အမျိုးသမီးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး (Women and peace building)
ငြိမ်းချမ်းရေးတည်ဆောက်ရေးဆိုင်ရာ အားနည်းချက်တွေထဲမှာ အမျိုးသမီးများ ပါဝင်မှု နည်းပါးခြင်းနဲ့ ကျားမရေးရာ တန်းတူညီမျှမှု မရှိခြင်းတွေဟာ ထင်ရှားပေမယ့်၊ ဒီအားနည်းချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ရေး လုပ်ဆောင်ချက်များကလည်း နည်းပါးနေတာ တွေ့ရပြန်ပါတယ်။ အင်စတီကျူးရှင်း စွမ်းရည်အားနည်းချက်၊ မူဝါဒနဲ့ လုပ်ငန်းလမ်းညွှန်များဆိုင်ရာ အားနည်းချက်၊ အစီအစဉ်ဖော်ဆောင်မှု ဆိုင်ရာ အားနည်းချက်၊ ဗဟုသုတနဲ့ အရင်းအမြစ်ရှားပါးမှု စတဲ့ ပြဿနာတွေဟာ အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးဖြစ်စဉ် ပါဝင်မှု နည်းပါးခြင်းရဲ့ အခြေခံအကြောင်းတရားများ ဖြစ်နေပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်ရေးဆိုင်ရာ ဖြစ်စဉ်ရဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီးများ ပါဝင်ရေးနဲ့ ကျားမရေးရာ တန်းတူညီမျှရေးတို့အတွက် လုပ်ဆောင်ဖွယ်ရာ ကိစ္စရပ်များ ရှိနေပါတယ်။
တိုက်ပွဲဝင်သူများဘဝမှ အရပ်သားဘဝသို့ အသွင်ကူးပြောင်းခြင်း
ပဋိပက္ခကာလများအတွင်း အကြမ်းဖက်ခံရသူများအတွက် လူမှုစိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးဖို့ လိုအပ်ချက်ကို တွေ့မြင်ကြပေမယ့် ထိရောက်တဲ့တုန့်ပြန့်မှုများ လုပ်ဆောင်တာတွေက အားနည်းနေပါတယ်။ အထူးသဖြင့် ဘက်ပေါင်းစုံမှာ တိုက်ပွဲဝင်ခဲ့ကြသူတွေရဲ့ စစ်ပွဲကာလအတွင်းက စိတ်ဖိစီးမှုများရဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို ကုစားပေးမှုတွေ မရှိခြင်းပါ။ တိုက်ပွဲဝင်ခဲ့သူများမှာ စိတ်ပိုင်းဆိုင်ရာ မကျေနပ်မှုတွေ၊ ခံစားချက်လွန်ကဲမှုတွေ၊ အတိတ်ဘ၀ စွဲလမ်းမှုတွေ၊ အတိတ်နဲ့ ပကတိလက်ရှိအခြေအနေကို လက်ခံဆက်စပ်နိုင်မှု အားနည်းချက်၊ လက်နက်များကိုင်ဆောင်ရမှုအပေါ် စိတ်ကြီးဝင်မှုတွေ၊ သွေးဆာမှုတွေ၊ အမုန်းတရားတွေရှိနေခဲ့မယ်ဆိုရင် မိသားစုနဲ့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်တွေ ဖြစ်လာတတ်ပါတယ်။
နိုင်ငံတကာ လေ့လာဆန်းစစ်ချက်များအရ တိုက်ပွဲဝင်စိတ်ဒဏ်ရာ (combat trauma) နဲ့ အိမ်ခြေယာမဲ့ပြဿနာ၊ အရက်ပြဿနာ၊ လက်နက်များ တရားမဝင်ကိုင်ဆောင်မှုပြဿနာ၊ အလုပ်လက်မဲ့ပြဿနာ၊ ကလေးငယ်များအပေါ် အကြမ်းဖက်မှုပြဿနာ၊ အိမ်တွင်းအကြမ်းဖက်မှုပြဿနာ၊ မှုခင်းများ ကျူးလွန်မှုပြဿနာ၊ မိမိကိုယ်ကို သေကြောင်းကြံမှုပြဿနာ၊ လူသတ်မှုပြဿနာ၊ လုပ်ကြံသတ်ဖြတ်မှုပြဿနာများက ဆက်စပ်နေပါတယ်။ တိုက်ပွဲဝင်ခဲ့သူများဟာ အမျိုးသားများ ဖြစ်လေ့ရှိတဲ့အတွက် ဒီပြဿနာများရဲ့ သားကောင်များဟာ အမျိုးသမီးများ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ တိုက်ပွဲဝင်သူဘဝမှ အရပ်သားဘ၀ ကူးပြောင်းလာသူ များအတွက် လူမှုစိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနဲ့ စိတ်ဒဏ်ရာ ကုစားပေးခြင်း စတဲ့ လုပ်ငန်းစဉ်များ ထည့်သွင်းရန် လိုအပ်ပါတယ်။ လူမှုစိတ်ပိုင်းဆိုင်ရာ အမျိုးသမီး ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပြီး၊ အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ် ပါဝင်ဆောင်ရွက်မှု အားကောင်းလာစေရန် လုပ်ဆောင်နိုင်ပါတယ်။
လူမှုကာကွယ်စောင့်ရှောက်ခြင်း
ပဋိပက္ခဖြစ်ပွားတဲ့ ကာလတွေမှာ မိသားစုနဲ့ ဝေးကွာသွားခဲ့ရတဲ့ အမျိုးသမီးများအတွက် လူမှုရေးအာမခံ ဝန်ဆောင်မှုများ၊ လူမှုကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ရှင်သန်ရပ်တည်ရေးနဲ့ ဘဝပြန်လည်ထူထောင်ရေးတို့အတွက် ကူညီစောင့်ရှောက်မှုတွေ မလုပ်ဆောင်ဘူးဆိုရင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများနဲ့ လူကုန်ကူးမှုရဲ့ သားကောင်များဘဝကို ကျရောက်သွားစေနိုင်ပါတယ်။ လူမှုကာကွယ်စောင့်ရှောက်ခြင်းဆောင်ရွက်ရာမှာ အမျိုးသမီးများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လက်လှမ်းမှီမှုရှိရေး၊ မိသားစုများနဲ့ ပြန်လည်ပေါင်းစည်းရေး၊ ဆွေမျိုးသားချင်းတွေနဲ့ မိဘမဲ့ဂေဟာတွေမှာ ရောက်နေတဲ့ သူတို့ သားသမီးများနဲ့ ပြန်လည်တွေ့ဆုံပေါင်းစည်းခွင့်ရရှိရေး စတာတွေကိုပါ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်စောင့်ရှောက်ရေး ဂေဟာများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးဖို့ လိုပါတယ်။
ကျားမရေးရာ အခြေပြုအကြမ်းဖက်မှု
ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ ရေးဆွဲရာမှာ ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုကို ထည့်သွင်းစဉ်းစားမှုအားနည်းပါတယ်။ ပေါ်လွင်ထင်ရှားတဲ့ လုပ်ငန်းစဉ်မဟုတ်တဲ့အတွက် အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှုကို ကန့်သတ်ရာကျပြီး၊ ပြန်လည်ထူထောင်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေမှာ အမျိုးသမီးများရဲ့ ဦးဆောင်ပါဝင်နိုင်မှု အခွင့်အလမ်းများကို လျော့နည်းသွားစေပါတယ်။ အမျိုးသမီးများရဲ့ လွတ်လပ်စွာ ရွေ့လျားလှုပ်ရှားနိုင်မှု၊ ကျန်းမာရေးနဲ့ ပဋိပက္ခအလွန် တိုင်းပြည်တည်ဆောက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်မှုများမှာ ပါဝင်နိုင်မှုတွေက ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုနှုန်း နည်းပါးခြင်းအပေါ်မှာ တည်မှီနေပါတယ်။ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းနဲ့ အခြေပြုအကြမ်းဖက်ခြင်းတွေ များပြားနေတဲ့အခါ အမျိုးသမီးများရဲ့ စိတ်လုံခြုံမှုလျော့နည်းလာပြီး၊ ပါဝင်ဆောင်ရွက်နိုင်မှုတွန်းအား လျော့နည်းလာတတ်ပါတယ်။
