ရခိုင့်အနာဂတ် သစ်မှာလား ဟောင်းမှာလား

လင်းငယ်
လူငယ် လေးရာခန့်တို့ တောင်ကုတ်မြို့တွင် ငါးရက်ကြာ ဆုံမိကြသည် / Arakan Youth Conference, သတင်းထုတ်ပြန်ရေး နှင့်ပြန်ကြားရေး
Want create site? Find Free WordPress Themes and plugins.

“အနာဂတ် ရခိုင်ပြည် ငါရို့ လက်တွဲထုဆစ်မေ” ဆိုသည့် စာသားရိုက်နှိပ်ထားသည့် ဆင်တူ တီရှပ်ဝတ်ဆင်ထားသည့် လူငယ် လေးရာခန့်တို့ တောင်ကုတ်မြို့တွင် ငါးရက်ကြာ ဆုံမိကြသည်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် အဝေးမြို့ရောက် ၅ မြို့နယ် ကိုယ်စားပြု လူငယ်များနှင့် “ရခိုင်လူငယ် ညီလာခံ” ဆိုသည့် ခေါင်းစဉ်အောက်တွင် အဓိက အကြောင်းအရာ ၄ ခုကို ဦးတည်ကာ အနာဂတ်လမ်း အတွက် ဆွေးနွေးကြသည်။

လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးဆိုသည့် ခေါင်းစဉ်များက လက်ရှိ ရခိုင်လူငယ်များ အပါအဝင် မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ လူငယ်များ ကြုံတွေ့နေရသည့် ပြဿနာများကို ထင်ဟပ်သည်။

လူငယ်တို့ အတွက် ထိုသို့ ပွဲတခု ဖြစ်လာအောင် ကြိုးပမ်းရခြင်းက လွယ်ကူသော အလုပ် မဟုတ်။ အကွဲအပြဲ၊ မပွင့်လင်းမှု၊ ငွေးရေးကြေးရေး အရှုပ်အရှင်းများဖြင့် မွန်းကျပ်နေသော ရခိုင်ပြည် နိုင်ငံရေး အခြေအနေတွင် ကုန်ကျစရိတ် များပြားပြီး လူတန်းစား ပေါင်းစုံ၊ အရောင်အသွေးစုံသော လူငယ်ညီလာခံတရပ်ကို နှစ်ပေါင်းများစွာ အတွင်းလူစုံတက်စုံ ပါဝင်နိုင်အောင် ဦးဆောင် ကြိုးပမ်းခဲ့ကြသူများကို အသိအမှတ်ပြု လေးစားရမည် ဖြစ်သည်။

မကျင်းပခင်က လူသိများခဲ့ကာ အငြင်းပွားစရာ အကြောင်းအရာများ အဖြစ် ကမန်နှင့် အခြား ရခိုင်ပြည်တွင်းနေ တိုင်းရင်းသားများ၏ ပါဝင်ခွင့်နှင့် ညီလာခံကို နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် အသုံးချခံ ဖြစ်မည်လား ဆိုသည့် ငြင်းခုန်မှုများက ပွဲကို အနည်းငယ် ဆူစေခဲ့သည်။

လူငယ်တို့တွင် အရောင်အသွေးစုံသော အနာဂတ်ရှိသလို၊ အရောင်မတူသော ယုံကြည်မှုများကို ကိုင်စွဲရန် အားယူနေသည့် အချိန်ဖြစ်သည်။

ထိုအချိန်တွင် နိုင်ငံရေး အမြင်များ၏ လွှမ်းမိုးခြင်းသည် ကင်းရန် ခက်ခဲမည်။ လက်တွေ့တွင်လည်း ပွဲမတိုင်ခင် ထင်မြင်မှုများသည် ပွဲကို အတော်ပင် ဂယက်ရိုက်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် လူငယ်နှင့် နိုင်ငံရေး ခေါင်းစဉ်အောက်တွင် ဖြစ်သည်။

