၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အရှက်ရစရာနေ့ပင် ဖြစ်သည်။ သောကြာနေ့က တရားခွင်တွင် ဒီဇင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရသော သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က “လျှို့ဝှက် စာရွက်စာတမ်းများ” ပေးကာ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။
ရဲမှူးချုပ် တင်ကိုကိုက ရိုက်တာသတင်းထောက် ကိုဝလုံးတို့ကို စာရွက်စာတမ်းများပေးပြီးနောက် ဖမ်းဆီးခဲ့ခြင်းမရှိပါက ထောင်ချခံရမည်ဟု ပြောခဲ့ကြောင်း တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်က သောကြာနေ့ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။
“ဝလုံးတို့ကို ရအောင်ဖမ်း၊ ဖမ်းမမိရင် မင်းတို့အားလုံး အချုပ်ထဲထည့်မယ်” ဟု ရဲမှူးချုပ် တင်ကိုကိုက ပြောခဲ့သည်ဟု ဆိုသည်။
တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည့် ဒုရဲမှူးမိုးရန်နိုင်နှင့်အတူ တပ်ကြပ်ကြီး ခင်မောင်လင်းတို့သည် သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံရသည့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်ပင် ၎င်းတို့နှစ်ဦးနှင့် ထိုမတိုင်ခင်က တွေ့ဆုံခဲ့သည်ဟုဆိုကာ ထိန်းသိမ်းခြင်းခံခဲ့ရသည်။
ဂျာနယ်လစ်နှစ်ဦးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက ရန်ကုန် မင်္ဂလာဒုံ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တခုတွင် ဒုတပ်ကြပ် နိုင်လင်းက ချိန်းဆို၍ စာရွက်စာတမ်းများ ပေးအပြီး ပြန်အထွက်တွင် အဖမ်းခံခဲ့ရသည်။ ထွက်ဆိုချက်အရ ရဲမှူးချုပ်တင်ကိုကိုသည် ရဲတပ်ရင်း (၈) မှ လျှို့ဝှက် စာရွက်စာတမ်းများကို သူ၏ လက်အောက်အရာရှိကို ပေးကာ သတင်းထောက်များကို ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနက ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူခဲ့သည် ဟု ဒီဇင်ဘာလ ၁၃ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“သက်သေအထောက်အထား” စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ဖော်ပြခဲ့သည်။
ဇန်နဝါရီလမှ စ၍ တရားရုံးက ဖမ်းဆီးခံ သတင်းထောက်နှစ်ဦးကို အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ဖြင့် စွဲချက်တင်ရန် သင့်၊ မသင့် ကို ဆုံးဖြတ်ရန် စစ်ဆေးကြားနာမှုများ ပြုလုပ်နေခဲ့သည်။ ဖမ်းဆီးမခံရခင်က သတင်းထောက်နှစ်ဦးသည် ရခိုင်ပြည်နယ် မောင်တောမြို့ အင်းဒင်ကျေးရွာမှ ရိုဟင်ဂျာ မွတ်ဆလင် ၁၀ ဦး အသတ်ခံရသည့်အမှုကို စုံစမ်းနေခဲ့ကြသည်။ အဆိုပါ လူသတ်မှုတွင် ပါဝင်သူ တပ်မတော်မှ အရာရှိ၊ စစ်သည် ၇ ဦးတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
အမှန်တကယ်တွင် ဂျာနယ်လစ်များ အပါအဝင် လူအများအပြားက ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ စတင် ဖမ်းဆီး ခြင်းခံခဲ့ရသည့် အချိန်ကတည်းက အာဏာပိုင်များက ထောင်ချောက်ဆင် ဖမ်းဆီးခြင်း ဖြစ်လိမ့်မည်ဟု သံသယရှိခဲ့ကြသည်။ ယခုအခါ ဒုရဲမှူး မိုးရန်နိုင်၏ ထွက်ဆိုချက်က အဆိုပါ သံသယများကို အတည်ပြုပေးခဲ့သည်။
ဒုရဲမှူး မိုးရန်နိုင်က ရဲမှူးချုပ် တင်ကိုကို၏ လုပ်ရပ်များသည် ကျင့်ဝတ်နှင့် မကိုက်ညီဘဲ နိုင်ငံတကာအလယ်မှာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု တရားရုံးတွင် ပြောခဲ့သည်။ တရားခွင် ခေတ္တရပ်နားစဉ်အတွင်း သူက “အမှန်တရား ဖွင့်ပြောရတဲ့ အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်မှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာ သူရှိ ပါတယ်၊ (သတင်းထောက်တွေ) ထောင် အဖမ်းခံရတယ်ဆိုတာ အဲ့ဒီအတိုင်း အမှန်ပါပဲ” ဟု သတင်းထောက်များကို ပြောခဲ့သည်။
