၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက် NCA စာချုပ်သည် စတင် အသက် ဝင်လာခဲ့သည်ဟု ဆိုရပါမည်။
NCA နှင့်ပတ်သက်၍ သဘောမတူမှုများ၊ မကျေလည်မှုများ၊ ကန့်ကွက်မှုများရှိနေသော်လည်း လက်ရှိအခြေအနေတွင် မြန် မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ NCA သည် တရားဝင်မှုရှိနေသည်ကို ပစ်ပယ်၍ မရပေ။
ထို့အတူ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နှင့် ပတ်သက်လျှင် အစိုးရနှင့် တပ်မတော်သည် NCA အား ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်။
NCA စတင် အသက်ဝင်သည့် ၂ နှစ်ကျော်လာသည့် အချိန်တွင် NCA သည် အစိုးရနှင့် တပ်မတော်အတွက် မူအရသာမက ဂုဏ်သိက္ခာ အရပါ အရေးပါလာသည်ကိုလည်း တွေ့ရပေသည်။
အစပိုင်း ကာလက အဖွဲ့ ၈ ဖွဲ့နှင့် စတင်ခဲ့သော NCA တွင် ၂၀၁၈ ခုနှစ် နှစ်ဆန်း၌ မွန်ပြည်သစ်နှင့် လားဟူအဖွဲ့ ၂ ဖွဲ့ ထပ် တိုးပြီး အဖွဲ့ ၁၀ ဖွဲ့ထိ ရှိလာသည်ကို တွေ့ရသည်။
ထို့အတူ NCA ပါ သဘောတူညီချက်များအား စတင် အကောင်အထည် ဖော်လာသည်ကိုလည်း တွေ့ရသည်။
သမ္မတဦးသိန်းစိန် လက်ထက်၂၀၁၆ ခုနှစ် နှစ်ဆန်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၁ ကြိမ်ကျင်းပခဲ့ပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် နှစ်ကြိမ်ကျင်းပခဲ့ပြီး ဖြစ်သည်။
ဦးသိန်းစိန် လက်ထက်တကြိမ်နှင့် NLD လက်ထက် ပထမ အကြိမ် ညီလာခံများသည် NCA အားအစပြုရန် ဆောင်ရွက်ခြင်းများဖြစ်၍ သဘောထား ကွဲလွဲမှုများ မတွေ့ခဲ့ရသည်ဟု ဆိုရမည်။
သို့သော် NLD အစိုးရ လက်ထက် ပထမအကြိမ် ကျင်းပပြီးနောက်ပိုင်းမှစ၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား အဖွဲ့များ ကြား NCA ပါ အချက်များအား အဓိပ္ပာယ်ဖွင့်ဆို၍ အကောင်အထည် ဖော်ကြရာတွင် ကွဲလွဲမှုများ ရှိလာ သည်ကို တွေ့မြင် နေရပေသည်။
အဆိုပါကွဲလွဲမှုများသည် ဒုတိယအကြိမ် ညီလာခံအပြီး၌ ပို၍ သိသာထင်ရှားလာသည်ကို တွေ့ရပေသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ
ပထမအကြိမ် ညီလာခံပြီးနောက်ပိုင်းစ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုသည်နှင့်ပတ်သက်၍ နှစ်ဖက် အဓိပ္ပာယ် ကောက်ယူမှုများ၌ ကွဲလွဲမှုရှိခဲ့သည်ကို တွေ့ရသည်။
ဒုတိယအကြိမ် ညီလာခံပြီးနောက် ထိုကွဲလွဲမှုသည် ပိုမိုကြီးထွားပြီး တတိယအကြိမ် ကျင်းပနိုင်ရေးအတွက် အချိန် သတ်မှတ်ရန်ပင် အခက်တွေ့လာတော့သည်။
၂၀၁၅ ခုနှစ်ကတည်းက NCA လက် မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ခွင့်မရပါက တတိယအကြိမ် ညီလာခံမတက်ဟု ထုတ်ပြန်လာသည်ကိုပင် တွေ့ရသည်။
လက်ရှိအချိန်ထိ ရှမ်းပြည်နယ် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲ နေကြသည်။
ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်ရှိ ကရင်တို့၏ အမျိုးသားအဆင့် ဆွေးနွေးပွဲများ ခွင့်ပြုချက် မရရှိခဲ့။
