ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်ဖို့ တွေ့ဆုံညှိနှိုင်းမှုပုံစံတွေကို အလွတ်သဘောတွေ့ဆုံညှိနှိုးမှု ပိုလုပ်ဆောင်ဖို့ လိုတယ်ဆိုတဲ့ အမြင်တွေ ဒီနှစ်ထဲ ခပ်စိပ်စိပ် ကြားလာရပါတယ်။ အထူးသဖြင့် NLD အစိုးရလက်ထက်မှာ ဆွေးနွေးဘက် တွေအကြားမှာ အင်ဖော်မယ် Informal လို့ သုံးကြတဲ့ အလွတ်သဘော ဆွေးနွေးမှုတွေ မရှိသလောက် အားနည်းနေလို့ပဲ ဖြစ်ပါသတဲ့။
ငြိမ်းချမ်းရေးကော်မရှင်နဲ့ နီးစပ်သူတချို့ကလည်း ဒါကို ထောက်ပြနေတာ ကြာပီဖြစ်သလို တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ (EAOs) တွေကြားမှာလည်း အခုဆို ပိုလို့တောင် ပြောလာကြပါပီ။
”ကျနော်တို့ EAOs တွေနဲ့ အစိုးရ၊ တပ်မတော်ကြားမှာ ရှိနေတဲ့ ကွာဟမှုတွေကို အလွတ်သဘော အစည်းအဝေးတွေနဲ့ ကျော်လွှားနိုင်ရေးကို ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါတယ်” လို့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးပိုးက မေလ ၉ ရက် အစည်းအဝေးတခုမှာ ပြောဆိုခဲ့ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ (အပစ်ရပ်) အဖွဲ့များရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၁၉ ကြိမ်မြောက် အစည်းအဝေးက သူက ပြောခဲ့တာပါ။ NCA ကို လက်မှတ်ရေးထိုးထားတာက KNU အပြင် အခြား ကိုးဖွဲ့ ရှိပါတယ်။
ယခင်သမ္မတရုံး ဝန်ကြီးဟောင်း ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များနဲ့ အလွတ်သဘော တွေ့ဆုံမှုတွေက တရားဝင်တွေ့ဆုံတာထက် ၃ ဆထက် မနည်း ပိုများခဲ့ပါတယ်။ NLD လက်ထက်မှာတော့ အလွတ်သဘောတွေ့ဆုံမှုက အပစ်ရပ်အဖွဲ့များနဲ့ဆို ၂ ကြိမ်ပဲရှိပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာကမှ စတွေ့နိုင်ခဲ့ကြတာပါ။ အပစ်မရပ်ရသေးတဲ့အဖွဲ့နဲ့တော့ တွေ့ဆုံမှုတွေ အနည်းငယ် ရှိခဲ့ပါတယ်။
NCA ကိုလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုတွေ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေဆဲပါ။ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက် အပစ်ရပ်ဒေသမှာလည်း မြန်မာ့တပ်မတော်က စစ်အင်အားတိုးချဲ့မှုတွေ ပိုမိုတိုးချဲ့လုပ်ဆောင်လာတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တည်ဆောက်နေတဲ့ ယုံကြည်မှုတွေအပေါ် ထိခိုက်စေပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးသူတွေ အကြားမှာလည်း စိတ်ပျက်မှုတွေ မြင်တွေ့နေရပြီး တချို့က အလွတ်သဘောတွေ့ဆုံမှုတွေ မပြုလုပ်နိုင်တာကြောင့်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ အလွတ်သဘော ဆွေးနွေးမှုရဲ့ အဓိပ္ပါယ်ကို ငြိမ်းချမ်းရေးဆွေးနွေးသူတချို့တွေ နားလည်မှု လွဲနေကြပုံ ရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ခေါင်းဆောင်တဦးကလည်း အလွတ်သဘော ဆွေးနွေးမှု အမည်တပ်ထားပေမယ့် မှတ်တမ်းအပြည့်အစုံယူကြပြီး၊ လွတ်လွတ်လပ်လပ် ပြောခွင့်မရတဲ့အတွက် အလွတ်သဘောဆွေးနွေးပွဲ မဟုတ်ကြောင်း မကြာသေးခင်က ကျမကို ပြောဖူးပါတယ်။ JMC မှာ စစ်ဘက်ရေးရာတွေနဲ့ ပတ်သက်လို့ အဓိကထားဆွေးနွေးကြတာ ဖြစ်ပါတယ်။
