အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားခုံရုံး International Criminal Court – ICC မှ ရှေ့နေ ဖကျူး ဘန်းဆိုဒါ Fatou Bensouda က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ အရေးပေါ်စုံစမ်း စွဲချက်တင်နိုင်ရန် ၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က တင်သွင်းလိုက်ခြင်းနှင့် မြန်မာအစိုးရမှ ပြန်လည်တုန့်ပြန်ချက်ကို လေ့လာကြည့်မိသည်။
နှစ် ၇၀ ယခင်က နိုင်ငံတကာ စာမျက်နှာတွင် ရင်ကော့ခေါင်းမော့ခဲ့ရသော မြန်မာပြည်သည် ဒီကနေ့ နှာခေါင်းဖော် အသက်လုရှူ နေရသည့် အခြေသို့ ဆိုက်လာသည်ကို တွေ့ရ၍ လွန်စွာ စိတ်မကောင်းဖြစ်ရသည်။
ဖကျူး ဘန်းဆိုဒါ၏ လျှောက်ထားချက်ကို ကြည့်လျှင် ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းသို့ ထွက်ပြေးလာသော ဒုက္ခသည်များသည် မြန်မာဘက်မှ အတင်းအဓမ္မနှင်ထုတ်ခံရခြင်းဖြစ်သဖြင့် ရောမသဘောတူစာချုပ်ပါ အပိုဒ် ၇-၁-ဃ၊ လူအမြောက်အများအား အဓမ္မ ရွှေ့ပြောင်းနှင်ထုတ်ခြင်း (Rome Statue Article 7-1-d : Deportation of forcible transfer of population) ကို အခြေခံပြီး မြန်မာနိုင်ငံအား စွဲချက်တင်ရေးဟု ပါရှိသည်။
မြန်မာအစိုးရဘက်မှလည်း ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အတွက် မြန်မာနိုင်ငံအပေါ် တရားစွဲခွင့်မရှိကြောင်း၊ နေရပ်စွန့်ခွာသွားသော ရခိုင်ပြည်ဒေသခံ မွတ်ဆလင်များအား စိစစ်ပြီး ပြန်လည်လက်ခံနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြန်လည်ချေပချက်များကို တွေ့ရှိရသည်။
အရပ်စကားနှင့်ဆိုရလျှင် ICC ဆိုသည့်ရပ်ကွက်တွင် ဘင်္ဂလားဒေ့ရှ် ပါရှိပြီး မြန်မာ မပါရှိပေ။
ဤနေရာတွင် ဘင်္ဂလားဒေ့ရှ်သည် ICC အဖွဲ့ဝင်နိုင်ငံအဖြစ် မှန်ကန်သော်လည်း မိမိတို့နိုင်ငံအတွင်းမှ လူအုပ်ကြီးအား အတင်းအဓမ္မ နှင်ထုတ်ခဲ့ခြင်း ရှိ မရှိ ဆိုသည့်အသွင် သက်ရောက်နေသည်။
ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်မျိူး သက်ရောက်နေသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ သူ့နိုင်ငံသားများအား အတင်းနှင်ထုတ်ခြင်း မဟုတ်ပဲ မြန်မာဘက်မှ ဒုက္ခသည်များကို ခိုလုံခွင့် ပေးထားရသည့်အခြေအနေသာ ဖြစ်သည့်အတွက် ထိုလျှောက်ထားချက်ကို ICC ၏ လုပ်ပိုင်ခွင့်အာဏာအရ စိစစ်စုံစမ်းခွင့် ရှိမရှိ ခုံရုံးမှ ဆုံးဖြတ်ရမည်ဖြစ်သည်။
အကယ်၍ ICC ခုံရုံးမှ စုံစမ်းမည်ဟု ဆုံးဖြတ်ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကိုသာ စုံစမ်းစစ်ဆေးနိုင်သည်။ စုံစမ်းချက်အရ ထွက်ပြေးဒုက္ခသည်များသည် အိမ်နီးချင်းမြန်မာဘက်မှဟု အတည်ပြုပြီး ရောမသဘောတူစာချုပ်ပါ အပိုဒ် ၇-၁-ဃ၊ နှင့် အကျုံးဝင်ပါက ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် မြန်မာနိုင်ငံအပေါ် တရားဆွဲခွင့်ရရှိရေး မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို တောင်းခံရမည်။
ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သောကြောင့် ICC မှ စွဲချက်တင်နိုင်ချေ မရှိဟု ဆိုနိုင်သော်လည်း လက်ရှိနိုင်ငံတကာ ဖိအားများကြောင့် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို စုံစမ်းခြင်း၊ အချက်အလက်များ စုဆောင်းခြင်းမျိူး ပြုလုပ်ပြီး ထိုအထောက်အထားများအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်ပြပြီး စွဲချက်တင်နိုင်ရေး ခွင့်ပြုချက် တောင်းခံနိုင်သည်။ ဖကျူး ဘန်းဆိုဒါကလည်း ယင်းလမ်းကြောင်းကိုလည်း လက်မလွှတ်ပေ။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ICC ကို လွှဲပြောင်းပေးဖို့ ဆွေးနွေးကြပြီဆိုပါစို့။ အတည်ပြုခွင့်ကို ဗီတိုအာဏာနှင့် ပယ်ချမည့် ရုရှ နှင့် တရုတ်တို့က အသင့်ကြိုဆိုလျက် ရှိသည်။ ယခင့်ယခင်ကလည်း မြန်မာ့အရေးဆွေးနွေး ဆုံးဖြတ်တိုင်း ကျေးဇူးရှင် ရုရှ နှင့် တရုတ်တို့မှ ဗီတို သုံးပေးနေခဲ့ကြသည်။ မြန်မာပြည်အပေါ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ပြည်တွင်းမငြိမ်သက်မှုကြောင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ ရှောင်ရှားနေချိန် ဗီတိုအာဏာသုံး ကာကွယ်ပေးနေသော တရုတ်က မြန်မာပြည်တွင်း သူ့အကျိုးစီးပွားကို ပိုမိုကျယ်ပြန့်စေချင်နေသည်မှာ မြေကြီးလက်ခတ် မလွဲ။
တရုတ်ပြည်အတွက် မြန်မာပြည်သည် ဗျူဟာအရ အဓိကကျသည့် နိုင်ငံတခု ဖြစ်သည်။ မြန်မာအခက် တရုတ်အချက်ဆိုသလို အခုလည်း အရင်လို ဗီတိုသုံးပေးရ၍ မြန်မာအစိုးရထံမှ အပြန်အလှန် တောင်းဆို လာနိုင်ဦးမည်။
လက်ရှိအခြေအနေတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ ဧပြီ လကုန်ပိုင်း ရခိုင်ပြည် မတည်ငြိမ်မှုနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားသော ရခိုင်ပြည်ဒေသမှ မွတ်ဆလင်မ်များအား ကိစ္စအား လာရောက်ကြည့်ရှု စစ်ဆေးမည်ဟု သတင်းတွေက ထွက်လာနေသည်။ICC
မြန်မာအား ICC တင်ရေး ဆက်လက် အားကောင်းလာပြီး လုံခြုံရေး ကောင်စီမှာ တရုတ်နှင့် ရုရှားက ဗီတိုဖြင့် ပယ်ချသည်ထိ ဇာတ်ရှိန်မြင့်လာမလားဆိုသည်ကိုတော့ စောင့်ကြည့်ရဦးမည်။
သေချာသည်က မြန်မာပြည်သို့ နိုင်ငံတကာဖိအားများက မုချဧကန် ဦးတည်လာနေသည်။
( ဒေါက်တာသိန်းမိုးဝင်းသည် ဩစတြေးလျနိုင်ငံ ဆစ်ဒနီ ရောက်မြန်မာ့အသိုင်းအဝိုင်းနှင့်အတူ မြန်မာပြည်အရေး စဉ်ဆက်မပြတ် ပါဝင်လှုပ်ရှားနေသူ ဖြစ်သည်)