လမ်းများပေါ်၊ လမ်းများဘေး၊ ဆိုင်များနောက်၊ နောက်ဖေးလမ်းကြားများ၊ ရေနုတ်မြောင်းများထဲ၊ အမှိုက်ပုံးများ ပတ်လည်၊ သင်၏ ခြေထောက်များတဝိုက် ကြီးမားသော အမှိုက်ပုံကြီးတခုပေါ်တွင် နေထိုင်ကြသည့်ပမာ ကျနော်တို့ အမြဲတမ်း အမှိုက်ပစ်ကြသည်။ အမှိုက်များကို ရှောင်၍ မလွတ်နိုင်ပါ။ မည်သူ့ကို အပြစ်တင်ရမည်နည်း။ မြို့တော်တွင် နေကြသူများ ဖြစ်သော ကျနော်တို့ကိုယ် ကျနော်တို့ ဖြစ်သည်။ ကျနော်တို့ အမှိုက်များကို စနစ်တကျ စွန့်ပစ်သင့်ပါသည်။
“ကမ္ဘာကြီးကို မြင်တွေ့ချင်ရင် ခင်ဗျား ပြောင်းလဲရမယ်” ဟု ဂန္ဒီ ကပြောခဲ့သည်။ ကြီးမားသော အပြောင်းအလဲများက လူတယောက်ချင်းစီမှ စတင်ပါသည်။ ရန်ကုန်တွင် နေထိုင်ကြသူတိုင်းက အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြလျှင် မကြာလှသည့် အချိန်အတွင်း အမှိုက်ကင်းစင်သည့် မြို့တော် ဖြစ်လာပါလိမ့်မည်။
အမှိုက်ပုံး ရှားပါးခြင်းက (အနည်းဆုံး ကျနော် နေထိုင်ရာ မြို့နယ်တွင်) ပြဿနာ ဖြစ်သည်။ အမှိုက်စွန့်ပစ်ရန် တရားဝင် သတ်မှတ်ပေးထားသည့် အမှိုက်ပုံးများအကြောင်း ပြောနေခြင်းသာ ဖြစ်ပါသည်။ သဘာဝအလျောက် အမှိုက်ပုံးများသဖွယ် လမ်းထောင့်များတွင် ကြုံသလို ပစ်ထားကြသည့် အမှိုက်ပုံများအကြောင်း မဟုတ်ပါ။ ထိုအမှိုက်ပုံများ ပေါ်ပေါက်လာခဲ့လျှင် မည်သူမျှ သန့်ရှင်းရေး မလုပ်ပါ။ လမ်းများပေါ်တွင် အမှိုက်ပုံးများ မရှိခြင်းကြောင့် အပြင်မှ အမှိုက်များကို ကောက်ယူပြီး အိမ်ပြန်လမ်းတလျှောက် သယ်သွားရမည်ဆိုလျှင် မည်သူအတွက်မှ အဆင်ပြေလိမ့်မည် မဟုတ်ပါ။
အစပိုင်းတွင် ထိုုပြဿနာကို ဖြေရှင်းရန် အတွက် ကျနော်တို့ လိုအပ်သည်မှာ ရန်ကုန်ကို အုပ်ချုပ်သည့် အဖွဲ့အစည်း ဖြစ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)က မြို့တော်တလျှောက်တွင် အမှိုက်ပုံးများ စနစ်တကျ ချ ထားပေးရန် ဖြစ်သည်ဟု ကျနော်တွေးခဲ့ပါသည်။ မည်သူ့ကို အပြစ်တင်ခဲ့ပါသနည်း။ ကျနော်က YCDC ကို အပြစ်တင်ခဲ့ ပါသည်။ လက်လွတ်စပယ် အမှိုက်ပစ်ခြင်းနှင့် ပတ်သက်၍ ပြည်သူများက စိတ်မလုံမလဲ ရှိကြလိမ့်မည်ဟု ကျနော် ထိုစဉ် က ယုံကြည်ခဲ့ပါသည်။ အဓိက အကြောင်းရင်းမှာ ပြည်သူများ၏ လုပ်ရပ် မဟုတ်ဘဲ အခြေခံ အဆောက်အဦး အားနည်း ချက်ဟု ကျနော် ယူဆခဲ့ပါသည်။ အမှိုက်ပုံးများ ရှိနေလျှင် ထိုပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။
