၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်လိုက်ချိန်မှစ၍ တရုတ်နိုင်ငံတွင် တရုတ်ပြည် ကွန်မြူနစ်ပါတီသည် သြဇာ အရှိဆုံး၊ အာဏာ အရှိဆုံး ပါတီကြီး တခု ဖြစ်လာခဲ့လေသည်။
တရုတ်ပြည်သမိုင်း တလျှောက်လုံးတွင် ပဒေသရာဇ်၊ ဧကရာဇ်များ၏ အုပ်ချုပ်မှု၊ ထို့နောက် နယ်ချဲ့သမားများ၏ အုပ်ချုပ် မှု၊ ဖက်ဆစ် ဂျပန်များ၏ လွှမ်းမိုးအုပ်ချုပ်မှုကို နှစ်ပေါင်း များစွာခံခဲ့ကြရသည်။
ကိုလိုနီစနစ် အောက်တွင် အမျိုးသား စည်းလုံးညီညွတ်ရေး မတည်ဆောက်နိုင်ဘဲ အစိတ်စိတ် အမွှာမွှာ ပြိုကွဲကာ တဗိုလ်တမင်းဝါဒ လွှမ်းမိုးလျက်ရှိခဲ့သည်။
နယ်ခံ ဗိုလ်ကျသူများနှင့် စစ်ဘုရင်များသည် ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရ၏ အုပ်ချုပ်မှု လှမ်းသော နေရာများတွင် ထင်ရာစိုင်းပြီး ကျေးလက်နေ ပြည်သူများကို ကျွန်များသဖွယ် ဆက်ဆံခဲ့ကြလေသည်။
ထိုကဲ့သို့ ခေတ်နောက်ကျပြီး ဘေးဒုက္ခ ထူပြောလှသော တရုတ်နိုင်ငံကြီးအား တရုတ်ကွန်မြူနစ် ပါတီသည် အခြေခံ လူတန်းစားများကို စည်းရုံး၍ နိုင်ငံသစ်ကြီး ထူထောင်လိုက်ခြင်းဖြစ်ပါသည်။
အလုပ်သမားလူတန်းစား ခေါင်းဆောင်သော စစ်ပွဲကြီးဖြင့် ပဒေသရာဇ် စနစ်နှင့် နယ်ချဲ့များကို တိုက်ထုတ်ခဲ့သလို ကူမင် တန် ဖောက်ပြန်ရေး သမားများကို အနိုင်တိုက်ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ထူထောင်လိုက်ခြင်း ဖြစ်ပါသည်။
ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ရာတွင် ကွန်မြူနစ်ပါတီက ဦးဆောင်ကာ ဒီမိုကရေစီသစ် စနစ်ဖြင့် ခေတ်မီ တိုးတက် သော တရုတ်ပြည်သစ်ကို စတင်လိုက်ခြင်း ဖြစ်လေသည်။
ထိုအချိန်က ပဒေသရာဇ် စနစ်နှင့် နယ်ချဲ့စနစ်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းခဲ့သော တရုတ်ကွန်မြူနစ် ပါတီ ဥက္ကဋ္ဌကြီး မော်စီတုန်းက သမ္မတအဖြစ် တရုတ်ပြည်သစ်ကို ဦးဆောင်ခဲ့သည်။
ကူမင်တန် အစိုးရလက်ထက်က တရုတ်ပြည်သူများသည် နေ့စဉ်ငတ်မွတ်ကာ သန်းနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။
လယ်သမား၊ အလုပ်သမား၊ အောက်ခြေ လူတန်းစားများသည် လမ်းပေါ်တွင် အစားမစားရဘဲ ငတ်ပြတ် သေဆုံး ရသည် မှာ တနေ့လျှင် လူ ၁ သန်းခွဲ၊ ၂ သန်းခန့် ရှိသည်ဟု စာရေးဆရာ အက်ဂါစနိုး က မှတ်တမ်း တင်ထားလေသည်။
ထိုအခြေအနေမှ လွတ်မြောက်ရေး ဥက္ကဋ္ဌမော် ခေါင်းဆောင်သော တရုတ်ကွန်မြူနစ် ပါတီက စွမ်းဆောင်နိုင်ခဲ့သည်။ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့သလို စစ်ဘုရင်များ၊ နယ်ခံ ဗိုလ်ကျသူများကို လည်း ဖယ်ရှားနိုင်ခဲ့လေသည်။
