မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တန့်ပစ်ရမည်

ယော်ဘောမ် မန်ရှန်
ရေကာတာ အလိုမရှိကြောင်း ဧရာဝတီမြစ်ဘေးတွင် ရေးသားထားပုံ / Reuters
Want create site? Find Free WordPress Themes and plugins.

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ရပ်ဆိုင်းခဲ့သော မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်လည် စတင်နိုင်ရန် တရုတ်က ကြိုးစားနေကြောင်း သတင်းများကို သတင်းမီဒီယာများတွင် ဖတ်ရသည်။

နှစ်နိုင်ငံကြား ချုပ်ဆိုခဲ့သည့် စာချုပ်ကို စီမံကိန်းနှင့် ပါဝင် ပတ်သက် နေခဲ့ကြသည့် အရင်စစ်အစိုးရနှင့် လက်ရှိ အစိုးရခါင်းဆောင်များမှ လွဲ၍ မည်သူမျှ မသိရှိ သေးသည့် အတွက် စီမံကိန်း၏ အကျိုးအမြတ်ကို တိတိကျကျ မသိနိုင်ပါ။

သို့သော် မြန်မာပြည်သူလူထု၏ ဝိုင်းဝန်း ကန့်ကွက်နေမှုကို သိရှိသည့်တိုင်အောင် လက်မလျှော့နိုင် ဖြစ်နေသည်ကို ကြည့်ခြင်းဖြင့် တရုတ်အတွက် အကျိုးအမြတ် မနည်းလှကြောင်း သိသာသည်။

ဤစီမံကိန်းကို အကောင်အထည် ဖော်ဖြစ်ခဲ့လျှင် ဖြစ်ပေါ်လာမည့် ရေတို၊ ရေရှည် သဘာဝ ပတ်ဝန်းကျင်နှင့် ဧရာဝတီ မြစ်ကြောင်း၏ ဂေဟစနစ် တခုလုံးကို ပျက်ဆီးစေမည့် အပြင် အမျိုးမျိုးသော လူမှုရေး ဆိုင်ရာ ဆိုးကျိုးများနှင့် ပတ်သက်ပြီး သုတေသန စာစောင်တွေ၊ သတင်းစာ ဆောင်းပါးတွေများစွာ ထွက်ရှိပြီးဖြစ်သည်။

သို့သော် နိုင်ငံ့လုံခြုံရေး ရှုထောင့်မှ လေ့လာသုံးသပ် ဆွေးနွေးမှု သိပ်မတွေ့ရသေးပါ။

စီမံကိန်းသည် ချိန်ကိုက်ဗုံးကြီးကဲ့သို့ ကြောက်စရာ ကောင်း၍ ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးကို အနာဂတ် တချိန်ချိန်တွင် ထိခိုက်စေနိုင်သောကြောင့် လုံးဝ ရပ်စဲသင့်သည်။

ဧရာဝတီ မြစ်ကြောင်း တလျှောက် လူနေထူထပ်သည်မှာလည်း အားလုံး အသိဖြစ်ပါသည်။ ပြည်သူလူထု၏ အသက် လုံခြုံမှုကို ခြိမ်းခြောက်ခြင်းသည် နိုင်ငံ့လုံခြုံရေးကို ထိပါးသည်နှင့် အတူတူပင် မဟုတ်ပါလား။

မြစ်ဆုံ စီမံကိန်းကို ချိန်ကိုက်ဗုံးကြီးနှင့် ခိုင်းနှိုင်းမှုကို ချဲ့ကားသည်ဟု ထင်မြင် ယူဆသူတွေလည်း ရှိနိုင်သည်။ ဤသို့ ယူဆလျှင် မမြဲသော သင်္ခါရတရားကို အမှတ်ရ သင့်သည်။

သဘာဝ အလျောက်တည်ရှိ နေခဲ့သော ကျောက်ဆောင် တောင်တန်းများပင် မိုး၊ ရေ၊ လေ၊ ငလျင် စသော သဘာဝဘေးဒဏ်များကြောင့် မြေပြို၍ ပျက်စီးနိုင်သည် မဟုတ်လား။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆိုးရွားသော သဘာဝ ဘေးဒဏ်များ အခံရဆုံး စာရင်းဝင် နိုင်ငံတနိုင်ငံ ဖြစ်သည် ကိုလည်း မမေ့သင့်ပါ။ ပုထုဇဉ် လူသားအသိပညာဖြင့် တည်ဆောက်သော အရာ နှစ်ပေါင်း မည်မျှ ခံနိုင်မည်နည်း။