ရခိုင်ပြည်နယ်တွင် အကဲဆတ်သော အခြေအနေရှိသည် ဟူသည့် အကြောင်းပြချက်ဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ခွင့်မပြုခဲ့ပေ။
၂၀၁၈ ခုနှစ်ဆန်းတွင် NCA ရေးထိုးထားခဲ့သော မွန်ပြည်သစ် ပါတီမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ အကန့်အသတ်များ ရှိနေ၍ လုပ်ဆောင်နိုင်ခြင်း မရှိ သေးပေ။
ထို့ ပြင် NCA လက်မှတ်မထိုးသေးသည့် တိုင်းရင်းသား အဖွဲ့များရှိသည့် ပြည်နယ်များတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဝေးနေဆဲဖြစ်သည်။
သို့ဖြစ်ရာ လက်ရှိ NCA ပေါ် အခြေပြုသည့် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲနှင့် ပတ်သက်သည့် အကြပ်အတည်းတခု ကြုံနေရသည်ဟု ဆိုရပါမည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုသည်မှာ
NCA တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အခန်း ၅ ပုဒ်မ ၂၀ ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား သည်ကို တွေ့ရသည်။
“၂၀။ ပြည်ထောင်စု အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံရေး လမ်းပြမြေပုံနှင့် စပ်လျဉ်း ၍ အောက်ပါ အချက်များကို သဘောတူသည်။
(က) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း။
(ခ) အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များက နိုင်ငံရေး ဆွေးနွေးမှု မူဘောင် (The Framework for Political Dialouge) ကို ရေးဆွဲ သဘောတူညီမှု ယူခြင်း။
(ဂ) ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက် သဘောတူညီသော ကြိုတင် ဆောင်ရွက်ဖွယ်ရာ များကို လုပ်ဆောင်ခြင်း။
(ဃ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း။
(င) ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်း။
(စ) ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း။
(ဆ) ပြည်ထောင်စု သဘောတူစာချုပ် (Pyidaungsu Accord) ပါ သဘောတူညီချက်များကို အကောင်အထည် ဖော်ခြင်း နှင့် လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း” ဟူ၍ ဖြစ်ပါသည်။
အခန်း ၇ ခန်း ပုဒ်မ ၃၃ ခုပါဝင်သော NCA စာချုပ်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပုဒ်မ ၂၀ တွင် တကြောင်းသာ ဖော်ပြထားပြီး တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် မပါပေ။
အခြားပုဒ်မများတွင် အကြိမ်ကြိမ် ဖော်ပြထားသည့် “ပါဝင်သင့်သူ အားလုံးပါသည့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပ သွားရန်” ဆိုသည် နှင့် “နှစ်ဖက် သဘောတူညီ ချက်များဖြင့် ဆောင်ရွက်ရန်” ဆိုသည့် အချက်များနှင့် ဆက်စပ် စဉ်းစား ရန် လိုအပ်ပေလိမ့်မည်။
လက်ရှိကွဲလွဲမှုများ
လက်ရှိ အမျိုးသားအဆင့် ဆွေးနွေးပွဲများနှင့် တပ်မတော်ဘက်မှ သဘောထားမှာ ရှမ်းပြည်နယ်နှင့် ပတ်သက်၍ သတ်မှတ် ထားသည့်နေရာတွင်သာ ပြုလုပ်ရေးဖြစ်သည်။
