ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ ဗမာနှင့် အခြား တိုင်းရင်းသားများ အကြား ပိုမို၍ ကွဲပြားလာခဲ့သည်။ အကြောင်းပြချက် အများအပြား ရှိနေပါသည်။
အမျိုးသားအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့်တိုင် NLD အစိုးရ အာဏာရရှိလာသည့် အချိန်မှ စ၍ မြန်မာ့ တပ်မတော်က ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးများ ဆက်တိုက် ပြုလုပ်နေခဲ့သည်။
ကချင်ပြည်နယ် စစ်ဆင်ရေးကို ရပ်ဆိုင်းရန် သမ္မတဟောင်း ဦးသိန်းစိန်က မြန်မာ့တပ်မတော်ကို အမိန့်ပေးခဲ့ဖူးသည်။ မြန်မာ့တပ်မတော်က ကိုယ့်ကိုယ်ကိုယ် ခုခံကြောင်း တင်ပြပြောဆိုပြီး စစ်ပွဲကို မရပ်ပါ။ မြန်မာ့ တပ်မတော်က ဦးသိန်းစိန်၏ ၅ နှစ်ကြာ သမ္မတသက်တမ်းအတွင်း ကချင်ပြည်နယ် ထိုးစစ်ကဲ့သို့ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကို ထိုးစစ်ဆင်ခဲ့သည်။
ဦးသိန်းစိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဗိုလ်ချုပ်ဟောင်းတဦး ဖြစ်သည်။ မြန်မာ့ တပ်မတော်နှင့် USDP တို့က တသားတည်း ဟု မြင်နိုင်သော်လည်း NLD အစိုးရက ဦးသိန်းစိန် အစိုးရကဲ့သို့ စစ်ဆင်ရေးများ ရပ်ဆိုင်းရန် အမိန့်မပေးခြင်းကို အံ့ဩရသည်။
တပ်မတော်၏ ၆ လပတ် အစည်းအဝေးမှ ပေါက်ကြားခဲ့သော စာတစောင်အရ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကို အလေးပေးတိုက်ခိုက်ရန် ကာကွယ်ရေး ဝန်ကြီးဌာနက တပ်မတော်၏ မြေပြင် ရှေ့တန်း တပ်ဖွဲ့များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
မြန်မာ့ တပ်မတော်က ယခုနှစ် အတွင်း ကချင်ပြည်နယ်၌ ထိုးစစ်များ ကျယ်ကျယ်ပြန့်ပြန့် ပြန်လုပ်လာသည်။ လက်ရှိ တပ်မတော်၏ KIA အပေါ် ထိုးစစ်ဆင်မှုများတွင် လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်တိုက်ခိုက်မှုနှင့် လက်နက်ကြီး အမြောက်များ ဝိုင်းကူတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ တပ်မတော်က ရှိသမျှ စစ်ယန္တယားကို အသုံးချ၍ ပြည်ပရန်သူကို တိုက်ခိုက်သလို တိုက်ခိုက်နေသည့် အတွက် ဌာနေတိုင်းရင်းသား ကချင်များမှာ သူတို့ မျိုးနွယ်စုများကို ရှင်းလင်းသုတ်သင်သော စစ်ဆင်ရေးဟု ခံစားနေကြရသည်။
တချိန်တည်းမှာပင် မြန်မာ့တပ်မတော်က TNLA ကို စစ်ဆင်ရေးများ တပြိုင်နက်တည်း ပြုလုပ်နေသည်။ ယခု သီတင်းပတ်အတွင်းမှာပင် KIA နှင့် TNLA စခန်းများရှိသည့် မြောက်ပိုင်းမှ နမ့်ခမ်း နှင့် မူဆယ်သို့ ဆက်လက်ချီတက်ရန် အစီအစဉ်ဖြင့် လားရှိုးသို့ ထရပ်ကားအစီး ၆၀ ပါသော တပ်မတော် ယာဉ်တန်းတခု ရောက်ရှိလာခဲ့သည်။
မြန်မာ့တပ်မတော်က TNLA နှင့် ပတ်သက်၍ ကွဲပြားသော ချဉ်းကပ်မှုတမျိုး ကျင့်သုံးပြီး TNLA ကို တိုက်ခိုက်ရန် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးထားသည့် အဖွဲ့တခု ဖြစ်သော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကို ကြားခံအဖြစ် အသုံးပြုသည်။