ပဋိပက္ခကာလအတွင်းက ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုများကို အရေးယူခြင်းမရှိပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်မှုများက အမျိုးသမီးများနဲ့ မသက်ဆိုင်သလို ဖြစ်သွားတတ်ပါတယ်။ ပဋိပက္ခအလွန်ကာလမှာ ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုများ ပိုမိုများပြားလာခြင်းကလည်း အမျိုးသမီးများရဲ့ ငြိမ်းချမ်းလုံခြုံသော စိတ်ခံစားရမှုအခြေအနေကို ထိပါးလာပြီး၊ ဖောင်စီးရင်းရေငတ်သကဲ့သို့ ငြိမ်းချမ်းရေးတည်ဆောက်ရင်း အကြမ်းဖက်ခံနေရသည့် အခြေအနေကဲ့သို့ ခံစားလာရတတ်ပါတယ်။ ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုများကြောင့် ထိခိုက်သွားတဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပျက်စီးမှု (psycho-social damage) များဟာ လူမှုပေါင်းစည်းခြင်း (social cohesion) အတွက် ကြီးလှစွာသော အတားအဆီးတွေ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ချိန်မှာ ကျားမရေးရာ အခြေပြု အကြမ်းဖက်မှုများ လျော့နည်းစေဖို့ ကြိုးပမ်းဆောင်ရွက်ရန် အရေးကြီးလှပါတယ်။
လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး
အမျိုးသမီးများရဲ့ လုံခြုံရေးနဲ့ အကြမ်းဖက်မှုမှ လွတ်ကင်းရေးက ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အရေးပါလှပါတယ်။ ဒီလို ဖြစ်လာဖို့အတွက်က တာဝန်ခံမှုအပြည့်အဝရှိပြီး၊ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း မြင့်မားတဲ့ လုံခြုံရေးကဏ္ဍကြီး ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ကျားမရေးရာ တုန့်ပြန်နိုင်စွမ်းရှိသော လုံခြုံရေးကဏ္ဍ (Gender responsive Security Sector) ပေါ်ထွက်လာရေးအတွက် တာဝန်ခံမှုစနစ်များ တည်ဆောက်ခြင်း၊ မူဝါဒများ ဆန်းစစ်ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုခင်းများအား ဖော်ထုတ်ခြင်း၊ အကြမ်းဖက်ခံရသူများအား ကာကွယ်စောင့်ရှောက်ခြင်း၊ ရဲတပ်ဖွဲ့တွင် အမျိုးသမီးများ ပိုမိုများပြားလာခြင်း၊ မှုခင်းသုတေသနများ ပြုလုပ်ခြင်း၊ မှုခင်းမှတ်တမ်းများ ပြုစုထိန်းသိမ်းခြင်း စတဲ့ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
တရားမျှတမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး (Justice Reform)
အမျိုးသမီးများရဲ့ တရားမျှတမှုဆိုင်ရာ လက်လှမ်းမှီမှုက တရားမျှတမှုဆိုင်ရာပြုပြင်ပြောင်းလဲရေး ရှိမှသာ ပိုမိုတိုးတက် လက်လှမ်းမှီလာမှှု ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခ ံဥပဒေအပါအဝင် ဥပဒေများကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနဲ့ လုပ်ထုံးလုပ်နည်းများအား ပြုပြင်ပြောင်းလဲခြင်း၊ စစ်ဘက်ရေးရာ ဥပဒေများနှင့် လုပ်ထံးလုပ်နည်းများအား ပြန်လည်ဆန်းစစ်ခြင်း၊ အမျိုးသမီးများရဲ့ ဥပဒေရေးရာ သိနည်းလည်မှု