ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ ၄ ရက်ကြာခရီးစဉ်သည် မေလ ၁ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ ခရီးစဉ် နောက်ဆုံးနေ့တွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ကြသည်။
တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားအတွက် ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့က ဝေဖန် ပြစ်တင်လိမ့်မည်ဟု ကချင်ပြည်သူများက မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း အများစု ကြိုတင် မျှော်လင့်ထားသည့် အတိုင်းပင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကိုယ်စားလှယ် အဖွဲ့က ရိုဟင်ဂျာ ပြဿနာသက်သက်ကိုသာ အလေးပေး အာရုံစိုက်ခဲ့ကြသည်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား လတ်တလော ပေါ်ပေါက်ခဲ့သော တိုက်ပွဲများကြောင့် အရပ်သားပြည်သူ ၁၀၀၀၀ ကျော်မှာ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့က ထိုကိစ္စနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခဲ့သည့်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ပြည်တွင်းမီဒီယာများ အပါအဝင် အချို့က စိတ်ပျက်ခဲ့သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးလာပြီးသည့် နောက်တွင် တပ်မတော်က သြဂုတ်လမှစ၍ ရိုဟင်ဂျာ မွတ်ဆလင် ၇၀၀၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးစေခဲ့သော ၎င်း၏ ထိုးစစ်ကို အဆုံးသတ်ခဲ့သည်။ ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှု အသစ်များ ရှိလာမည့် အလားအလာကို စိုးရိမ်ခြင်းကြောင့် ဖြစ်ဖွယ်ရာ ရှိပါသည်။ ရခိုင်ပြည်နယ်အစား တပ်မတော်က ၎င်း၏ အာရုံစူးစိုက်မှုကို နိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဆီသို့ ပြောင်းလဲခဲ့ပြီး ဧပြီလ ၁၁ ရက်နေ့တွင် အဓိက ထိုးစစ် အသစ်တခုကို ဆင်နွှဲခဲ့သည်။
မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစုများသည် တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်ရာတွင် ဘာသာရေးကို ဇောင်းပေးဖော်ပြမှု နည်းပါးခဲ့သည်။ သို့သော်လည်း ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က သူတို့၏ ဒုက္ခက ိုဖြေရှင်းပေးရန် ပျက်ကွက်ခဲ့သည့် အချိန်မှ စ၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ အလေးထားအာရုံစိုက်မှုကို ပိုမိုဆွဲဆောင်နိုင်ရန် မျှော်လင့်ချက်ဖြင့် အချို့ ဆန္ဒပြသူများက ခရစ်ယာန်များအဖြစ် စတင် အသားပေး ဖော်ပြလာကြသည်။
ယခုတပတ် အစောပိုင်းက ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနား၌ ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတခုတွင် ပါဝင်ဆန္ဒပြသူများက နောက်ဆုံး ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲများကြောင့် ပိတ်မိနေသောအရပ်သား ၃၀၀၀ ခန့်ကို ကယ်တင်ခွင့်ပြုရန်နှင့် တိုက်ပွဲများကို အဆုံးသတ်ပေးရန် မြန်မာ့တပ်မတော်နှင့် အစိုးရကို တောင်းဆိုခဲ့ကြသည်။ အလားတူ ဆန္ဒပြပွဲများကို ရန်ကုန်နှင့် ကနေဒါ၊ ဂျပန်နှင့် အမေရိကန် တို့တွင် ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူများက ယခုအခါတွင် ကချင်ပြည်နယ် တလွှားရှိ မြို့နယ် ၁၀ ခုတွင် ပျံ့နှံ့နေသော စစ်ရှောင် ဒုက္ခသည် မိသားစုများကို ကူညီရန် လှူဒါန်းရေး တောင်းဆိုခဲ့ကြသည်။
၁၇ နှစ်ကြာခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၀၁၁ ခုနှစ်တွင် ပျက်ပြားခဲ့သည့် အချိန်မှ စ၍ တပ်မတော်နှင့် KIA တို့ အကြားမှ တိုက်လိုက်၊ ရပ်လိုက် စစ်ပွဲများကြောင့် ပြီးခဲ့သည့် ၇ နှစ်ကြာ ကာလအတွင်း အရပ်သား ပြည်သူ ၁၅၀၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီတို့က စစ်ရှောင်ဒုက္ခသည် မိသားစုများအတွက် စိုးရိမ်ကြောင်း ဖော်ပြသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ ပဋိပက္ခဇုန် အတွင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးခွင့်ပြုရန်နှင့် အရပ်သား ပြည်သူများကို ကာကွယ်ပေးရန် တပ်မတော်နှင့် မြန်မာအစိုးရကို တောင်းဆိုခဲ့ကြသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များစွာ အတွင်း အဓမ္မ အလုပ်ခိုင်းစေခြင်းမှသည် တရားလက်လွတ် သတ်ဖြတ်ခြင်းအထိ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူနည်းစု ဒေသများတွင် တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ စာရင်းက ရှည်လျားစွာ ရှိနေခဲ့သည်။ ယခုအခါ ကချင်ပြည်နယ်တွင် နောက်ဆုံးပေါ်ပေါက်သည့် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူများမှာ မည်သည့်အချိန်တွင် သူတို့အိမ်ပြန်ရန် လုံခြုံစိတ်ချရသည်ဟု ခံစားရမည် သို့မဟုတ် သူတို့တွင် ပြန်စရာအိမ်ပင် ရှိလိမ့်မည်လားဟု မသိကြပါ။
ယခုအချိန်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ကချင်တိုင်းရင်းသားများ ခံစားနေရသည့် ဒုက္ခများကို ထုတ်ဖော် ပြောဆိုရန်နှင့် သူတို့ကိုကာကွယ်ပေးရေးအတွက် တပ်မတော်ကို ဖိအားပေးရန် အချိန်ကောင်း ဖြစ်ပါသည်။
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပဋိပက္ခအတွင်းမှာ ပိတ်မိနေတဲ့ ကချင်အရပ်သား ပြည်သူတွေအတွက် စိုးရိမ်မှုကို ဖော်ပြဖို့ ပျက်ကွက်ခဲ့တာက တပ်မတော်ကို သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လုပ်ဖို့ မီးစိမ်းပြလိုက်သလို ဖြစ်သွားပါတယ်” ဟု ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာသုံးသပ်သူ တဦးဖြစ်သည့် ဒေးဗစ်မက်သီဆင် David Mathieson က ပြောသည်။
“ရိုဟင်ဂျာ ပြဿနာအတွက်ပဲ လာပြီး ဆွေးနွေးသွားတာက လုံးဝ အညှာအတာ ကင်းမဲ့တာပါပဲ။ တကယ်လို့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တခြား ပဋိပက္ခဒေသက ပြည်သူတွေအနေနဲ့ ကမ္ဘာက ရိုဟင်ဂျာ ကိစ္စကိုပဲ စိတ်ထဲမှာ စွဲပြီး သူတို့ကို မေ့လျော့နေတယ်လို့ ထင်သွားကြမယ်ဆိုရင် အဲဒါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သက်သေပြသွားခဲ့လို့ ပါပဲ” ဟု သူက ကောက်ချက်ချခဲ့သည်။
(အင်္ဂလိပ်ဘာသာဖြင့် All But Forgotten တွင် ဖတ်ရှုပါ။)