တိုင်းရင်းသားများဘက်က သဘောထားမှာ ရှမ်းပြည်နယ် အတွင်းရှိ မြို့ တော်တော်များများတွင် လူထုပါဝင်သည့် အခြေခံကျသည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများ အရင်ပြုလုပ်မည်။
ပြီးမှ တက်လာသော သဘောထားများ ကိုယ်စားလှယ်များ စုစည်း၍ သတ်မှတ်နေရာတွင် ပြုလုပ်မည်ဟု ရပ်တည် လျက်ရှိသည်။
သို့သော် ရှမ်းပြည်နယ်၌ မြို့နယ်များတွင် အစည်းအဝေးများ ပြုလုပ်မှ တပ်မတော်က လိုက်လံ တားဆီးမှုများ ပြုလုပ် ခဲ့သည် ကို တွေ့ရပေရာ UPDJC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ) ၌ ရှင်းလင်းစွာ ဆွေးနွေး ခဲ့ခြင်း မရှိ၍ လောဟု မေးခွန်းထုတ်ဖွယ် ဖြစ်သည်။
အခြေခံကျသည့် ကွဲလွဲမှုမှာ တပ်မတော်ဘက်က တိုင်းရင်းသား အဖွဲ့များ၏ နိုင်ငံရေးဆွေးနွေးပွဲ ဆိုသည်များကို ထို အဖွဲ့များ ထိန်းချုပ်ရာ ဒေသတွင်သာ ပြုလုပ်စေလိုပြီး မြို့ပေါ်တွင်ပြုလုပ်ပါက တပ်ဖက်က အကန့်အသတ်နှင့် သတ်မှတ် ထားသော မြို့တွင်သာ ပြုလုပ်စေလိုပါသည်။
အကြောင်းမှာ UWSA (ဝ အဖွဲ့) နှင့် NDAA (မိုင်းလား အဖွဲ့) တို့မှအပ လက်ရှိ NCA ထိုးထားသော အဖွဲ့များသည် တောတွင်း၌သာ အခြေပြုနိုင်ပြီး ပြောက်ကျားအဖြစ်သာ ရပ်တည်နေခဲ့သည်ဖြစ်ရာ တပ်မတော်က ထိန်းချုပ် ထား နိုင်သော မြို့ရွာများတွင် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ကိုင်ခြင်းကို လက်သင့်ခံရန် ခက်ခဲနေပုံရသည်။
တဘက်နှင့် တဘက် ယုံကြည်မှု အပြည့်အဝမရသေးသည့် အချိန်ကာလတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အား မြို့ပေါ်တွင် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ခွင့်ပေးပါက ၎င်းအဖွဲ့တို့အား မြို့ပေါ် တရားဝင် စည်းရုံး လှုပ်ရှားခွင့် ပေးသကဲ့သို့ ဖြစ်မည် ကို စိုးရိမ်ပုံရသည်ဟု ဆိုရမည်။
ထို့ ကြောင့်လည်း တပ်မတော်ဘက်က လက်ခံရန် ခက်ခဲနေပုံရသည်ဟု သုံးသပ်ရပေသည်။
တိုင်းရင်းသားအဖွဲ့များ ဘက်ကလည်း ၎င်းတို့အနေဖြင့် မည်သို့ပင် တောတွင်း၌ ရပ်တည်ရသည်ဟု ဆိုစေကာမူ ၎င်းတို့ တိုင်းရင်းသား လူမျိုးများနှင့် ၎င်းတို့ ပြည်နယ်အတွက် ရပ်တည် လုပ်ဆောင်နေသည်ဟု မှတ်ယူထားကြသည်။
ထို မတူသော ရပ်တည်မှုများမှ ထွက်ပေါ်လာသည့် စဉ်းစားကြည့်မြင်ပုံများအရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များနှင့် ပတ်သက်၍ ကွဲလွဲမှုများ ဖြစ်ပေါ်လာသည်ဟု ဆိုရပါမည်။
ဖြေရှင်းရန် စဉ်းစားမှုများ
အဆိုပါ ပြဿနာအား ကျော်လွှားရန် စဉ်းစားမှုတခုမှာ NCA ထိုးထားသည့် အဖွဲ့များမှ ထိပ်သီး ခေါင်းဆောင်များကြား တွေ့ ဆုံပြီး နိုင်ငံရေး သဘောတူညီချက် ရယူခြင်းဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအား ကျော်လွှားရန် စဉ်းစားမှုကိုလည်း တွေ့ရပါသည်။