ရဲ အရာရှိတဦးက ထိုကဲ့သို့ အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်းက အတော်ရှားပါးပါသည်။ ဒုရဲမှူး မိုးရန်နိုင် ၏ လုပ်ရပ်က ချီးကျူးဂုဏ်ပြုဖွယ်ရာ ဖြစ်သည်ဟု အများစုက မြင်ကြသည်။ ထိုခြေလှမ်းကို လှမ်းခဲ့ခြင်းက အန္တ ရာ ယ် အလွန်များသည်ကို သူ့အနေဖြင့် နားလည်ထားပြီးဖြစ်သည်။ ထိုကြောင့်ပင် ဧပြီလ ၂၀ ရက်နေ့က သတင်းထောက်များနှင့် စကားပြောနေချိန်တွင် သူက အလွန် စိတ်လှုပ်ရှားနေခဲ့သည်။
သူ့အထက်လူကြီးကို ဖော်ထုတ်ထွက်ဆိုခဲ့ခြင်းကြောင့် ကြိုတင်မျှော်လင့်မထားသည့် အကျိုးဆက်များကို ရင်ဆိုင် ရနိုင်ပါသည်။ ရဲဌာန၏ ဝန်ကြီးဌာနဖြစ်သည့် ပြည်ထဲရေးမှလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
သတင်းထောက်နှစ်ဦးနှင့် တရက်တည်း ဖမ်းဆီးခံခဲ့ရသည့် ဒုရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေအရလည်းကောင်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရလည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ပြည်ထဲရေးက ဒီဇင်ဘာလ ၁၃ ရက်နေ့က ဖော်ပြခဲ့သည်။
ယခု အမှုဆင်ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်ဟု စွပ်ဆိုခံထားရသည့် ရဲမှူးချုပ် တင်ကိုကိုကို ပြည်ထဲရေးဝန်ကြီးဌာနက မည်သို့ဆောင်ရွက်မည်ဆိုသည်ကို ကျနော်တို့ စောင့်ကြည်ရတော့မည်ဖြစ်သည်။ ရဲမှူးချုပ်က တဦးတည်း စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဟုတ်မဟုတ်ကို အများစုက သိချင်နေကြသည်။
မြန်မာနိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ များက နာမည်ဆိုး နှင့် မကင်းပေ။ ရဲတပ်ဖွဲ့လည်း အပါအဝင် ဖြစ်သည်။ ယခု ဂျာနယ်လစ် ၂ ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးလိုက်ခြင်းက ပြည်သူလူထု၏ တန်ဖိုးထားလေးစားမှု ကျဆင်းနေခဲ့ပြီး ဖြစ်သည့် အဖွဲ့အစည်းတခုအတွက် ပိုမို၍ ဂုဏ်သိက္ခာကျစရာ ဖြစ်စေခဲ့သည်။
ယခုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အဓိက တာဝန်ရှိသူမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေပင်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည်လည်း မတ်လ ၃၀ ရက်နေ့က ကတိသစ္စာပြု အခမ်းအနားတွင် မိန့်ခွန်း ပြောကြားရာ၌ “ ပြည်သူတွေရဲ့ နားတွေ မျက်စိတွေ ဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်း ကဏ္ဍကို အလေးအနက်ထားကြဖို့၊ ကျနော်တို့ အလုပ်အကျွေးပြုရမယ့် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ပြည်သူ့ မဏ္ဍိုင်ကို အလေးအမြတ် ပြုကြ ဖို့ တဆက်တည်းမှာပဲ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
လူ့အဖွဲ့အစည်းတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍကို အလေးနက်ထား ပြောကြားခဲ့သည့် သမ္မတ အနေဖြင့်လည်း ယခု အမှုကို ဥပေက္ခာမပြုသင့်ပါ။ အကယ်၍ ကျင့်ဝတ်ကို မစောင့်ထိန်းသည့် မရိုးသားအကျင့်ပျက်သည့် တာဝန်ရှိသူများက ယခုအမှုတွင် မဟုတ်မမှန် ဆက်လက်လုပ်ကိုင်နေမယ်ဆိုလျှင် တိုင်းပြည်၏ ဂုဏ်သိက္ခာ ပိုမို ထိခိုက်စေလိမ့်မည် ဖြစ်ပါသည်။
(အင်္ဂလိပ်ဘာသာဖြင့် A Day of Disgrace for Myanmar’s Already Tarnished Police Force တွင် ဖတ်ပါ။)