မကြာသေးမီက မြို့တော် တဝိုက်တွင် လိမ္မော်ရောင် အမှိုက်ပုံးများ ချထားပေးခဲ့သည်။ ပထမပိုင်း ရက်အနည်းငယ်အတွင်း တွင် ကျနော်တို့ မြို့နယ်၌ အမှိုက် နည်းပါးနေသည့် အသွင်ရှိသည် သို့မဟုတ် ကျနော် ထင်ခဲ့မိသည်။ ညပိုင်းများတွင် သတ္တု နှင့် ပလက်စတစ် ပစ္စည်းများ မြေပြင်နှင့် ရိုက်ခတ်သည့် အသံများကြားရသည်။ အချို့နေ့များတွင် အသံပိုကျယ်သည်။
မကြာသည့် အချိန်ပိုင်းအတွင်းမှာပင် လိမ္မော်ရောင် အမှိုက်ပုံး အသစ်များက ပျက်စီးကုန်ကြသည်။ အဖုံးများလည်း မရှိ တော့၊ ဘီးများလည်း ပျောက်ဆုံးကုန်သည်။ အချို့နေရာများတွင် အမှိုက်ပုံး တခုလုံး ပျောက်ကွယ်သွားသည်။ အမှိုက်ပုံး သူခိုးများကြောင့် ဖြစ်ရမည်။ သူတို့က သတ္တု အပိုင်းအစများကို စက်ရုံများသို့ ရောင်းချရန် အမှိုက်ပုံးများကို ခိုးယူခဲ့ကြ သည်။ ဆင်းရဲနွမ်းပါးခြင်းနှင့် ကူကယ်ရာမဲ့ခြင်းက အချို့သောသူတို့၏ ဂုဏ်သိက္ခာနှင့် ဆင်ခြင်တုံတရားကို ခွဲထုတ်ခဲ့ကြ ဟန် တူသည်။ အကယ်၍ အမှိုက်ပုံး အသစ်များ အားလုံးပျက်စီးသွားခဲ့လျှင် YCDC က ဘာလုပ်မည်နည်း။ လွယ်ကူပါသည်။ သူတို့က ပြန်လည် အစားထိုး မပေးတော့ပါ။ (တခါတရံတွင် ဆင်းရဲ နွမ်းပါးမှုကြောင့်) တာဝန်မသိသော ပြည်သူလူထုနှင့် မြို့တော် အမှိုက်သိမ်းစနစ်နှင့် ပတ်သက်၍ YCDC ၏ စီမံခန့်ခွဲရေး မကျွမ်းကျင်မှုတို့က ပြဿနာများကို ညီတူညီမျှ ဖန်တီးခဲ့ကြသည်။
တရက်ပြီး တရက်ကြာလာသော်လည်း ပျက်စီးနေသည့် အမှိုက်ပုံးများက မပြုပြင်ရသေးပါ။ ၎င်းတို့ ပတ်လည်တွင် အမှိုက် များက စတင် စုပုံလာကြသည်။ လမ်းများပေါ်တွင် အမှိုက်များဖြင့် ပြန်၍ပြည့်လာသည်။ အပေါင်းလက္ခဏာဆောင်သည့် လူမှု အပြောင်းအလဲကို ပုဂ္ဂလိက သို့မဟုတ် အစိုးရ အဖွဲ့အစည်းများကလည်း သူတို့၏ ကွန်ရက်နှင့် သြဇာလွှမ်းမိုးမှုပေါ် တွင် အခြေတည်၍ မောင်းနှင်ပေးနိုင်မည်ဟု ကျနော်ယုံကြည်ပါသည်။ မည်သူ့ကို အပြစ်တင်ရမည် နည်း။ စတင် အကောင် အထည်ပေါ်လာနိုင်မည့် ကောင်းမွန်သော ရပ်ရွာ အခြေပြု ဆောင်ရွက်ချက်များ မရှိခြင်းကို ကျနော် အပြစ် တင်ရပါမည်။