လူငယ်တို့သည် အနာဂတ် ဟု ရည်ရွယ်သော်လည်း လူငယ်တိုင်း အနာဂတ်ကို အလွယ်တကူ ဖမ်းဆုပ်နိုင်သည်တော့ မဟုတ်။ သူတို့ အနာဂတ်သည် ရှေ့မျိုးဆက်တို့ တည်ဆောက်ခဲ့သော အတိတ်မှ ကင်းလွတ်မည် မဟုတ်။ အထူးသဖြင့် အမျိုးသားရေးစိတ် ပြင်းထန်သည့် အမျိုးအနွယ် တခုအနေဖြင့် အမျိုးသားရေး၊ မျိုးဆက်၊ ဘိုးဘေးဘီဘင်တို့၏ အရိပ်သည် ခပ်ကြီးကြီးပင် အုပ်မိုးနေမည် ဖြစ်သည်။

သို့သော် အတိတ်သည် အနှောင်အဖွဲ့ သက်သက်မျှ မဖြစ်ပဲ အားအင်အဖြစ်၊ ခိုင်မြဲသော စည်းနှောင်အားအဖြစ် အသုံးချနိုင် လျှင်တော့ အနာဂတ်သည် ပိုမိုပြောင်းလဲလာစရာ ရှိသည်။ အတိတ်သည် အနာဂတ်သို့ ခုန်ပျံကျော်လွှားရန် အတွက် ဖောင်ဒေးရှင်း တခုအဖြစ် ဖြစ်လျှင်ကောင်းသည်။

ရခိုင်ပြည်၏ အခြေအနေသည် နက်နဲသော ရှုပ်ထွေးပြီး ဖြေရှင်းရန် အချိန်လိုမည်။ တိုင်းရင်းသား မျိုးနွယ်စု ဆိုသည့် စကားနှင့် ပတ်သက်၍ အများသဘောညီမှု မရခဲ့ခြင်းသည် ပြဿနာ၏ နက်ရှိုင်းမှုကို လှစ်ဟပြခြင်း ဖြစ်သည်။ မွတ်စလင် ဘာသာဝင် ကမန်များကို ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတွင် ထည့်သွင်းသတ်မှတ်ရန် အငြင်းပွားကြခြင်းဖြစ်သည်။ လတ်တလော ချက်ချင်း မပြေလည်နိုင်သည်မှာ ပကတိအခြေအနေပင်။

ရခိုင်ပြည်တွင်းနေ မျိုးနွယ်စု အားလုံး၊ ဘာသာမတူသူများ အကြား၊ ယဉ်ကျေးမှု အဆင်မတူသူများအကြား ရေရှည် အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ရေး အတွက် တဦးကို တဦးက အသိအမှတ်ပြု လက်မခံခြင်းသည် အဓိက ပြဿနာရပ်ကြီး ဖြစ်သည်။ အများ လက်ခံနိုင်သော အခြေအနေတရပ်သည် လူငယ်များ ကိုယ်တိုင် ရှာဖွေရန် ခက်ခဲနေဆဲ ဆိုသည်ကို ထိုအချက်က သက်သေခံနေသည်။

ကမန်အပါအဝင် အခြား ဘာသာမတူသူ လူမျိုးများကို တိုင်းရင်းသား စာရင်းသွင်း လက်ခံခြင်း ဖြစ်သည် ဟု တထစ်ချ ပြော၍မရသော်လည်း တစုံတရာ အသိအမှတ် ပြုမှုသည် မဖြစ်မနေ လိုအပ်သည်။ လူမျိုးစု စာရင်းတွင် ထည့်သွင်းထားသူကို လက်မခံလိုခြင်းသည် အနုတ်လက္ခဏာဆောင်သည့် သဘော ဟု အများ နားလည်ကြမည်။

တကယ်တမ်း ဆွေးနွေး ငြင်းခုံကြသော အခါတွင်လည်း အဟောင်းဘောင်ထဲမှ ရုန်းမထွက်နိုင်သေးဘဲ ပကတိ အခြေအနေကို အဟောင်းဖြင့် တိုင်းတာ ဆုံးဖြတ်သူများလည်း အများကြီးတွေ့ရသည်။ ထို့အတူ အနာဂတ်ကို မျှော်မြင်ပြီး ခေတ်မီမီ ကမ္ဘာကြည့် ကြည့်ကာ မိမိတို့ အတွေးအမြင်များကို ရဲရဲဝံ့ဝံ့ တင်ပြ ဆွေးနွေးသွားသူများလည်း အများအပြားပင် အားတက်ဖွယ် တွေ့ရသည်။