TNLA က မြန်မာ့ တပ်မတော်ကို တိုက်ခိုက်ရာတွင် ပျောက်ကျား ဗျူဟာများကို အသုံးပြုသော်လည်း RCSS နှင့် ထိတွေ့ရာတွင်မူ ပိုမို၍ ခံစစ်ဆန်သော ဗျူဟာကို သုံးသည်။ ယခုနှစ်အတွင်း အချို့နေရာများ၌ ၎င်းတို့၏ ထိန်းချုပ်မှုကို ထိန်းသိမ်းရန် အတွက် RCSS နှင့် တိုက်ခိုက်သည့် တိုက်ပွဲများတွင် TNLA က လူအင်အား လက်နက်အင်အား အများအပြား အသုံးချခဲ့သည်။
မည်သည့် လက်နက်ကိုင်အဖွဲ့များ မည်သို့ပင် တိုက်ခိုက် တိုက်ခိုက် မြေစာပင်ဖြစ်သော ပြည်သူလူထုသာ ဒုက္ခရောက်ပြီး စစ်ဘေးမှ ကင်းလွတ်ရာ အိုးအိမ်ပစ် ထွက်ပြေးကြရသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်သည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး စစ်ပွဲများ ဖြစ်ပွားရာ တိုင်းရင်းသားဒေသရှိ ဒုက္ခသည်တို့၏ ဘဝက မပြောင်းလဲသေးသော်လည်း ယခုအချိန် ကွဲပြားခြားနားသည်မှာ မြို့ကြီးများရှိ ပြည်သူလူထု၏ တုံ့ပြန်မှု ဖြစ်သည်။
ယခင်က ဆိုလျှင် မြန်မာ့ တပ်မတော်နှင့် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တိုက်ခိုက်သည့် ထိုးစစ်များ ရပ်တန့်ပေးရန် ဆန္ဒပြပွဲများ ကျင်းပခဲ့ကြသည်။ သို့သော်လည်း ယခုတကြိမ်တွင်မူ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှု သို့မဟုတ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးခြင်း ဖြစ်ခဲ့ရသည့်တိုင် ကချင်စစ်ပွဲအတွက် ဆန္ဒပြပွဲများ လုံးဝ ရှိသလောက် နီးပါး ဖြစ်နေခဲ့သည်။
ပြည်သူများက မည်သည့်အတွက်ကြောင့် တပ်မတော်ကို မဝေဖန်တော့ပါသနည်း။
ပြည်သူ အများအပြားက သူတို့၏ ဝေဖန်မှုကြောင့် ယခုတိုင် ပြည်သူ အများစု၏ ထောက်ခံမှုကို ရရှိနေဆဲ ဖြစ်သော NLD အစိုးရနှင့် မြန်မာ့ တပ်မတော်တို့ ကြားမှ ဆက်ဆံရေးထိခိုက် ပျက်စီးသွားမည်ကို သိသိသာသာ စိုးရိမ်နေကြသည်။ အရပ်သားအစိုးရသည် ရင့်ကျက်ခြင်း မရှိသေးသည့် အတွက် ၎င်းကို ဝေဖန်ရန် အချိနန်ကောင်း မဟုတ်ကြောင်း NLD ကို ထောက်ခံသူအချို့က စောဒက တက်ကြသည်။
ပြည်တွင်း၌ အချင်းချင်း၏ ထောက်ခံကူညီမှုကို မရနိုင်တော့သောကြောင့် အရပ်သားများ သေကြေပြီး ဒေသခံ ပြည်သူထောင်နှင့် ချီ၍ ထွက်ပြေးခဲ့ကြရ သော်လည်း အကူအညီပေးခြင်းကို ပိတ်ပင်ထားခြင်းများ အတွက် မြန်မာ့တပ်မတော်ကို အရေးယူပေးရန် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) သို့ ကချင်အရပ်ဘက် အဖွဲ့အစည်းအချို့က စာပို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
NLD အစိုးရက ရေငုံ နှုတ်ပိတ်နေသည့်အခါ တိုင်းရင်းသားအဖွဲ့များက NLD နှင့် မြန်မာတပ်မတော်ကို တခုတည်း အဖြစ် ပို၍ မြင်လာကြသည်။