ထိုသို့ စဉ်းစားလုပ်ဆောင်ပါက လတ်တလော အကြပ်အတည်းကို ကျော်လွှားကောင်း ကျော်လွှားနိုင် မည်ဖြစ်သော် လည်း NCA တွင်ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်အဆင့်တွင် ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံးပါ ဝင်ရေး ဆိုသည့် သဘောတူညီချက်မှ လွဲချော်မည်ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေး ညီလာခံ ဆိုသည်၏ အနှစ်သာရအားလည်း ထိခိုက်မည် ဖြစ်ပေသည်။
မိမိတဦးချင်းအရ ဖြေရှင်းသင့်သည့် နည်းလမ်းမှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်ရေး လူထုလက္ခဏာဆောင်ရေး ဆို သည့် အခြေခံပေါ်မှ စဉ်းစားဖြေရှင်းသင့်သည်ဟု ယူဆပါသည်။
တဖက်က တိုင်းရင်းသားအဖွဲ့များ အနေဖြင့် ၎င်းတို့ချုပ်ကိုင်ရာ ဒေသများတွင် အမျိုးသားအဆင့် ဆွေးနွေးပွဲများအား ၎င်းတို့ အစီအစဉ်ဖြင့် ပြုလုပ်ခွင့် ရှိသည်။
အစိုးရနှင့် တပ်မတော်ထိန်းချုပ်ရာ ဒေသများတွင် ပြုလုပ်မည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများအား သက်ဆိုင်ရာ ပြည်နယ် လူမျိုး သို့မဟုတ် ပြည်နယ်ကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် တိုင်းရင်းသား နိုင်ငံရေး ပါတီများအား ဦးစီး ပြုလုပ်ခွင့်ပြုခြင်း ဖြင့် ဖြေရှင်းသင့်သည်။
UPDJC တွင် နိုင်ငံရေးပါတီအစုအဖွဲ့ရှိနေပြီး တိုင်းရင်းသား နိုင်ငံရေးပါတီများလည်း ပါဝင်နေသည်ဖြစ်သည်။
အဆိုပါ တိုင်းရင်းသား ပါတီများသည် လက်ရှိ ပါတီစုံစနစ်အရ တရားဝင်ဖွဲ့စည်းခွင့်ရထားပြီး လူထုအား တရားဝင် စည်းရုံးလှုံ့ဆော်ခွင့် ရွေးကောက်ပွဲဝင်ခွင့် ရထားသော ပါတီများလည်းဖြစ်သည်။
သို့ဖြစ်ရာ UPDJC ၏ ချမှတ်သော ဆုံးဖြတ်ချက်နှင့် အညီ အဆိုပါ တိုင်းရင်းသား ပါတီများအား အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဦးစီး လုပ်ဆောင်ခွင့်ပေးပြီး ဖြေရှင်းပေးသင့်ပါသည်။
ဤသို့ ဖြေရှင်းခြင်းသည် အကြပ်အတည်းတခုကို ကျော်လွှားသည်သာမက မြေပေါ်ဥပဒေတွင်း တိုင်းရင်းသား နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍအား အားကောင်းမောင်းသန် ဖြစ်စေပြီး မြေပေါ်ပါတီများ၏ အခန်းကဏ္ဍနှင့် တရားဝင်မှုကို လူထုက ပို၍ ယုံကြည်မှု ရရှိစေမည်ဖြစ်သည်။
ဤသို့ တိုင်းရင်းသား အဖွဲ့များနှင့် တရားဝင်တိုင်းရင်းသား နိုင်ငံရေးပါတီများကို သက်ဆိုင်ရာ နယ်မြေအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် ၎င်းတို့ရရှိချက်များကို ပြန်လည်စုစည်းသည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို UPDJC က သတ်မှတ်ပေးသည့် မြို့တွင် ပြုလုပ်စေပြီး ပြည်ထောင်စု ညီလာခံသို့ သယ်ဆောင်စေသင့်သည် ဟု သုံးသပ်ရပါသည်။
လက်တွေ့ကျကျ ပြောရလျှင် လက်ရှိ ရှမ်းပြည်နယ် အမျိုးသားအဆင့် ဆွေးနွေးပွဲအား ဦးစွာ RCSS အနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာ ဒေသများတွင် ပြုလုပ်ခွင့်ရှိသည်။
အစိုးရနှင့် တပ်မတော် ထိန်းချုပ်ရာ ဒေသရှိ မြို့များတွင် ပြုလုပ်မည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများအား SNLD/SNDP စသည့် တရားဝင် ရှမ်းအမျိုးသား ပါတီများက ဦးဆောင်ကျင်းပရမည်။