တချို့လူငယ်များသည် လက်ရှိ အမျိုးသားရေး ဘောင်အတွင်းမှ ရပ်ခံကာ ဘာသာတခုတည်း ကိုးကွယ် ယုံကြည်သူများကိုသာ မိမိတို့ လူမျိုးတွင် ထည့်သွင်း သတ်မှတ်လိုခြင်းကို အထူးပြု ဆွေးနွေးကြသည်။ လူမျိုးတူများ အဖြစ် သတ်မှတ်ရန် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဘက်စုံကြည့်ကာ ဆုံးဖြတ်လေ့ရှိသော်လည်း ဘာသာတရားသည် ဤနေရာတွင် ဦးစားပေးအဖြစ် နေရာယူထားသည်။

ထိုသို့ ဆွေးနွေးသူများ ထဲတွင် အကြားရ အများဆုံး ငြင်းခုံအခြေပြုချက် အဖြစ် “ကျနော်တို့ အမျိုးသားရေးတရားခံ အဖြစ် မခံနိုင်ဘူး” ဆိုသည့်အချက်၊ “နောင်တခုခု ဖြစ်လာရင် ဘယ်သူ တာဝန်ယူမလဲ” ဆိုသည့် မရေမရာ ပြောဆိုချက်များသည် ဆင်ခြင်ဖွယ် ဖြစ်သည်။ ဘာတွေ ဖြစ်လာမည် ဟု ယူဆသလဲ၊ ဘာကြောင့် အမျိုးသားရေး တရားခံ ဖြစ်မည် ဟု ယူဆသလဲ စသည်ဖြင့် ဆက်လက် ဆွေးနွေးရန် အချိန်မရခြင်းကလည်း အခက်အခဲတခု ဖြစ်မည်။ သို့သော်ငြား အချိန်ယူ ဆွေးနွေးလျှင်လည်း လတ်တလော အဖြေထွက်ရန် မလွယ်သော ကိစ္စ ဖြစ်သည်။

တက်ကြွသော လူငယ်အုပ်စုတွင်လည်း လက်ရှိ နိုင်ငံတကာအမြင်ကို ထည့်သွင်းတွက်ချက်ရန်၊ တည်ဆဲဥပဒေများကို အလေးအနက်ထား စဉ်းစားရန်ကို တင်ပြကြသည်။ နိုင်ငံတကာက ဘာသာမတူသူများ အပေါ် သည်းမခံနိုင်သူများ အဖြစ် တံဆိပ်ကပ် ခံနေရခြင်းက အရှက်ရစရာဟု မြင်ကြသည်။ ရှုပ်ထွေးပွေလီသော နိုင်ငံတကာ အခင်းအကျင်းတွင် လိမ္မာပါးနပ်စွာ ချဉ်းကပ်ရန် လိုအပ်သည် ဟု ဆွေးနွေးကြသည်။

မိမိတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့် မိမိတို့ လက်ထဲ တွင်သာ ထားကာ စိတ်တိုင်းကျ အသုံးပြုလိုသူများက ထိုအမြင်ကို ကန့်ကွက်ကြသည်။ ကမ္ဘာ့နိုင်ငံရေး လောကတွင်တော့ ပြင်ပ အကြောင်းအရာများကို ထည့်သွင်း တွက်ချက်ခြင်း မပြုဘဲ ကိုယ်ထင်ရာ ဆုံးဖြတ်ခြင်းသည် ရှားလိမ့်မည် ထင်သည်။

ထို ဆွေးနွေးချက်များသည် လက်ရှိ ရခိုင်ပြည်မှ ပဋိပက္ခများကို ရှုမြင်ရာတွင် ကွဲပြားနေသည့် အမြင်များနှင့် တပုံစံတည်း ဖြစ်သည်။ တစုက လက်ရှိ ပြဿနာများသည် ပြည်တွင်းရေးသာ ဖြစ်၍ ပြည်တွင်းက လူများကသာ မိမိတို့ စိတ်တိုင်းကျ ဆုံးဖြတ်နိုင်ရမည်။ နိုင်ငံတကာစံနှုန်းများကို ဂရုစိုက်ရန် မလို ဟု ဆိုကြသည်။