အကြောင်းကြောင်းကြောင့် တနေ့နေ့ တချိန်ချိန်မှာ ပေါက်ကွဲပျက်စီး၍ နောင်လာနောက်သားများ အသက်တွေဆုံးပြီး ဒုက္ခ တွေ့ကြုံရသော တနေ့တွင် တရုတ် အပါအဝင် နိုင်ငံတကာမှ လူသားခြင်းစာနာမှု အထောက်ပံ့တွေ ရောက်လာနိုင်သည်။ နာဂစ် မုန်တိုင်း ဖြစ်တုန်းကကဲ့သို့ပင် ဖြစ်သည်။

သို့သော် ပျက်ဆီးဆုံးရှုံးသွားမည့် ရုပ်ဝတ္ထုပစ္စည်းများနှင့် အဆောက်အဦး များကို ပြန်လည် ထူထောင် ဖြည့်ဆည်းနိုင်မည် ဖြစ်သော်လည်း သေဆုံးသွားကြမည့် အသက်များကိုကား ပြန်လည် ရှင်သန်စေနိုင်မည် မဟုတ်ပါ။ အထူးသဖြင့် ဧရာဝတီမြစ်ကြောင်းတလျှောက်က နောင်လာနောက်သားများ၏ အသက် လုံခြုံရေးသည် ရင်လေးစရာဖြစ်နေသည်။

မြစ်ဆုံရေကာတာ စီမံကိန်းသည် လူပုံအလယ်မှာ ထောင်ထားသော ချိန်ကိုက်ဗုံးကြီး တလုံးနှင့် တူပေမည်။ ပို၍ဆိုးသည်မှာ သာမန်ချိန်ကိုက်ဗုံးကို ထောင်ပြီးပါက ပြန်လည် ရုပ်သိမ်းဖယ်ရှားရန် ဖြစ်နိုင်သော်လည်း ဤစီမံကိန်းမျိုးသည် တည်ဆောက် ပြီးစီးပါက ပြန်လည် ရုပ်သိမ်း ဖယ်ရှားပေးရန် မဖြစ်နိုင်ခြင်းပင် ဖြစ်သည်။

နောင်လာနောက်သားများကို ပြန်ဖြုတ်၍ မရသော ဧရာမ ချိန်ကိုက်ဗုံးကြီး ချန်ထားပေးရန် သင့်ပါသလား၊ စဉ်းစားသင့်ပေသည်။

အကြောင်းသင့်၍ စာရေးသူ ရောက်ဖူးသော လက်ရှိ ကမ္ဘာ့အမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရသည့် အမေရိကန် နိုင်ငံရှိ ဟူးဗားရေကာတာကြီး (Hoover Dam) အကြောင်း အနည်းငယ် နှိုင်းယှဉ် တင်ပြလိုသည်။ ရေကာတာ၏ ရေလွမ်းမိုး ဧရိယာသည် ၆၄၀ စတုရန်း ကီလိုမီတာ (၃၉၇ မိုင်ခန့်) ရှိကြောင်းသိရသည်။ ၎င်းဧရိယာသည် လုံခြုံရေး အတွက် ခွင့်ပြုချက်မရဘဲ သွားလာခွင့် မရှိသော ကန့်သတ်ဧရိယာ ဖြစ်သည် ဟုဆိုသည်။ လူနေထိုင်ရာ ဒေသနှင့် ဝေးလံခေါင်ပါးသည့် သဲကန္တာရတွင် တည်ဆောက်ထားသည်။

မိတ်ဆွေလည်း Google Map မှာ ရှာကြည့်နိုင်သည်။ သို့သော် တနေ့နေ့ တချိန်ချိန်မှာ အကြောင်းကြောင်းကြောင့် ကျိုးပေါက်ခဲ့လျှင် လူပေါင်း ၁ သိန်းခန့် အသက်အန္တရာယ်နှင့် ကြုံရနိုင်ကြောင်း၊ ၎င်းတို့၏ လယ်ယာမြေ၊ ဥယျာဉ်များ ပျက်စီးနိုင်ကြောင်း၊ လျှပ်စစ်နှင့် သောက်သုံးရေ ပြတ်လပ်မှု ပြဿနာ တွေ့ကြုံကြရမည့် လူဦးရေ သန်းပေါင်းများစွာ ရှိနိုင်သည်။

မြစ်ကြောင်း တလျှောက် လူနေထူထပ်သည့် ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မည့် ဤမြစ်ဆုံ ရေကာတာ စီမံကိန်းကြီး ကျိုးပေါက် ပျက်စီးမည့် အနာဂတ်တနေ့တွင် လူပေါင်းမည်မျှ အသက်ဆုံးရှုံး ကြရမည်နည်း။