စင်စစ်အားဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် လူတချို့ယေဘုယျ သိရှိနားလည် နေသည့် လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံ မဟုတ်ပေ။ လစ်ဘရယ် ဒီမိုကရေစီ စနစ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တည်ဆောက်ခြင်းလည်း မဟုတ်ပေ။
အခြေခံ ဥပဒေ ရေးဆွဲစဉ်ကတည်းက တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကာ ပြည်သူ့ ဒီမိုကရေစီ နိုင်ငံ တနည်း ဒီမိုကရေစီသစ် နိုင်ငံ တည်ဆောက်ရေးပင် ဖြစ်သည်။
ဒီမိုကရေစီသစ် ဆိုသည်မှာ ပစ္စည်းမဲ့လူတန်းစား အာဏာအောက်တွင် ပြည်သူလူထုကို လွတ်လပ်ခွင့် ပေးသော ဒီမိုကရေစီ စနစ်ဖြစ်၏။
လစ်ဘရယ် ဒီမိုကရေစီ စနစ်ဆိုသည်မှာ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်အုပ်ချုပ်သော အာဏာအောက်တွင် အရင်း ရှင် အာဏာအား မထိခိုက်စေသော ဒီမိုကရေစီ အခွင့်အရေးများ ပေးခြင်းဖြစ်သည်။
ထို့ကြောင့် ယနေ့ကမ္ဘာတွင် ကျင့်သုံးနေသော လစ်ဘရယ် ဒီမိုကရေစီစနစ်နှင့် တရုတ်နိုင်ငံတွင် ကျင့်သုံးသော ဒီမိုကရေစီသစ် ဆိုသည်မှာ ကွာခြားသည်။
တရုတ်နိုင်ငံ၏ အခြေခံဥပဒေတွင် တရုတ်ကွန်မြူနစ် ပါတီက အလုပ်သမား၊ လယ်သမားတို့ကို ဦးဆောင်ကာ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခြင်း ဖြစ်ပါသည်။
တရုတ်ပြည်၏ ဖွဲ့စည်းပုံ၊ တရုတ်ပြည် အုပ်ချုပ်ရေး ယန္တရားတို့မှာ တရုတ်ကွန်မြူနစ် ပါတီ အပေါ်တွင်သာ အခြေခံပါ သည်။ တရုတ် ကွန်မြူနစ်ပါတီ၏ အာဏာ ဆိုသည်မှာလည်း ထိုတရုတ် ကွန်မြူနစ်ပါတီကို ဦးဆောင်သော အလုပ် သမား၊ လယ်သမားတို့၏ အာဏာဖြစ်လေသည်။ ပစ္စည်းမဲ့ အာဏာရှင်စနစ်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် အာဏာအမျိုးမျိုး ကျင့်သုံးရာတွင် အခြေခံအကျဆုံးမှာ အာဏာ ၂ မျိုးကိုသာ ကျင့်သုံးကြ လေ သည်။
အာဏာရှင်စနစ်မှာလည်း ၂ မျိုးသာ ရှိသည်။ အရင်းရှင် အာဏာရှင်စနစ် နှင့် နောက်တမျိုးမှာ ပစ္စည်းမဲ့ အာဏာရှင် စနစ် ဖြစ်သည်။
လစ်ဘရယ် ဒီမိုကရေစီ စနစ် ကျင့်သုံးသော မည်သည့်နိုင်ငံတွင်မဆို အာဏာကို ချုပ်ကိုင်သူမှာ အရင်းရှင်များသာ ဖြစ် သည်။