မြှင့်တင်ခြင်း၊ ဥပဒေရေးရာ ထောက်ကူပြုခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား အစီရင်ခံခြင်း၊ ကျားမရေးရာ တရားမျှတမှု (gender justice) အတွက် ဆောင်ရွက်ခြင်း စတာတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တရားရုံးများ၊ အချုပ်ခန်းများနဲ့ အကျဉ်းထောင်များကိုလည်း ကျားမရေးရာ ရှုထောင့်မှ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ကျားမရေးရာ အကြမ်းဖက်မှုများအတွက် အထူးတရားရုံးများ ထားရှိရေးဆိုတာကိုလည်း အချို့နိုင်ငံတွေမှာ တောင်းဆိုမှုများ ထားရှိပြီး၊ အမျိုးသမီး ရဲစခန်းများထားရှိရေး၊ ဆေးရုံရဲများ ထားရှိရေးကိုလည်း မူများ ချမှတ်လုပ်ဆောင်နေကြပါတယ်။
လူမှုစီးပွား ပြန်လည်ထူထောင်ရေး
ပြန်လည်ထူထောင်ရေးမူဝါဒများချမှတ်ရာမှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဦးတည်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ပေးခြင်း၊ အသေးစား ချေးငွေများ ထုတ်ချေးခြင်း၊ မူလတန်းအဆင့် ပညာရေး အားလုံးတတ်မြောက်စေရန် ဆောင်ရွက်ခြင်း စတာတွေကို နိုင်ငံအသီးသီးမှာ လုပ်ဆောင်လေ့ရှိကြပေမယ့်၊ နည်းပညာစွမ်းရည်များ၊ ပညာရပ်ပိုင်းဆိုင်ရာနဲ့ သုတေသန စွမ်းရည်များအတွက်ကိုတော့ ထည့်သွင်းစဉ်းစားလေ့မရှိကြပါဘူး။ လူမှုစီးပွား ပြန်လည်ထူထောင်ရေး လုပ်ဆောင်တဲ့အခါ အမျိုးသမီးများအတွက် အဆင့်မြင့် သက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာနှင့် သုတေသနစွမ်းရည်များ ဖြည့်ဆည်းပေးခြင်း၊ အိုင်တီနည်းပညာသင်ကြားပေးခြင်း စတာတွေကိုလည်း အာရုံစိုက်ဖို့ လိုအပ်လှပါတယ်။ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ပညာရပ်များကိုလည်း အမျိုးသမီးများအတွက် သင်ကြားပေးဖို့ လိုအပ်ပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အထက်က ဖော်ပြထားတဲ့ လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသမီးရေးရာ နိုင်ငံတော်အဆင့် ယန္တရားများ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အဆင့် ယန္တရားများမှတဆင့် အမျိုးသမီးအဖွဲ့အစည်းများနဲ့ အစိုးရဝန်ကြီးဌာနများအကြား ချိတ်ဆက်ပေါင်းစပ်မှုကို ဖော်ဆောင်ပေးရေး ကလည်း အရေးကြီးပါတယ်။ ဒါတင်မကပဲ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အမျိုးသမီး အဖွဲ့အစည်းများရဲ့ စွမ်းရည်ဖွံ့ဖြိုးရေး၊ ကျားမရေးရာနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ အသိပညာနှင့် သတင်းအချက်အလက်များ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုမူဘောင်များတွင် ကျားမရေးရာ အချက်အလက်များ ထည့်သွင်းရေး၊ ကျားမရေးရာ ဆန်းစစ်ချက်နှင့် သုတေသနများ ပြုလုပ်ရေး စတာတွေကို ထိရောက်စွာ ဆောင်ရွက်ဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။