မြစ်ဆုံရေကာတာ တည်ဆောက်ပြီးပါက ရေလွှမ်းမိုးသွားမည့် ဧရိယာသည် စင်ကာပူနိုင်ငံ ၏ ဧရိယာ အကျယ်အဝန်းနှင့် ညီမျှသည်ဟု International Rivers က ဆိုသည်။ တနည်းအားဖြင့် ၇၁၉ ဒသမ ၉ စတုရန်းကီလိုမီတာ (၄၄၇ ဒသမ ၃ မိုင်) ရှိမည် ဖြစ်ပြီး ဟူးဗားရေကာတာ၏ ရေလွမ်းဧရိယာ ထက်ကြီးပါသည်။

ဤမျှလောက် ကျယ်ဝန်းသော ဧရိယာသည်လည်း ရေကာတာ လုံခြုံရေး အတွက် ကန့်သတ်နေရာ ဖြစ်လာနိုင်ပါသည်။ အဆိုပါ လုံခြုံရေးကို “ဘယ်သူက တာဝန်ယူပေးမလဲ” ဆိုသည်လည်း ယခုချိန်တွင် သက်ဆိုင်ရာ ခေါင်းဆောင်များမှ လွဲ၍ မည်သူမျှ မသိသော အရာ ဖြစ်သည်။

မြန်မာအစိုးရက လုံခြုံရေး တာဝန်ယူပေးလျှင်တောင်မှ တရုတ်က ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားကို ကာကွယ်ရန် လုံလောက်မှု မရှိဟု ယူဆလျှင် ကိုယ်ပိုင် စစ်အင်အားနှင့် ဝင်ရောက် လာနိုင်သည်ကိုလည်း သတိပြုသင့်ပေသည်။

ဥပမာ တောင်ဆူဒန် အစိုးရက တရုတ် အကျိုးစီးပွားကို ကာကွယ် မပေးနိုင်သောကြောင့် တရုတ်သည် မိမိတို့ ရေနံလုပ်သားများ နှင့် လုပ်ကွက်များကို ကာကွယ်ရန် တပ်အင်အား ၇၀၀ ကို ကုုလသမဂ္ဂ ငြိမ်းချမ်းရေးတပ် အသွင်ဖြင့် စေလွတ်အသုံးပြုသည်သာမက ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့များကိုလည်း အသုံးပြုလာနေကြောင်း International Crisis Group, Foreign policy နှင့် Financial Times တို့တွင် ဖတ်ရှုရသည်။

စီမံကိန်း တည်ဆောက်ပြီးလျှင် တရုတ်က နှစ်ပေါင်း ၅၀ လည်ပတ် လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သတင်း မီဒီယာ တွေမှာ ရေးသားကြသည်။ သို့သော် ပြန်လည် မရုပ်သိမ်းနိုင်သော ချိန်ကိုက်ဗုံးကြီးကို တရုတ်က တည်ဆောက်မှာ ဖြစ်၍ တရုတ်ကို ထာဝရ မှီခိုနေရမည်။

ဥပမာ Toyota ကားကို ဝယ်စီးနေသ၍ ပြုပြင် ထိန်းသိမ်းရန် လိုအပ်သော နည်းပညာနှင့် အပိုပစ္စည်း အစရှိသည်တို့ အတွက် ဂျပန်ကို မှီခိုရသလိုမျိုး ဖြစ်သည်။ တနည်းအားဖြင့် မြစ်ဆုံစီမံကိန်းကို တည်ဆောက်ခွင့်ပြုခြင်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တစိတ်တပိုင်းကို တရုတ်အား အညှာကိုင်ခွင့် ပေးလိုက်သည့် အသွင်ဆောင်သည်။

ဤစီမံကိန်း အတွက် နှစ်နိုင်ငံကြား ချုပ်ဆိုခဲ့သော စာချုပ်ပါ အချက်အလက်တွေကို အစိုးရက လျှို့ဝှက် ထားဆဲ ဖြစ်သော ကြောင့် အကျိုးအမြတ်တွေကို အသိအကျ မပြောနိုင်ပါ။

သို့သော် သတင်းမီဒီယာများ ရေးသားဖော်ပြချက်များ အရ စီမံကိန်းမှ ထုတ်လုပ်မည့် လျှပ်စစ် ဓာတ်အား စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို တရုတ်က ရရှိမှာ ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံက ရရှိမည် ဖြစ်သည်။