သို့သော် သူတို့ကိုယ်သူတို့ အရင်းရှင် အာဏာရှင် စနစ်ကို ကျင့်သုံးသည်ဟု မသတ်မှတ်ကြပေ။ စင်စစ်အားဖြင့် ထို လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံများ၊ အာဏာရှင် နိုင်ငံများ၊ စစ်အာဏာရှင် နိုင်ငံများမှ အရင်းရှင် အာဏာရှင် စနစ်ကိုသာ အခြေခံပြီး ချမ်းသာသော အရင်းရှင် လူတန်းစားက ရွေးကောက်ပွဲတွင် အနိုင်ယူကာ ဒီမိုကရေစီဟု ကြွေးကြော်ပြီး အရင်းရှင် အာဏာဖြင့် အုပ်ချုပ်ခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ အာဏာ၏ တည်ရှိမှုနှင့် အခြေအနေမှန်ကို နားလည် သဘောပေါက်လျှင် ယခု တရုတ်ပြည်တွင် ဖြစ်ပေါ်နေ သော တရုတ်သမ္မတ ရှီကျင့်ဖျင် က ရာသက်ပန် သမ္မတ အဖြစ် အုပ်ချုပ်မည်။ ဧကရာဇ်အဖြစ် အုပ်ချုပ်မည်ဆိုသည်ကို နားလည်ကြ ပေသည်။
ထိုအခြေခံ သဘောတရားကို နားမလည်ဘဲ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံများ၏ သဘောတရားအရ ဆုံးဖြတ်လျှင် ရှီကျင့်ဖျင်မှာ ဥက္ကဋ္ဌ မော်လို၊ လီနင်လို၊ စတာလင်လို သတ်မှတ်ကြပေလိမ့်မည်။
အာဏာကို သဘောပေါက်လျှင် ရှီကျင့်ဖျင်သည် စုပေါင်း ခေါင်းဆောင်မှု၊ ပစ္စည်းမဲ့ လူတန်းစား၏ ခေါင်းဆောင်အဖြစ် ပါတီက တာဝန်ပေးထားသော သမ္မတအဖြစ် အုပ်ချုပ်ခြင်းသာဖြစ်သည်။
တရုတ်ကွန်မြူနစ် ပါတီကို သမ္မတ ရှီကျင့်ဖျင်က အမိန့်ပေး လွှမ်းမိုးခြင်းမဟုတ်ဘဲ တရုတ်ပြည်ကွန်မြူနစ် ပါတီကသာ တိုင်းပြည်အတွက် တာဝန်ပေးခြင်း ဖြစ်ပါသည်။
ထို့ကြောင့်လည်း ပါတီ၏ မူဝါဒမှန်ကန်လျှင် မှန်ကန်သလို၊ ပြောင်းလဲလျှင် ပြောင်းလဲသလို တိုင်းပြည်၏ စီးပွားရေး၊ စစ်ရေးတို့မှာ ပြောင်းလဲ တိုးတက်လာခြင်းဖြစ်၏။
တရုတ်ပြည်တွင် ဥက္ကဋ္ဌ မော်စီတုန်း တာဝန်ယူစဉ်က ငတ်မွတ်မှုပပျောက်ကာ တိုင်းပြည်ကို တိုးတက်အောင် ဆောင် ရွက် နိုင်ခဲ့သည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သာ ရပ်တည်နိုင်ခဲ့၏။
ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် လက်ထက်တွင် တိုင်းပြည်ကို စီးပွားရေးအား ကောင်းအောင် ဆောင်ရွက်နိုင်ခဲ့လေ သည်။ ထို့ကြောင့်လည်း တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ ဒုတိယ အားအကောင်းဆုံး နိုင်ငံဖြစ်လာလေ သည်။
ဆက်ခံသော သမ္မတများ၊ ဝန်ကြီးချုပ်များ ကလည်း ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ မူအတိုင်း ကျင့်သုံးခဲ့သလို ယခု သမ္မတကြီး ရှီကျင့်ဖျင် လက်ထက်သို့ ရောက်သောအခါတွင် တရုတ်ပြည်၏ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတို့မှာ အံ့မခန်း တိုးတက်ခဲ့သည်ကို တွေ့ရလေသည်။
လက်ရှိအချိန်တွင် တရုတ်၏ စီးပွားရေး အခြေအနေ တိုးတက်နေသလို စစ်ရေးနှင့် မြှင့်တင်နေသည့် ရှီကျင့်ဖျင် ၏ ခြေလှမ်းများသည် ပြည်တွင်း ထောက်ခံမှုများ ရရှိနေသည်။