ကျနော်သည် NLD ကို မဲပေးရန် မိသားစုကို တိုက်တွန်း ပြောဆိုခဲ့သော မွန်တိုင်းရင်းသား တဦး ဖြစ်ပါသည်။ အလားတူပင် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်သည်ကို မြင်လိုသော အခြား တိုင်းရင်းသားများက သူတို့၏ မဲများ အားလုံးကို NLD သို့ ပေးခဲ့ကြသည်။ မြန်မာ့တပ်မတော်ကို စိန်ခေါ်ရဲသည်မှာ NLD ပါတီတခုတည်းသာ ရှိသည်ဟု ကျနော်တို့ အားလုံး ယုံကြည်ခဲ့ကြသည်။
သို့သော်လည်း အားလုံး အတွက် တန်းတူအခွင့်အရေး ရှိသော ဖက်ဒရယ်စနစ် တခု၏ နောက်တွင် ဒီမိုကရေစီ နိုင်ငံတခု ဖော်ဆောင်မည် ဟု ပြောဆိုခဲ့သော NLD ပါတီက အာဏာရရှိပြီး များမကြာမီမှာပင် မော်လမြိုင်ရှိ တံတားတခုကို ဗိုလ်ချုပ် အောင်ဆန်း နာမည် ပေးရန် ကြိုးစားခဲ့သည့်အခါ ကျနော်၏ မိသားစုဝင်များ အပါအဝင် မွန်တိုင်းရင်းသား အများအပြား စိတ်ပျက် ဒေါသထွက်ခဲ့ရသည်။
ယခုအခါ NLD သည် သူတို့၏ တန်းတူအခွင့် အရေး ရရှိရေးကို ကူညီမည့် ပါတီတခု အဖြစ် မွန်တိုင်းရင်းသားများက မမြင်ကြတော့ပါ။ ၎င်း၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရရှိရန် အတွက် တိုင်းရင်းသား လူနည်းစုများကို အသုံးချခဲ့သော ပါတီတခု အဖြစ်သာ မြင်ကြပါတော့သည်။
ကချင်ပြည်နယ်မှ ဖြစ်စဉ်များလည်း အလားတူပင် ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲများ ကျင်းပသည့် အချိန်က ကချင် တိုင်းရင်းသားများသည်လည်း NLD ပါတီအပေါ် မျှော်လင့်ချက် မြင့်မားခဲ့ကြသည်။ မြန်မာ့တပ်မတော်ကို ထိုးစစ်များ ရပ်ဆိုင်းရန် ပြောဆိုရမည့်အစား မွန်ပြည်နယ် အပါအဝင် အခြားသော တိုင်းရင်းသား ဒေသများတွင်ကဲ့သို့ မြစ်ကြီးနားမြို့တွင်လည်း ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်တု တခုတည်ဆောက်လာခဲ့သောအခါ NLD အစိုးရကို ပိုမိုစိတ်ပျက်စေတော့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ထုများ တည်ဆောက်ခြင်းက သာမန် အကြောင်းတခု မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးတိုက်ပွဲကာလတွင် တိုင်းရင်းသားများကို စည်းရုံးနိုင်ခဲ့သော်လည်း ဗမာများ၏ သူရဲကောင်းသာ ဖြစ်သည်။ တိုင်းရင်းသားများ၏ သူရဲကောင်း မဟုတ်ပါ။
စစ်အုပ်ချုပ်ရေးခေတ်တွင် ဗမာဘုရင်များ၏ ရုပ်တုများ တည်ဆောက်သလို NLD အစိုးရကလည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများ တည်ဆောက်ခြင်းက လာမည့် အနာဂတ်၌ တိုင်းရင်းသား ဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေး လုံးဝ မရှိမည့် အရိပ်အရောင်များလားဟု တိုင်းရင်းသားများက စိုးရိမ်နေကြပါသည်။ ။
(လဝီဝမ်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း၏ အကြီးတန်း သတင်းထောက် ဖြစ်သည်။)