လူဦးရေ များပြားသည့် နေရာများတွင် အဖွဲ့ဝင်များ စုပေါင်း၍ တနေ့တာ အမှိုက်ကောက်ခြင်းကို အချို့က ပြုလုပ်ခဲ့ကြသည်။ အကောင်းဖက်သို့ ပြောင်းလဲရေးကို မောင်းနှင်ရန် စီးပွားရေး လုပ်ငန်းများ၏ လူမှုတာဝန်ယူမှုက အရေးကြီးပါသည်။ စေတ နာ့ ဝန်ထမ်း အမှိုက်ကောက်သူများက လှပသော လိုဂိုပုံနှိပ်ထားပြီး “မြို့တော် ကို အမှိုက်ကင်းစင်အောင် လုပ်ကြစို့” ဆိုသည့် စကားလုံးမျိုး ပါဝင်သည့် တူညီဝတ်စုံများ ဝတ်ဆင်ထားကြသည်။ သူတို့၏ လုပ်ရပ်က ကောင်းမွန်ပါသည်။ အလွန်လိုက်နာသင့်သော စံနမူနာလည်း ဖြစ်သည်။
သို့သော်လည်း စိတ်မကောင်းစရာမှာ နောက်ဆက်တွဲ ဆက်လိုက်လာခြင်း မရှိခဲ့လျှင် အလွန်ကောင်းသည့် အချို့ စံန နာများက စံနမူနာများ အဖြစ်သာ ဆက်ရှိနေကြသည်။ “ခွေးမြီးကောက် ကျည်တောက်စွပ်” ဆိုသည့် စကားပုံအတိုင်းပင် ဖြစ်သည်။ အထက်ပါ ဆောင်ရွက်မှုများက ရေရှည်တွင် မှတ်သားလောက်စရာ သက်ရောက်မှုများ မကျန်ရစ်ခဲ့ပါ။ ပြည်သူများက သူတို့လုပ်နေကျ အတိုင်း အလွယ်တကူပင် အမှိုက် ဆက်ပစ်ကြသည်။ လူနေထူထပ်သော အဆိုပါနေရာများတွင် နောက်တကြိမ် အမှိုက်များဖြင့် ပြည့်လာပြန်သည်။ မည်သူ့ကို အပြစ်တင်ရန် ကျန်ပါသေးသနည်း။
အမှိုက်ပစ်ခြင်း နှင့် ပတ်သက်၍ ဥပဒေနှင့် စည်းကမ်းများ မရှိလျှင် အမှိုက်များက ဆက်ရှိနေပါလိမ့်မည်။ သို့မဟုတ် ရှိနေ မည်ဟု ကျနော်ထင်ပါသည်။ ထို့နောက် “အမှိုက်မပစ်ရ၊ ဒဏ်ငွေ ၅၀၀၀ ကျပ်” ဆိုသည့် စာတမ်းများရေးထားသော အုတ် နံရံများကို မြို့တော် တဝိုက်တွင် ကျနော်မြင်ပါသည်။ ထိုစာတမ်းများ၏ အောက်တွင် အမှိုက်ပုံများ ရှိနေကြသည်။ မည်သူ့ ကို အပြစ်တင်ရမည်နည်း။
အမှိုက်မှသည် ကျန်သည့် အရာရာတိုင်း အထိ ကျနော်တို့ လူ့အဖွဲ့ အစည်းက ပျက်စီးနေပါသည်။ ကျနော်တို့က အပြစ်တင် ရန် ဓားစာခံ လှည့်ရှာနေကြသည်။ ကျနော့်ကို ပြောကြပါ။ ကျနော်တို့ မည်သည့်နေရာမှ စကြ မည်နည်း။
( ဆွေဇော်ဦးသည် စွမ်းအင်ကဏ္ဍတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ သူသည် စဉ်ဆက်မပြတ် စီးပွားရေး ပညာရပ်ကို အဓိက လေ့လာသင်ကြားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ Green Mountain College မှ ဘွဲ့ရခဲ့သည်။ လတ်တလော စင်ကာပူနိုင်ငံတွင် နေထိုင်လျက် ရှိသည်။ Tea Circle ပါ သူ၏ Who is to blame?: No trash talk please ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)