သက်ဆိုင်ရာ တိုင်းရင်းသား လက်နက် အဖွဲ့နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်းလုပ်သည့် အမျိုးသားအဆင့် အစည်း အဝေးပွဲအား ယခု UPDJC က သတ်မှတ်ပေးသည့် လင်းခေးကဲ့သို့ မြို့တွင် ပြုလုပ်ခွင့်ပေး၍ ဖြေရှင်းပါက လက်ရှိ အကြပ်အတည်းကို ကျော်လွှားနိုင်သော နည်းလမ်းတခုအဖြစ် စဉ်းစား နိုင်ပေမည်။
ထို့အတူ မွန်၊ ကရင်တို့၏ အမျိုးသားအဆင့် ဆွေးနွေးပွဲများကို ဤသို့ ဖြေရှင်းရန်လိုအပ်သည်။
ထို့ပြင် အကဲဆတ်သော အခြေအနေရှိ၍ ဟူသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်အား ဆွေးနွေးပွဲ လုပ်ခွင့် ချန်လှပ် ထားသည်မှာလည်း မသင့်လျော်ပေ။
ရခိုင်ပြည်နယ် အများစုသည် မွတ်စလင် ပြဿနာ မရှိပေရာ ဘူးသီးတောင်၊ မောင်တောမှအပ ကျန်ဒေသတွင် တရားဝင် ရခိုင် အမျိုးသား ပါတီများ၏ ဦးဆောင်မှုဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပေးရန် လိုသည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ်မထိုး၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ခွင့် မရှိကြသည့် ပြည်နယ်များတွင်လည်း တရားဝင် နိုင်ငံရေးပါတီများ၏ ဦးစီးမှုဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပေးရန် လိုအပ်သည်။
သို့မှသာ ညီလာခံတွင် တိုင်းရင်းသားပြည်နယ်အားလုံးမှ ကိုယ်စားပြု အသံပါဝင်ပြီး ပြည်ထောင်စု ညီလာခံ ဖြစ်ပေ လိမ့်မည်။
သို့မှသာ ညီလာခံတွင် တက်ခွင့်ရှိသော UPDJC တွင် ပါဝင်ခွင့်ရှိသည့် တိုင်းရင်းသား ပါတီများ အတွက်လည်း အစစ် အမှန် ကိုယ်စားပြု ပါဝင်ခွင့်ရှိပေလိမ့်မည်။
ဤသို့ ပြုလုပ်သည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်အား UPDJC ကြီးကြပ်မ ှုအောက်တွင် ထားရှိ သည် ဖြစ်ပေရာ အထိန်းကွပ်မဲ့ ဖြစ်မည်ကို စိုးရိမ်ရန် မလိုအပ်ဟု သုံးသပ် ရပါသည်။
ဆွေးနွေး ညှိနှိုင်းမှု
NCA ပါအချက်များအား အကောင်အထည် ဖော်နိုင်ရန် အရေးပါသည်မှာ နှစ်ဖက် သဘောတူညီချက်ဖြင့် ဆောင်ရွက် ရန် ဖြစ်သည်။
သို့ဖြစ်ရာ နှစ်ဖက် သဘောတူညီချက် မရပါက ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနှင့် ကြုံရမည်သာ ဖြစ်သည်။
ဆွေးနွေးပွဲတွင် ပါဝင်သည့် ဘက်အားလုံးသည် မိမိမှန်သည်ဟု ဆုပ်ကိုင်ထားသည့် အမြင်ပေါ်မှ ရပ်ခံထားကြသည် သာဖြစ်သည်။
မတူသောအမြင် ရှိကြသည့် ဘက်အားလုံး လက်ခံနိုင်ရန်မှာ အားလုံး လက်ခံနိုင်သည့် ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ရှိသည့် အခြေအနေ တရပ်အား ညှိနှိုင်းအဖြေရှာနိုင်ရေး ဖြစ်ပါသည်။
တကယ်တမ်းဆိုလျှင် NCA ပါ သဘောတူညီချက်များသည် အလွန်ယေဘုယျ ဆန်ပါသည်။ ဆွေးနွေးညှိနှိုင်း အဖြေရှာ ရန် များစွာလိုအပ်ပါသည်။
အလွတ်သဘောရော တရားဝင်ပါ အကြိမ်ကြိမ်တွေ့ဆုံ၍ ညှိနှိုင်း အဖြေရှာနိုင်မှသာ အကြပ်အတည်း များကို ကျော်လွှား နိုင်ပေလိမ့်မည်။ ။