ယခင် အစိုးရ အဆက်ဆက်က နိုင်ငံအရေးကိစ္စ များတွင် အတတ်နိုင်ဆုံး ဥပေက္ခာပြုသည့် မူကို ကျင့်သုံးခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပတ်သက်သည့် အရေးကိစ္စများတွင် တရုတ်က ပါဝင်ဖြေရှင်းမှုများ ရှိလာလေသည်။ အရှေ့ တရုတ် ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် တရုတ်အင်အားဖြန့်ကျက်မှုကို ပိုမိုအားထုတ်ရန် ကြိုးပမ်းလာခဲ့ လေသည်။
ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်နောက် တရုတ်နိုင်ငံကို ဦးဆောင်သည့် သမ္မတများကို ၅ နှစ် တကြိမ် ပါတီက ရွေးချယ် တင်မြှောက်ခဲ့သလို အများဆုံး သမ္မတ သက်တမ်း ၂ ကြိမ်သာ ခွင့်ပြုရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြောင်းလဲခဲ့လေ သည်။
ယခု သမ္မတ ရှီကျင့်ဖျင် လက်ထက်၌ သမ္မတသက်တမ်း ၂ ကြိမ် သတ်မှတ်ခြင်း၊ ၃ ကြိမ် သတ်မှတ်ခြင်း အကန့် အသတ် များ မထားတော့ဘဲ ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်သော ပြည်သူ့ကွန်ဂရက်က သမ္မတ သက်တမ်း အကန့် အသတ် မထားဘဲ အုပ်ချုပ်ခွင့်ပေးရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတော့သည်။
ထိုကဲ့သို့ တရုတ်ပြည်သူများ၏ လွှတ်တော်ဖြစ်သော ပြည်သူ့ကွန်ဂရက် ရွေးချယ်မှုကို ဖွံ့ဖြိုးဆဲနိုင်ငံများ၊ လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံများက ရှုမြင်သောအခါတွင် သူတို့၏ လစ်ဘရယ် ဒီမိုကရေစီ ပေတံဖြင့် တိုင်းတာရာ၌ သဘော မပေါက် နားမလည်မှုများ ရှိလာလေသည်။
ထိုနိုင်ငံများက သူတို့နိုင်ငံ၏ ဖွဲ့စည်းပုံနှင့် နှိုင်းယှဉ်၍ တရုတ်ပြည်ကို တိုင်းတာခြင်းသည် တရုတ်နိုင်ငံ၏ အုပ်ချုပ်ပုံကို နားမလည်ကြသောကြောင့် ဖြစ်ပါသည်။
အမေရိကန် ၏ ဖွဲ့စည်းပုံ၊ သမ္မတသက်တမ်း စသည်တို့မှာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ၊ သမ္မတ သက်တမ်းတို့နှင့် မတူနိုင်။ ထို့အတူ ရုရှားနိုင်ငံနှင့်လည်း မတူနိုင်ပေ။ ထို့ကြောင့် ရာသက်ပန်သမ္မတကို ရှုတ်ချခြင်း၊ ဝေဖန် ကန့်ကွက်ခြင်းတို့မှာ မိမိရှုထောင့်မှသာ ဖြစ်ပြီး ပုံသေကားချပ် မှန်ကန်သော သုံးသပ်ချက်များ မဖြစ်နိုင်ပေ။
ဥပမာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံ၏ သမ္မတနှင့် အာဏာပြဿနာ၊ တပ်မတော်၏ အခန်းကဏ္ဍ တို့ကို ဖွဲ့စည်းပုံပါ အတိုင်း အကန့်အသတ်ဖြင့် ရေးဆွဲထားသောကြောင့် လွတ်လပ်စွာ သမ္မတ ဖြစ်ခွင့်မရှိပေ။
ထိုအခါမျိုးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေး ဆိုသော ပြဿနာကို အာဏာရ အစိုးရနှင့် ပြည်သူလူထုက အဆုံးအဖြတ် ပေးရမည် ဖြစ်သည်။
ဖွဲ့စည်းပုံတွင် မပါရှိသည့် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” ဆိုသော ရာထူးသစ်၊ တာဝန်သစ်ကို သတ်မှတ်လိုက် ခြင်းဖြင့် သမ္မတ အထက်တွင် ရာထူးတနေရာ ရှိလာခြင်းက ထူးခြားမှု ဖြစ်လေသည်။
ရှီကျင့်ဖျင် ရာသက်ပန် သမ္မတဖြစ်သည်ကို ရှုတ်ချပြစ်တင် နေသူများအတွက် ထိုသို့သော သီးသန့်ရာထူး၊ သီးသန့် တာဝန် ပေးလိုက်ခြင်းကို သဘောပေါက်သင့်သည်။
တရုတ်ပြည်၏ အခြေအနေ၊ တရုတ်ပြည်၏ နိုင်ငံရေးစနစ် တို့ကြောင့် သမ္မတသက်တမ်း အကန့်အသတ် မထားရှိခြင်း သည် ပြဿနာ မဟုတ်ပေ။ တရုတ်ပြည်သူများ၏ အကျိုးစီးပွားအတွက်သာ ဖြစ်လေသည်။
ထိုကဲ့သို့ပင် ရုရှားနိုင်ငံ၌ သမ္မတ ပူတင်ကို ပြည်သူလူထုက ဆက်လက်ရွေးချယ် တင်မြှောက်ခြင်းသည် ဒီမိုကရေစီ ကင်းမဲ့ သည်ဟု မဆိုနိုင်ပေ။ ရွေးကောက်ပွဲများ တရားမျှတခြင်း၊ မမျှတခြင်းကို ဝေဖန်နိုင်ခွင့် ရှိသော်လည်း သမ္မတ သက်တမ်း အကန့်အသတ် ထားခြင်း၊ မထားခြင်းတို့မှာ သူ့နိုင်ငံ၏ အခြေအနေ၊ သူ့နိုင်ငံ၏အဆုံးအဖြတ်သာ ဖြစ်သော ကြောင့် တဖက်သတ်ရှုထောင့်ဖြင့် အကဲဖြတ်၍ မရနိုင်ပေ။
ဗြိတိန်နိုင်ငံတွင် နိုင်ငံ့ဥသျှောင်အဖြစ် ဖွဲ့စည်းပုံ ဘုရင်စနစ်ကို ထားရှိသည်။ ပြင်သစ်တွင် ထိုကဲ့သို့ မရှိ၊ အမေရိကန် တွင် လည်း မရှိပေ။
အမေရိကန်တွင် သမ္မတသက်တမ်းကို ၂ ကြိမ်ခွင့်ပြုသည်။ ထို့ကြောင့် ရုရှားတွင်လည်း ၂ ကြိမ်သာ ခွင့်ပြုရမည်ဟု မဖြစ်နိုင်။ သူ့နိုင်ငံနှင့် ကိုက်ညီသော ကန့်သတ်ချက်မျိုးကို ထိုနိုင်ငံ၏ နိုင်ငံရေးအမြင် အခြေအနေ၊ ထိုနိုင်ငံ၏ နိုင်ငံရေး စနစ်၊ ထိုနိုင်ငံ ၏ ပြည်သူလူထု တောင်းဆိုမှုများကို သုံးသပ်ကာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ် နိုင်လေသည်။
ထို့ကြောင့် သမ္မတ ရှီကျင့်ဖျင် လက်ထက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိပ်ဆုံးသို့ ဦးတည်နေသည်ကို မည်သူမျှ ငြင်းမရပေ။
ထိုအခါ သမ္မတရှီကျင့်ဖျင်က ဆိုရှယ်လစ်စနစ် ခိုင်မာရေးနှင့် တရုတ်ပြည်သူတို့၏ဘဝခိုင်မာရေးမှာ ဆိုရှယ်လစ်ဝါဒသာ ရှိသည်ဟု အခိုင်အမာဆုံးဖြတ်ကာ တရုတ်နိုင်ငံကို တရုတ်ကွန်မြူနစ် ပါတီ၏ ဦးဆောင်မှုဖြင့် ဆိုရှယ်လစ် နိုင်ငံ အဖြစ် တည်ဆောက်ရန် သမ္မတ သက်တမ်း အကန့်အသတ် ဖယ်ရှားလိုက်သည်ကို သဘောပေါက်ရန် လိုအပ်လေသည်။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။