ယခင်အပတ် မြန်မာငြိမ်းချမ်းရေးကော်မရှင် (PC) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ အကြား အလွတ်သဘော ဆွေးနွေးပွဲတခု ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ပြီးကာမှ PC ဘက်က စာမပို့တဲ့အတွက် ဆွေးနွေးပွဲရက် နောက်ဆုတ်ခဲ့ရတယ်လို့ ကြားရပါတယ်။
”အစည်းအဝေးကြီးထဲမှာ နှစ်ဖက်ဆွေးနွေးကြတဲ့အခါ တဖက်ကို တဖက် ချီသလို တုတ်သလို တဖက်နဲ့တဖက် အပြန်အလှန်ဖြစ်ကြတဲ့အခါကျတော့ ဆွေးနွေးပွဲကြီးတွေထဲ မဆွေးနွေးခင် အလွတ်သဘောတွေ လုပ်ဖို့လိုတယ်။ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရင်းနဲ့ သူ့ရဲ့ လိုလားချက်က ဘာလဲ ကိုယ့်ရဲ့ လိုလားချက်က ဘာလဲ။ ဒါတွေကို တကယ့်လက်တွေ့ကျကျ ဆွေးနွေးဖြေရှင်းဖို့ လိုတယ်။ အဲလို မဟုတ်ဘဲ အပြင်စည်းမှာပဲ ရပ်နေရင်း တရားဝင်ဆွေးနွေးပွဲကြီးတွေမှာပဲ အခြေအတင် ငြင်းခုန်ရင်းနဲ့ဆို ကျနော်တို့ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်က ရှေ့ရောက်မှာ မဟုတ်ပါဘူး” လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ခွန်မြင့်ထွန်းက ပြောပါတယ်။
အလွတ်သဘောဆိုမှဖြင့် ကော်ဖီဆိုင်လို ထမင်းဝိုင်းလို ညနေခင်းတွေ့ဆုံမှုတွေမှာလို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ ရင်းနှီးမှု တည်ဆောက်ကြတာမျိုး ညှိကြ နှိုင်းကြပြီး အတည် တရားဝင် ဆွေးနွေးပွဲတွေဆီ တက်လှမ်းကြရတာမျိုးလို ပုံဖော်ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ပေါ့ပေါ့တန်တန် ပြောကြတာမျိုး မဟုတ်ဘဲ ကိုယ့်လူမျိုးစု အကျိုးစီးပွားအရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်စနစ် တည်ဆောက်ရေးတို့ဆီ ဦးတည်တဲ့ ပြောဆိုမှုမျိုးတွေ ဖြစ်ရပါမယ်။ ဒီအချက်တွေကို ဦးတည်ပြီး ပြောဆို ညှိနှိုင်းကြတယ် ဆိုတာကတော့ သံယသဖြစ်ဖွယ် မရှိပါဘူး။
ငြိမ်းချမ်းရေး စကားဝိုင်းနေရာချမှု အပြင်အဆင်တွေဟာ တရားဝင်ဖြစ်စေ အလွတ်သဘောဖြစ်စေ တူညီလေ့ရှိတာကြောင့် ပါဝင်သူတွေအကြား နားလည်မှု လွဲတာမျိုးတွေ ရှိတတ်ကြောင်း ချင်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်ကလည်း ဆိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထိုင်ခုံနေရာချထားမှု၊ အချင်းချင်း တရားဝင်ဆွေးနွေးပွဲတွေလို မိတ်ဆက်ခြင်းနဲ့ တခါတရံ အဖွင့်မိန့်ခွန်း ပြောကြတာတွေလည်း ရှိတတ်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ တဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က အလွတ်သဘော မကြာခဏ ဆွေးနွေးခြင်းဖြင့် သူ့အမြင် ကိုယ့်အမြင် အကျေအလည် ပြောဆိုနိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုအထောက်အကူ ဖြစ်တယ်လို့ ဆိုပါတယ်။
“NCA ကို အောင်မြင်အောင် လုပ်ခဲ့တာက အလွတ်သဘောတွေ အများကြီး လုပ်ခဲ့တာကြောင့်ပါ။ အလွတ်သဘော ခဏခဏ ဆွေးနွေးတဲ့အခါကျတော့ သူ့အမြင် ကိုယ့်အမြင် ပိုနားလည်တယ်။ ကျနော်တို့ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရတယ်။ သူတို့ဘက်လည်း တင်တယ်။ ကျနော်တို့ဘက်ကလည်း တင်တယ်။ အရပ်စကားနဲ့ပြောရင် ဘယ်သူမှ ဗွေမယူကြေး။ နှစ်ဖက် အပြင်းအထန် ဆွေးနွေးခဲ့ရတဲ့အခါ ရှိခဲ့သလို လျောလျောလျူလျူ ဖြစ်ခဲ့တာမျိုးလည်း ရှိခဲ့တယ်” လို့ အလွတ်သဘောတွေ့ဆုံမှုရဲ့ အကျိုးရလဒ်တခုအဖြစ် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင် က ထောက်ပြပါတယ်။
