဥပဒေတွေကို အတည်ပြုပြီးကာမှ အောက်ခြေ လူတန်းစားတွေ အတွက် ထိခိုက်တယ် ဆိုပြီး ပြန်ပြင် လာရင် မကောင်းသလို မိမိတို့ အာဏာမဲ့ပြီး အတိုက်အခံ နေရာရောက်သွားခဲ့ရင်၊ ၂၀၁၆ မတိုင်ခင် NLD ပါတီလို ပြန်ဖြစ်သွားခဲ့ရင် ကိုယ့်အတတ်နဲ့ ကိုယ်စူးတာမျိုး ဖြစ်သွားနိုင်ပါတယ်။
ပြင်ဆင်မယ့် မူကြမ်းကိုလည်း လေးလေးနက်နက် စဉ်းစားပြီး ဆန့်ကျင်ဘက်တွေ အပေါ် ဂိုဏ်းဂဏ အမြင်တွေ၊ အာဃာ တတွေ မထားဘဲ ပြည်သူလူထု အကျိုးစီးပွားနဲ့ အကောင်းမြင် စိတ်ဓာတ်ထားပြီး ဒီလို ဥပဒေမျိုးကို မပြဋ္ဌာန်း သင့်ဘူး လို့ ဆိုချင်ပါတယ်။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။