အခြား တစုက ဆုံးဖြတ်ပိုင်ခွင့်သည် မိမိတို့ လက်ထဲတွင်သာ ရှိသော်လည်း နိုင်ငံတကာ မိသားစုတွင် တာဝန်သိ မိသားစုဝင် တယောက်အနေဖြင့် အတူတကွ ဖြေရှင်းသင့်သည်။ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများသည် ကိုယ်ကျိုးစီးပွားလည်း ပါသလို စံနှုန်းများကို အခြေခံသော အချက်များလည်း ပါမည်။ အများအမြင်လည်းတင့် ကိုယ့်အကျိုးလည်း မယုတ်သော လမ်းကို ချိန်ညှိလျှောက်လမ်းရန် အဆိုပြုကြသည်။ ထိုအမြင်ကို နိုင်ငံတကာ လက်အောက်ခံဘဝ၊ သူများခိုင်းတာ လုပ်ရခြင်း၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းဟု အလွယ်ပင် တံဆိပ်ကပ်ကြ ပြန်သည်။

သမိုင်း အထောက်အထားများ အရ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓသာဘာ အပြင် အခြား ဘာသာဝင်များလည်း အစဉ်အဆက် နေထိုင်ခဲ့ကြမှာ အငြင်းပွားစရာ မရှိပေ။ သို့သော် လူမျိုးအမည်၊ တိုင်းရင်းသား ဖြစ်မှုများ ကတော့ အငြင်းပွားဆဲ ဖြစ်သည်။ အတိတ် ခေတ်ကာလကောင်းစားခဲ့စဉ်က လူမျိုးစုံ ယဉ်ကျေးမှုတရပ်ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး ဖွံ့ဖြိုးစည်ပင် ခဲ့သည့် ရခိုင်သမိုင်းမှာ အတုယူဖွယ် ကောင်းကွက်များ ကိုလည်း ပြန်လည် နိုးကြား သိမြင်လာရန် လိုအပ်နေသည်။

သမိုင်း အလှည့်အပြောင်းတို့ ထုံးစံအတိုင်း လူမျိုးချင်း၊ ဒေသ မတူသူချင်း၊ ဘာသာကွဲပြားသူချင်း စစ်မက်ရန် ခင်းခဲ့ကြသည်မှာလည်း သဘာဝတခုလိုပင် ရှိခဲ့သည်။ နာကျင်ဒဏ်ရာများကိုချည်းသာ သမိုင်းသင်ခန်းစာ ယူမည်လား၊ ကောင်းမွန်ခြင်းများကိုရော သမိုင်းတန်ဖိုးအဖြစ် သယ်ဆောင်မည်လား ဆိုသည်က လူငယ်တို့၏ အနာဂတ်ရွေးချယ်မှု ဖြစ်သည်။

ထိုသို့ပြော၍ မိမိတို့ လက်မခံလိုသည်ကို အတင်းအကြပ် လက်ခံရန် တိုက်တွန်းခြင်း မဟုတ်ပါ။ သို့သော် အနာဂတ် ရခိုင်ပြည်ကို မျှော်ကြည့်ရာတွင် မည်သည့် ဘောင်အတွင်းမှ တည်ဆောက်လိုသည်နှင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို လေးလေးနက်နက် စဉ်းစားရန် မုချလိုအပ်ပါမည်။

ထိုကိစ္စကို ပညာရှင်များ၏ အကြံဉာဏ်များ ရယူကာ၊ နောင်သင့်တော်သော အချိန်တွင် ဆုံးဖြတ်မည် ဟု လျာထားချက် ကတော့ မြွေမသေတုတ်မကျိုး ဖြေရှင်းနည်းတခုသာ ဖြစ်သည်။ ပညာရှင်များကို မည်သို့ သတ်မှတ်ကာ၊ မည်သူက ရွေးချယ်မည် ဆိုသည်က နောက်ဆုံး အဖြေကို လွှမ်းမိုးနိုင်သည့် အရေးကြီး အကြောင်းအရာ ဖြစ်သည်။