အကယ်၍ အဆိုပါ ၁၀ ရာခိုင်နှုန်းမှာမှ ပြည်တွင်း ရင်းနှီးသူက ၅ ရာခိုင်နှုန်း ပြန်ယူသွားလျှင် အများပြည်သူအတွက် ၅ ရာခိုင်နှုန်းသာ ကျန်တော့သည့် သဘော ဖြစ်သည်။ တို့ပြင် တရုတ်က နှစ်ပေါင်း ၅၀ စီမံလည်ပတ်နိုင်ခွင့် ရရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

စီမံကိန်း လုံခြုံရေးကို အကြောင်းပြပြီး ရေကာတာ စက်ရုံအတွင်း သတင်းမီဒီယာများနှင့် ပြည်သူလူထုများကိုလည်း ဝင်ခွင့် ပြုမည် မထင်ပါ။ ဝမ်ပေါင် ကြေးနီ စီမံကိန်း လုပ်ကွက် အတွင်း ဝင်ရောက်ကြည့်ရှုခွင့် မရသလိုမျိုးပင်။

ထို့ကြောင့် နောက်ကွယ်တွင် မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ လူမှုစီးပွားရေးနှင့် စစ်ရေးစစ်ရာများ ကိုလည်း အနီးကပ် လေ့လာ ထောက်လှမ်းနိုင်မည့် အခွင့်အရေးလည်း ဖြစ်နိုင်သည်။ ဤကဲ့သို့ ရရှိမည့် အကျိုးအမြတ်သည် များလွန်းသောကြောင့် မြန်မာလူထု၏ ကန့်ကွက်မှုကို သိသိကြီးနှင့် ရှေ့တိုးဖို့ ကြိုးပမ်းနေခြင်း ဖြစ်နိုင်သည်။

ရခိုင်ပြည် ပြဿနာအရေး၊ မငြိမ်းနိုင်သေးသော ပြည်တွင်းစစ်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲပြစ်တင်မှုများ ကြောင့် မြန်မာအစိုးရနှင့် တပ်မတော်တို့သည် နိုင်ငံတကာတွင် မျက်နှာပျက်နေရသည်မှာ အားလုံးအသိပင်။

နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံကို အကာအကွယ်ပေးပြီး တရုတ် အနေဖြင့် သူရလိုသော မဟာဗျူဟာမြောက် စီမံကိန်းများ ရရှိအောင် နည်းမျိုးစုံဖြင့် ဆက်လက်ကြိုးစားနေသည်။

မြန်မာနိုင်ငံအနေနှင့် အိမ်နီးချင်းကောင်းပီသစွာ ရေနံဓာတ်ငွေ့ပိုက်လိုင်းကြီး သွယ်တန်းခွင့်၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း တည်ဆောက်ခွင့်၊ နိုင်ငံ၏ အခြားသော မြစ်ချောင်းများတွင် အသေးစားမှ အလတ်စားထိ ရှိသော ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ခွင့်၊ ကျောက်စိမ်း၊ လက်ပံတောင်းတောင် ကြေးနီ စသော သတ္ထုတူးဖော်ခွင့်များစွာ ပေးခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် အပါအဝင် အခြားသော ပြည့်မြဲစွမ်းအင် ထုတ်ယူရန် သင့်တော်သော နေရာဒေသ များစွာ ရှိသည်။ အသေးစား၊ အလတ်စား ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရန် မြစ်ချောင်း ပေါများခြင်း၊ နေရောင်ခြည် စွမ်းအင်ထုတ်ရန် အပူပိုင်းဒေသများရှိခြင်းနှင့် လေရဟတ်စက် တည်ဆောက်ရန် အခြေအနေရှိခြင်း စသောရွေးချယ်စရာ များစွာ ရှိပါသည်။

ထို့ကြောင့် နိုင်ငံလုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ထိပါးနိုင်သော၊ နိုင်ငံအတွက် အကျိုးကျေးဇူး အလွန် နည်းပါးသော မြစ်ဆုံစီမံကိန်းကြီးကို ပြတ်သားစွာ ရပ်စဲသင့်ကြောင်းနှင့် ပြည်သူလူထု တရပ်လုံးလည်း မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တန့်သွားရန် ဝိုင်းဝန်းတွန်းအား ပေးသင့်ကြောင်း သုံးသပ် နှိုးဆော် တင်ပြအပ်ပါသည်။ ။

(ယော်ဘောမ် မန်ရှန်သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးသား နေသူ တဦးဖြစ်သည်။ ၎င်းသည် The Fletcher School, Tufts University, USA မှ Law and Diplomacy မဟာဝိဇ္ဇာ ဘွဲ့ရရှိခဲ့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading