မြန်မာအစိုးရသည် အလုပ်သမားများ အတွက် အနည်းဆုံး အခကြေးငွေ နှုန်းထားသစ် ဖြစ်သည့် တရက်လျှင် ကျပ် ၄၈၀၀ ကို ယခု ရက်သတ္တပတ်၌ ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သည်။
အလုပ်ရှင်များနှင့် အလုပ်သမားများထံမှ ဤနှုန်းထား အသစ်အပေါ် များလွန်း၊ နည်းလွန်းကြောင်း ငြင်းခုံကြသည့် အသံ များ ကို ကြားရပေဦးမည် ဖြစ်သည်။
သို့သော်လည်း ကျွနု်ပ်တို့သည် ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းနှင့် မျှတမှုမရှိခြင်းတို့ အပေါ်လည်းကောင်း တဖက်တွင်လည်း ဒီမိုကရေစီ စနစ်နှင့် အပြန်အလှန် ဆွေးနွေး ပြောဆိုမှုများ အားကောင်းလာခြင်း အပေါ်သို့လည်းကောင်း အနည်းဆုံး အခ ကြေးငွေ၏ အပြုသဘောဆောင်သည့် သက်ရောက်မှုများကို မမေ့သင့်ပေ။
၂၀၁၅ ခုနှစ်တွင် အနည်းဆုံး အခကြေးငွေကို မြန်မာနိုင်ငံ၌ အဦးဆုံး ပြဋ္ဌာန်းခဲ့လေရာ ယင်းသည် လုပ်သားဈေးကွက် ပြုပြင် ပြောင်းလဲမှုများ အတွက် အဦးအစ မှတ်တိုင် ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံသည် အနည်းဆုံး အခကြေးငွေ ဆိုင်ရာ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) ပြဋ္ဌာန်းချက် အမှတ် ၁၃၁ ကို အတည်ပြု လက်မှတ် မရေးထိုးရသေးသော်လည်း မြန်မာနိုင်ငံ၏ အနည်းဆုံး အခကြေးငွေ ဥပဒေသည် ထိုပြဋ္ဌာန်းချက်ပါ သတ်မှတ်ချက်များကို ထင်ဟပ်ပြလျက် ရှိပါသည်။
ထို ထင်ဟပ်ပြမှုများထဲမှ ဦးဆုံး ဖော်ပြလိုသည်မှာ အနည်းဆုံး အခကြေးငွေကို သတ်မှတ်ရာတွင် သုံးပွင့်ဆိုင် မိတ်ဖက် များ ဖြစ်သော အစိုးရနှင့် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကြား ပွင့်လင်းမြင်သာမှု ရှိသည့် အပြန်အလှန် ဆွေးနွေး ပြောဆိုမှုမှ တဆင့် လုပ်ဆောင်ရမည်ဟု ပါရှိခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်များက အမျိုးသားအဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီသည် ၂၀၁၅ ခုနှစ်၌ သတ် မှတ် ခဲ့သော နှုန်းထားကို ပြန်လည် သုံးသပ်ရန်အတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် ညှိနှိုင်း တိုင်ပင်မှုများကို တာဝန်ယူ လုပ်ဆောင်ခဲ့သည်။
ယင်းသို့ လုပ်ဆောင်မှု၏ ရလဒ်အဖြစ် အစိုးရသည် အနည်းဆုံး အခကြေးငွေ နှုန်းထားသစ်ကို ယခု ရက်သတ္တပတ်၌ ကြေညာနိုင်ခြင်း ဖြစ်သည်။
အနည်းဆုံး အခကြေးငွေကို သတ်မှတ်ရာ၌ ရှုပ်ထွေးလှသော အခြေခံ အကြောင်းရင်းများစွာ တို့သည် ချိန်ခွင်လျှာ မျှတ စွာ ရှိနေရန် လိုအပ်လှသည်။
အခြေခံ အကြောင်းရင်းများတွင် အလုပ်သမားများနှင့် ၎င်းတို့ မိသားစုများ၏ လိုအပ်ချက်များ၊ ကုန်ထုတ် စွမ်းအား မြင့်မား ပြီး တည်တန့်သော လုပ်ငန်းများ ဖြစ်စေရန် တိုးမြှင့်လုပ်ဆောင်ခြင်း၊ အလုပ်အကိုင် များစွာပေးနိုင်ရန် ဖန်တီး ကြိုးပမ်းခြင်း၊ ဒေသတွင်း၌ စီးပွားရေး ယှဉ်ပြိုင်နိုင်မှု ရှိကြောင်း သေချာစေခြင်းတို့ ပါဝင်သည်။
အနည်းဆုံး အခကြေးငွေသည် မြောက်မြားစွာသော ရည်မှန်းချက်များနှင့် ကွဲလွဲ ခြားနားသည်ဟု ထင်ရသော ရည်မှန်း ချက်များစွာ တို့အတွက် တခုတည်းသော လက်နက် ဖြစ်ပါသည်။
သို့ရာ၌ အနည်းဆုံး အခကြေးငွေကို ပထမဦးဆုံး ပြဋ္ဌာန်းချိန်မှ စ၍ ၂ နှစ်တာ အတွင်း ILO ၏ လေ့လာ ဆန်းစစ်ချက်များ အရ ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုများကို လျှော့ချခြင်းများနှင့် စပ်လျဉ်း၍ ပြောဆိုရန် အချိန်စောနေသေးသော်လည်း အပြု သဘောဆောင်သည့် ရလဒ်များ တွေ့ရကြောင်း ထင်မြင်ချက် ပေးထားသည်။
ပထမဦးဆုံး အမှတ်ရနေရန် လိုသည့်အချက်မှာ အနည်းဆုံး အခကြေးငွေသည် အလုပ်သမားများနှင့် အလုပ်ရှင်များက ယင်းတို့၏ ကျွမ်းကျင်မှုများနှင့် ကုန်ထုတ်စွမ်းအား ဖြစ်ထွန်းမှုများအပေါ် အခြေခံကာ သဘောတူထားကြသည့် ပိုမြင့်မား သော အခကြေးငွေ၊ ညွှန်မှတ်ဟူ၍ ဖြစ်သည်။
အလယ်အလတ် အခကြေးငွေကို ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်သို့ တိုးပေးထားပြီး ဖြစ်ကြောင်းလည်း တွေ့ရှိရသည်။ အလယ် အလတ် လုပ်ခ ဆိုသည်မှာ အလုပ်သမားများကို ၅၀ ရာခိုင်နှုန်းရှိသော အုပ်စုနှစ်စုအဖြစ် ခွဲထားသည့် တန်ဖိုးဖြစ် သည်။
ဒုတိယအချက်မှာ အခကြေးငွေများကို ယေဘုယျ အားဖြင့် ဖြန့်ဝေမှုသည် ပို၍ ညီမျှလာခြင်း ဖြစ်သည်။ အောက်ဆုံး အဆင့် ရှိ အလုပ်သမားများသည် အလယ်အလတ် အဆင့်သို့ တိုးမြင့်လာနိုင်မည် ဖြစ်သည်။
တတိယ အချက်အဖြစ် အနည်းဆုံး အခကြေးငွေကို စုစည်းမှုရှိသည့် ကဏ္ဍအတွက်သာ ပြဋ္ဌာန်းနိုင်သော်လည်း စုစည်းမှု ရှိ သည့် ကဏ္ဍတွင် အနည်းဆုံး အခကြေးငွေကို တိုးပေးလိုက်သည်နှင့် စုစည်းမှု မရှိသည့် ကဏ္ဍ၌ပါ နေ့စား လုပ်အားခ တိုး သွားသည်ကို တွေ့ရှိနိုင်ပါသည်။
ကျား-မ ဖြစ်ခြင်း ရူထောင့်မှ ကြည့်သော် အမျိုးသမီးများ၏ လုပ်အားခနှင့် နှိုင်းယှဉ်ထားသော အမျိုးသားများ ရရှိသည့် ပျမ်း မျှလုပ်ခ ကွာဟချက်သည် ၂၀၁၅ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။
အနည်းဆုံး အခကြေးငွေသည် လူငယ် အလုပ်သမားများနှင့် ကျွမ်းကျင်မှုနည်းသည့် အလုပ်သမားများ အတွက် လည်း အထောက်အကူ ဖြစ်စေသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက လုပ်သား ဈေးကွက်အတွက် အညွှန်းအဖြစ် သုံးနိုင်သော အချက်ဟူ၍ ရှင်းရှင်းလင်းလင်း မရှိခဲ့ပါ။
ယခုအခါတွင်မူ အလုပ်ရှင်၊ အလုပ်သမားတိုင်း၌ လုပ်ခ မည်မျှပေးသင့်သည်နှင့် ဆိုင်သော ပေါင်းစည်း ထားသည့် အချက်ပြ အညွှန်း ရှိပြီဖြစ်သည်။ အပြန်အလှန်အားဖြင့် ယင်းကို လုပ်ခနှင့် ကုန်ထုတ်စွမ်းအား ဖြစ်ထွန်းမှုတို့ အတွက် စုပေါင်း ညှိနှိုင်း တောင်းဆိုရာတွင် အခြေခံအချက်အဖြစ် အသုံးပြုနိုင်သည်။
အနည်းဆုံး အခကြေးငွေ၏ အကျိုးသက်ရောက်မှုကို အားလုံးခံစားရရှိရန် အတွက်မူ ကြီးမားသော စိန်ခေါ်မှု များစွာ ကျန်ရှိ နေပါသေးသည်။
ရန်ကုန်ကဲ့သို့သော မြို့ပြဒေသများနှင့် ပြည်နယ်နှင့် တိုင်းဒေသများရှိ ကျေးလက်ဒေသများ၏ စီးပွားရေးကြား ကွာဟ ချက် များ ကျယ်ပြန့်စွာ ရှိနေသည်။
အလုပ်သမားရေးရာ ကိစ္စများကို စစ်ဆေးသည့် စနစ်သည် အရင်းအမြစ်များ နည်းပါးက ဝန်နှင့်အား မမျှဘဲ တာဝန်များကို ထမ်းဆောင်ရလျက် ရှိသည်။
အစိုးရသည် လုပ်သားအင်အား စစ်တမ်း ကောက်ခံမှုကို ယခုအခါ ပုံမှန် လုပ်ဆောင်နေပြီ ဖြစ်သော်လည်း ယင်း၏ ဦးတည်ရာနှင့် အလားအလာများကို စိစစ်ပိုင်းခြားကြည့်ရန် အတွက်မူ ပိုမို အသေးစိတ်ကျပြီး လက်ရှိလည်း ဖြစ်သည့် ကိန်းဂဏန်း အချက်အလက်များကို လိုအပ်သည်။
အစိုးရ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ ၂၀၃၀ ကို ရောက်ရှိရန် အတွက် ၎င်း၏ အစီအစဉ်သစ်တွင် အနည်းဆုံး အခကြေးငွေ အကောင်အထည် ဖော်ရေးကို ဦးစားပေး လုပ်ဆောင်ရန် ဖော်ပြထားသည်။
ဤသည်ကို အထောက်အကူပြုရန် အစိုးရအနေနှင့် လေ့လာစောင့်ကြည့်သည့် စနစ်တခု၌ ရင်းနှီးမြှုပ်နှံသင့်သည်။
ယင်းစနစ်သည် အနည်းဆုံး အခကြေးငွေကို လက်တွေ့အသုံးပြုခြင်းနှင့် ယင်း၏ သက်ရောက်မှုများကို ခြေရာခံကြည့်ရှု နိုင်မည့် အပြင် အနာဂတ်၌ ပြုလုပ်မည့် ဆန်းစစ်မှုများ အတွက်လည်း အထောက်အထားကို အခြေခံသည့် အချက် အလက်များ ပေးအပ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း လတ်တလော၌မူ စဉ်ဆက်မပြတ် ဖွံံ့ဖြိုးတိုးတက်ရေးနှင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ ရရှိ ရေးအတွက် ခြေလှမ်းတလှမ်း ဖြစ်သည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်သည့် စနစ်ကို သဘောတူ လက်ခံခြင်း အတွက် မြန်မာနိုင်ငံကို ဂုဏ်ပြုသင့်ပါသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းကဲ့သို့သော ရှုပ်ထွေးလှသည့် ဆုံးဖြတ်ချက်ကို သုံးပွင့်ဆိုင် အပြန်အလှန် ဆွေးနွေး ပြောဆိုခြင်းများမှ တဆင့် လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်တည်းဟူသော ယဉ်ကျေးမှုသစ်တခုကို တည်ဆောက်ခြင်းအတွက် အပြုသဘောဆောင်သည့် ခြေလှမ်း ဖြစ်ပါသည်။
(စာရေးသူ ရိုရီ မန်ဂိုဗန် သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ ILO ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ ဖြစ်ပါသည်။)