ပကတိ အခြေအနေ ဖြစ်သောလူမျိုးစုံ ရပ်ဝန်းတခုကို တည်ဆောက်ချင်သည်လား၊ မတူညီမှုများကို နားလည်လက်ခံနိုင်သည့် သဟဇာတ ဖြစ်သည့် ရပ်ဝန်းတခုကို တည်ဆောက်ချင်သည်လားက ရခိုင်လူငယ်တို့၏ အနာဂတ်အတွက် မေးခွန်း ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ တဦးကို တဦးဖယ်ထုတ်သည့် နည်းလမ်း၊ ခွဲခြားသတ်မှတ်သည့် နည်းလမ်းများက အလုပ်ဖြစ်မည် ဟု ယူဆလျှင်လည်း မိမိတို့ ကံကြမ္မာသာ ဖြစ်လိမ့်မည်။

လူငယ်တို့၏ အနာဂတ်ကို မျှော်မြင်မှုသည် အခရာကျသည်။ အခြားနိုင်ငံမှ လူငယ်တို့ ကမ္ဘာပတ်ကာ ပညာရှာ၊ ဆန်းသစ်တီထွင် နေချိန်တွင် ကိုယ့်ပြည်ရွာ ဥခွံလေးထဲတွင် အသံကုန် ဟစ်နေ၍ မဖြစ်။ ကမ္ဘာကြီးသည် အပြောင်းအလဲ မြန်ဆန်စွာ ပြောင်းလဲ တိုးတက်နေသည်။ ရင်ဘောင်တန်းလိုက်နိုင်ရန် အသုံးမဝင်တော့သည့် အဟောင်းနည်း၊ အဟောင်းအတွေးများကို ခွာချရမည်။ ယခုညီလာခံသည် ထိုသို့သော ရဲရင့်သည့် လူငယ်အမြင်များ ပေါ်ထွက်လာပါသလား ဟုသာ မေးလိုသည်။

လူငယ်တို့က သူတို့ ကြုံတွေ့နေရသည်များ ဖြစ်လိုသည့် အနာဂတ်ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ရန် အားယူနေကြဆဲသာ ဖြစ်နေသည်။ ယခု လူငယ်ညီလာခံသည် ကနဦးခြေလှမ်းတရပ်သာ ဖြစ်သည်။ လိုအပ်နေသော အပြောင်းအလဲ စစ်စစ်အတွက် လူငယ်တို့ကိုယ်တိုင် ငြင်းခုံဆွေးနွေးရန် လူငယ်ညီလာခံကဲ့သို့ စင်မြင့်များ ပုံမှန်ကျင်းပနိုင်ဖို့ အရေးကြီးပါသည်။

ယခုညီလာခံသည် နိုင်ငံရေးလွှမ်းမိုးမှုကိုလည်း ခံခဲ့ရသည်။ လူကြီးများသို့ လူငယ်တို့ ပေးလိုသည့် သတင်းစကားသည်လည်း ရှင်းလင်းတိကျရန်တော့ အများကြီး လိုနေသေးသည်။ ရခိုင်ပြည်၏ အနာဂတ်သည် လူငယ်တို့၏ လက်ထဲတွင် ရှိသည် ဟု ယုံကြည်လျှင် ထိုအနာဂတ်ကို ဖြစ်တည်လာစေရန် ရေခံမြေခံပတ်ဝန်းကျင်ကို ဖန်တီးပေးရန် လူကြီးများ၏ တာဝန် ဖြစ်သည်။ လူငယ်များ၏ အတွေးအမြင်အသစ်များ၊ ပါဝင်ဆောင်ရွက်ခွင့်များကို အသိအမှတ် ပြုရန်လည်း လိုသည်။

သို့သော် လူငယ်များ အတွက် အနာဂတ် တည်ဆောက်ပေးရာတွင် အစွဲများ ကင်းဖို့ လိုမည် ဟု တိုက်တွန်းချင် ပါသည်။ ထို့သို့ မဟုတ်ဘဲ မိမိတို့၏ လူငယ်များကို ပုံစံဟောင်းထဲသို့ သွတ်သွင်းရန် ကြိုးစားနေခြင်းများသည် ပုံစံဟောင်း အနာဂတ်ဆီ သို့သာ ဦးတည်စေလိမ့်မည် ဟူသည့် အချက်ကို သတိချပ်သင့်လှပါသည်။

(လင်းငယ်သည် လူငယ်ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading