ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွေ့မိကြပါသလား။ ထပ်မေးပါမည် … ဦးဖြိုးမင်းသိန်းကို တွေ့မိကြပါသလား။ ထိုသို့ မေးခွန်းများဖြင့် တော်တော် ဝိုင်းပြောဆိုမှုကို ခံရပြီးမှ ပေါ်တော်မူတော့သည်။ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အတွင်းမှ ထိန်ပင်အမှိုက်ပုံတွင် မီးလောင်ကျွမ်းနေသည်မှာ ၅ ရက်ကြာပြီး မီးကို ထိန်းထားနိုင်ပြီး နောက်မှ သူ ပေါ်လာသည်။
မြို့တော်၏ အနောက်ဖက် လှိုင်မြစ်တဖက်ကမ်းမှ အစွန်ဖက်အကျဆုံး မြို့နယ်များထဲမှ တခုတွင် လောင်သော ထိုမီးကြောင့် မြို့နယ်တော်တော်များများတွင် အဆိပ်သင့် မီးခိုးငွေ့များ ပြန့်နှံ့နေခဲ့သည်။ ထိုမီးကို ဧပြီလ ၂၁ ရက်နေ့မှ စ၍ မီးသတ် သမားများက ငြှိမ်းသတ်ရန် ကြိုးစားနေခဲ့ကြပြီး ယမန်နေ့ ညနေပိုင်းတွင် ၈၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီဟု ဦးဖြိုးမင်းသိန်းရှေ့ နာရီပိုင်းတွင်မှ ရောက်လာသော မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။။ ဧပြီလ ၂၄ ရက်နေ့ညတွင် ရန်ကုန် မြို့လယ်တွင် နေထိုင်သူများပင်လျှင် ၁၇ နှစ် သက်တမ်းရှိ အမှိုက်ပုံတွင် လောင်ကျွမ်းသောမီးမှ ထွက်လာသော မီးခိုးငွေ့များကို ရှုခဲ့ကြရပြီးနောက် ပြည်သူလူထုအကြား ကျန်းမာရေး အတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ယင်းကိစ္စ အစိုးရပိုင် မီဒီယာများမှ လုံးဝ သတိပေးထုတ်ပြန်ခြင်း မရှိခဲ့ပါ။
ဧပြီလ ၂၃ ရက်နေ့မှ စ၍ အမှိုက်ပုံမီးက အခြား သတင်းမီဒီယာများကို ကျယ်ကျယ် ပြန့်ပြန့်ဆွဲဆောင်နိုင်ခဲ့သည်။ ပြည်တွင်း သတင်းစာများ၏ မျက်နှာဖုံးတွင် ဧက ၁၀၀ ရှိသော အမှိုက်စွန့်ပစ်ရာနေရာမှ တလှိုက်လှိုက်လောင်နေသည့် မီးကို ထိန်း ချုပ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေကြသော မီးသတ်သမားများ၏ ပုံများကို အသားပေးဖော်ပြထားကြသည်။ မီးခိုးများရှူမိပြီး နောက် အချို့က ဆေးရုံသို့ အရေးပေါ်ရောက်ရှိသွားကြသည့် အတွက် ရန်ကုန်နေ ပြည်သူများက သူတို့၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း သတင်းခေါင်းစဉ်များကို မြင်တွေ့ရသည်။
ဧပြီလ ၂၄ ရက်နေ့ညကျမှ မီးခိုးများ ရန်ကုန်မြို့လယ် အထိရောက်ရှိလာသည့် အချိန်တွင် ရန်ကုန်နှင့် မိုင် ၂၀၀ အဝေးတွင် ရှိသော နေပြည်တော်မှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ မီးခိုး နှင့် ပတ်သက်သည့် ကျန်းမာရေး သတိပေးချက်နှင့် ကြိုတင် သတိပြုဆောင်ရွက်ရန် ရှိသည်များကို အသိပေးထုတ်ပြန် ကြေညာခဲ့သည်။ သို့သော်လည်း ရန်ကုန်တိုင်း အစိုးရကမူ မီးစတင် လောင်ကျွမ်းသည့် အချိန်ကတည်းက စ၍ တုတ်တုတ်မျှမလှုပ်။ “ရန်ကုန်တိုင်း အစိုးရ၏ အကြီးအကဲ ဦးဖြိုးမင်းသိန်း ဘယ်ရောက်နေလဲ။ ဘာလုပ်နေလဲ” ဆိုသည်ကို ပြည်သူများက သိချင်လာကြသည်။
အဖြေက ရှင်းပါသည်။ “ဝန်ကြီးချုပ် အလုပ်များနေပါသည်။” ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် မီးခိုးမွှန်သည့် အတွက် လူ ၁၆ ယောက် လှိုင်သာယာ ဆေးရုံသို့ တက်ရောက် နေရချိန်တွင် ဦးဖြိုးမင်းသိန်းက သံဃာတော် ၄၅၀၀ နှင့် အတူ ဆံတော်များကို ရွှေတိဂုံစေတီတော်မှ နေ၍ မူလနေရာ ဖြစ်သည့် ဗိုလ်တထောင် ဘုရားသို့ ပြန်လည်ပင့်ဆောင်သည့် အခန်းအနားကို ဦးဆောင်နေခဲ့သည်။ ပူပင်ကြောင့်ကြနေသော မြို့တွင်းနေပြည်သူများက ညဖက်တွင် မီးခိုးများကို မည်သို့ ရင်ဆိုင်ရမည်နည်းဟု စိုးရိမ်နေချိန်တွင် ရန်ကုန်မြိုှု၏ အိမ်ထောင်ဦးစီး ဖြစ်သည်ဟု မကြာသေးမီကမှ သူ့ကိုယ်သူ ကင်ပွန်းတပ်ခဲ့သော ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဆံတော်ပင့်အခမ်းအနား အောင်မြင်သည့် အထိန်းအမှတ်အဖြစ် ပြုလုပ်သည့် တရားပွဲ တွင် အေးအေးလူလူ တရားနာနေပါသည်။ ယခုလ အစောပိုင်းမှ စ၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က သူ၏ လုပ်အားနှင့် အချိန် အများစုကို သာမက ရန်ကုန်တိုင်း အစိုးရ၏ အရင်းအမြစ်များကိုပါ ထိုဆံတော်ကိစ္စအတွက် အသုံးပြုနေခဲ့သည်။
ဘာသာရေး မလိုက်စားရန် ပြောဆိုနေခြင်း မဟုတ်ပါ။ အရေးပေါ်လျှင် အရေးပေါ်သလို တုန့်ပြန်လုပ်ဆောင်ဖို့ လိုသည်။ အတိုရှင်းဆုံး ပြောရလျှင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်သည် တာဝန် မကျေခဲ့ပါ။ အမှိုက်စွန့်ပစ်သည့် နေရာတွင် လောင်သောမီးက ယခုအပတ် အစောပိုင်းတွင် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာသည့် အချိန်မှ စ၍ ရန်ကုန်တိုင်း အစိုးရ အနေဖြင့် တမြို့ လုံး အတိုင်းအတာဖြင့် သတိပေးခြင်း သို့မဟုတ် မီးခိုးများနှင့် ပတ်သက်၍ ပြည်သူလူထု အထူးသဖြင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး အတွက် နှိုးဆော် သတိပေးခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိပါ။ သူ၏ အစိုးရက ပြဿနာကို မည်သို့ဖြေရှင်း နေ ပြီး မည်သို့ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်ကြောင်း စသဖြင့် စေတနာ ရှေ့ထား လုံ့လပြု အပင်ပန်းခံပြီး ပြည်သူလူထုကို ချမပြခဲ့ပါ။ နေ့စဉ်ရက်ဆက် မီးငြိမ်းသတ်ရန် ကြိုးစားနေခဲ့ကြသည့် မီးသတ်သမားများကို အားပေးရန် အတွက် မီးလောင်ရာနေရာသို့ သွားရောက်ရန်လည်း ဝန်ကြီးချုပ် အနေဖြင့် ပျက်ကွက်ခဲ့ပါသည်။ ပြီးခဲ့သည့် နှစ် အောက်တိုဘာလအတွင်းက ခရိုနီ ဦးတေဇ ပိုင်ဆိုင်သော ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် မီးလောင်စဉ်က မနက် မိုးမလင်းသေးသည့် အချိန်ဖြစ်သည့်တိုင် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ဖူးသည်။
သူတို့၏ တိတ်ဆိတ်မှုအတွက် ရန်ကုန်တိုင်း အစိုးရက ဝေဖန်မှုများ ခံယူနေချိန်တွင် မီးသတ်တပ်ဖွဲ့ကမှု မီးငြိမ်းသတ်ရန် သူတို့၏ ကြိုးစားအားထုတ်မှုအတွက် ပြည်သူတို့၏ ချီးကျူး ဂုဏ်ပြုမှုကို ရရှိနေသည်။ တနေ့တာလုံး ပြင်းထန်သည့် အပူချိန် အောက်တွင် မီးငြိမ်းသတ်နိုင်ရန် ခက်ခဲပင်ပန်းစွာ ကြိုးစားနေခဲ့ကြသော မီးသတ်သမားများကို ပြည်သူတို့က စာနာ သနား ခဲ့ကြသည်။ တိုင်း ဝန်ကြီးချုပ်က ထောက်ပံ့ရန် ပျက်ကွက်နေချိန်တွင် စေတနာရှင်များက မီးသတ်သမားများ အတွက် အစားအစာများ၊ ဓာတ်ဆားများနှင့် ဆေးဝါးများ အပြေးအလွှား ပေးပို့ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပြည်သူများကို ဂရုစိုက်မည်ဆိုလျှင် ပြည်သူများကလည်း ပြန်လည်၍ ဂရုစိုက်မည် ဖြစ်ကြောင်း နောက်ဆုံး ပြသနေသည့် ဥပမာပင်။
ဧပြီလ ၂၄ ရက်နေ့ညတွင်မူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီး ပြည်ထောင်စု အစိုးရက အဆိုပါ ကိစ္စအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေး မေးမြန်းလာသည့်အခါတွင်မှ ထိုုပြဿနာကို ဦး ဖြိုးမင်းသိန်း မျက်နှာလွှဲထား၍ မရတော့ပဲ စတင်ကိုင်တွယ်လာခဲ့သည်။ မီး နှင့် မီးခိုး ပြဿနာကို မည်သို့ ဖြေရှင်းနိုင်မည် ဆိုသည်ကို အဖြေထုတ်ရန် ထိုနေ့ ညသန်းခေါင် အချိန်တွင် အဆင့်မြင့် အစည်းအဝေးတခုကို ခေါ်ယူရတော့သည်။ ထိုအချက်ကပင် အများအမြင်တွင် ဝန်ကြီးချုပ်သည် ကိုယ်က စ မလုပ်တတ်၊ ပြောမှလုပ်တတ်သည်ဆိုသော သဘောကို ပြနေသလိုဖြစ်နေသည်။ အစည်းအဝေးမှ ဓာတ်ပုံများကို လူမှုကွန်ရက် ဖေ့ဘွတ်တွင်တင်၍ “ကျနော် လုပ်နေပါပြီ” ဟု ပြည်သူများကို ပြသရန် သူမမေ့လျော့ခဲ့သော်လည်း အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်ပါသည်။ နောက်တနေ့ ဧပြီ ၂၅ ညနေတွင် မီးလောင်ရာနေရာသို့ သူ ကိုယ်တိုင်ရောက်လာခဲ့ပြီး မီးငြှိမ်းသတ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် အုပ်ချုပ်၊ထောက်ပံ့ ကိစ္စရပ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အတိုချုပ် ဆိုရလျှင် အမှိုက်ပုံ မီးက ရန်ကုန်တွင် တိုင်းဝန်ကြီးချုပ်၏ ခေါင်းဆောင်မှုကို စမ်းသပ်ချက်တခု ဖြစ်သည်။ ဝမ်းနည်ဖွယ်ရာပင် သူ စာမေးပွဲကျသည်။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ သူ့ကိုယ်သူ ရန်ကုန်၏ အိမ်ထောင်ဦးစီးဟု ပြောခဲ့သော ဦးဖြိုးမင်းသိန်းသည် သန်း နှင့်ချီသော ရန်ကုန်နေ ပြည်သူများကို အကြီးအကျယ် စိတ်ပျက်စေခဲ့ကြောင်း ဆိုရပါတော့မည်။
(ကျော်ဖြိုးသာသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း၏ သတင်းအယ်ဒီတာ ဖြစ်သည်)