NCA စာချုပ် ရေးထိုးနိုင်ခဲ့တာကို အစိုးရပိုင်းနဲ့ တပ်မတော်အပြင် ပါဝင်သူများက အောင်မြင်မှုတရပ် အဖြစ် ပြောဆိုကြသော်လည်း NCA ကြောင့်ပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ကွဲသွားရခဲ့ပါတယ်။ NCA ကို ၂၀၁၅ ခုနှစ်အောက်တိုဘာလမှာ အစောဆုံး လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ ကျန်သူတွေ ကျန်နေခဲ့တာကတော့ NCA မူကြမ်းဆွေးနွေးစဉ်က သဘောမတူနိုင်ခဲ့တဲ့အချက်တွေထဲ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ခံရေးဆိုတဲ့ တပ်မတော် မူ ၆ ချက်ထဲက တချက်ကြောင့်ပါ။ လက်ရှိဖွဲ့စည်းပုံဟာ ဖယ်ဒရယ်အခြေခံတွေ ပါဝင်မှု နည်းပါးနေသေးတာလို့ ထောက်ပြကြပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှေ့တိုးမရနိုင်တဲ့ အတားအဆီးတခုက ကိုယ်ကျိုးစီးပွားကိစ္စပါ။ ဒါပေမယ့် အကျိုးစီးပွားတွေ နွယ်နေတာကြောင့် ဖြစ်စဉ်တွေ ရှေ့ဆက်ဖိုု့ နှောင့်နှေးရတယ်ဆိုတဲ့ ယူဆမှုမျိုး ရှိကြပေမယ့် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောသူတော့ နည်းလွန်းပါတယ်။ ခေါင်းဆောင်များကလည်း အလွတ်သဘောဆွေးနွေးမှုတွေမှာ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဆွေးနွေးနိုင်မယ်လို့ ယူဆကြပါတယ်။
ခွန်မြင့်ထွန်းက ”ဒီကာလမှာ နိုင်ငံရေးကို ဆွေးနွေးကြရတာ ဖြစ်တဲ့အတွက် ခေတ်စနစ် အပြောင်းအလဲကိုလည်း ပီပီပြင်ပြင် ဖြစ်သွားမှာ ဖြစ်ပါတယ်။ အရင်ငြိမ်းချမ်းရေးဖြစ်စဉ်က လူမှုရေး၊ စီးပွားရေးပဲဆိုတော့ အကျိုးစီးပွားဆိုင်ရာ စိုးရိမ်မှုတွေက ဒီလောက်ထိ မများလှဘူး။ အခု နိုင်ငံရေးဆွေးနွေးမှုနဲ့အတူ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့အတူ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တည်ဆောက်သွားမယ်ဆိုတဲ့အခါကျတော့ ဆိုင်ရာ ဆိုင်ရာတွေမှာလည်း အကျိုးစီးပွားဆိုင်ရာ စိုးရိမ်မှုတွေရှိနိုင်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့က နိုင်ငံရေးဆိုင်ရာ မူဝါဒတွေကို ညှိနှိုင်းရုံတင်မကဘူး။ မိမိတို့ရဲ့ ဆိုင်ရာ ဆိုင်ရာအကျိုးစီးပွားကိစ္စတွေကိုလည်း ပွင့်ပွင့်လင်းလင်း ညှိနှိုင်းသင့်တယ်လို့ မြင်တယ်။”
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့နဲ့ တိုင်းရင်းသားလူမျိုးများအကြား ပြန်လည်သင့်မြတ်ဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ခဲ့တာ အခုဆိုရင် ၇ နှစ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစု အဖွဲ့ စသဖြင့် အစုအဖွဲ့တခုချင်းလိုက်၊ အစုအဖွဲ့အားလုံးအလိုက် ဆွေးနွေးညှိနှိုင်းကြရတာလည်း အလွတ်သဘောဆွေးနွေးပွဲကနေ ၂၁ ပင်လုံ ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအထိ ဆွေးနွေးပွဲပေါင်း ထောင်ချီနေပါပြီ။
အခုလည်း နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍတွေကို အလွတ်သဘော ဆွေးနွေးကြဖို့ သဘောတူလိုက်ကြပါပြီ။ အရေးပါတယ်ဆိုတဲ့ ဒီအလွတ်သဘောဆွေးနွေးပွဲတွေက ပါဝင်ဆွေးနွေးသူတွေကြား လိုအပ်နေတဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မလား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထိထိရောက်ရောက် ကူညီနိုင်မလား ဆိုတဲ့ မေးခွန်းတွေက စောင့်နေပါတယ်။