မြန်မာ့စစ်မီး တရုတ်ကို ဟပ်နေပြီ

Bertil Lintner
UWSA ကို တရုတ်က အကြီးအကျယ် ထောက်ပံ့နေသော်လည်း မြန်မာပြည် မြောက်ပိုင်း စစ်ပွဲတွင် ဝင်မပါစေလို / Reuters
Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် ၂၁ ပင်လုံခေါ် ငြိမ်းချမ်းရေး ညီလာခံ နောက်တကြိမ်ပြုလုပ်ရန် ပြင်ဆင်နေခြင်းနှင့် အတူ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်က စစ်မျက်နှာတိုင်းနီးပါးတွင် ပြင်းထန် လာနေသည်။

မြန်မာ့တပ်မတော်က လတ်တလော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို မြောက်ပိုင်းတွင် ပြင်းထန်သော ထိုးစစ် တခု ပြုလုပ်နေချိန်တွင် တိုက်ပွဲက တရုတ်မျိုးနွယ်များ နေထိုင်ကြသည့် ကိုးကန့် ဒေသအပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း ဧရိယာများတွင်ပါ တိုးမြင့်လာခဲ့သည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပေါ်တွင် မှတ်သားလောက်စရာ သြဇာသက်ရောက်မှု ရှိသည့် တခုတည်းသော ပြင်ပပါဝါ တရုတ်နိုင်ငံက အရှိန်မြင့်တက်လာနေသော ပဋိပက္ခကို ဖြေရှင်းရာ၌ ဝင်ရောက် ကူညီလာဖွယ် ရှိသည်။ မေလ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံက ၎င်း၏ ပိုင်နက်အတွင်းသို့ ဒုက္ခသည်များ ထွက်ပြေးဝင်ရောက်လာစေသော နယ်စပ်အနီး တိုက်ပွဲများကို ပြစ်တင် ဝေဖန်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစောင်တွင် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက “ချုပ်တည်း ထိန်းသိမ်း၍” အပစ်အခတ် ရပ်စဲရေးကို အကောင်အထည်ဖော်ကြရန်နှင့် အခြေအနေ အရှိန်မြင့်တက် လာခြင်းကို တားဆီးကြရန် တိုက်တွန်းထားသည်။ (နောက်ပိုင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း အလားတူ သတင်းထုတ်ပြန်သည်။)

သို့သော်လည်း မြန်မာနိုင်ငံ၏ ပဋိပက္ခတွင် ငြိမ်းချမ်းရေး ဖော်ဆောင်သူနှင့် ပါဝင်ညှိနှိုင်းသူ တဦးအနေ ဖြင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍက တည့်တည့်မတ်မတ် မရှိခဲ့ပါ။ အမြဲတမ်း မဖြောင့်မှန်ခဲ့ပါ။ တရုတ်အစိုးရက အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် ဖြစ်သည့် အနောက်ဖက် ရခိုင်ပြည်နယ်မှ အချက်အချာကျသော ကျောက်ဖြူဆိပ်ကမ်း ရရှိရေး အပါအဝင် ကျယ်ပြန့်သော ဗျူဟာမြောက် ရည်မှန်းချက်များ ရရှိရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေးခြင်းအားဖြင့်သာ ရှုပ်ထွေးသော သံတမန်ရေး ကစားပွဲတခုကို ကစားနေခဲ့သည်ဟု အဆက်အသွယ်ကောင်းသော သတင်းရင်းမြစ်များက အခိုင်အမာ ပြောကြသည်။

တရုတ်နိုင်ငံက တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှသည် အိန္ဒိယ သမုဒ္ဒရာ အထိကျယ်ပြန့်သော “မြန်မာစင်္ကြန်” လုံခြုံရေး အတွက် ကြိုးစားနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံ အားသာစေရန် ဒေသတွင်း၏ အခြေခံ အဆောက်အဦပိုင်းကို အဆင့်မြှင့်တင်ရန်နှင့် တည်ဆောက်ရန် ဒေါ်လာ ထရီလီယံနှင့် ချီ၍ သုံးစွဲမည့် စီမံကိန်းတခု ဖြစ်သော သမ္မတ ရှီကျင်ဖျင့်၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှ အရေးပါသော အစိတ်အပိုင်းတခုလည်း ဖြစ်သည်။

အကယ်၍ တရုတ်နိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ၎င်း၏ သြဇာ သက်ရောက်မှုမှ တဆင့် ငြိမ်းချမ်းရေး ရရှိရန် မြန်မာနိုင်ငံကို ကူညီနိုင်ခဲ့လျှင် ၎င်းအနေဖြင့် အဆိုပါ ရေရှည်စီမံကိန်းများ ခိုင်မာသေချာစေရေး အတုန့်အလှယ်အနေဖြင့် တစုံတရာ လိုချင်လိမ့်မည်မှာ သေချာသည်ဟု ထိုသတင်းရင်းမြစ်များကပင် ပြောကြသည်။

ဆုပေး ဒဏ်ပေး ချဉ်းကပ်မှုမျိုး ဖြစ်ပါသည်။ အခြားတဖက်တွင် KIA နှင့်လည်း သက်ဆိုင်ပြီး အဖွဲ့ ၇ ဖွဲ့ ပူးပေါင်းထားသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အတွင်းတွင် မူးယစ်ဆေး ကုန်သွယ်မှုကြောင့် ထင်ရှားသည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို တရုတ်နိုင်ငံ၏ လက်နက်များက အင်အား အတောင့်တင်းဆုံး ဖြစ်စေခဲ့၏။

UWSA မှ တဆင့် ဝင်လာနေသော တရုတ်လက်နက်များအား KIA က အကျိုး မခံစားခဲ့ရသော်လည်း အခြားသော FPNCC အဖွဲ့ဝင်များ ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်ဒေသမှ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) နှင့် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) (SSA/SSPP) တို့ အားလုံးက အကျိုး ခံစား ရရှိနေသည်။

၇ ဦးမြောက် အဖွဲ့ ဝင်ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ မိုင်းလားတွင် အခြေစိုက်၍ ရှမ်းနှင့် အခါ တောင်ပေါ် တိုင်းရင်းသား မျိုးနွယ်များ ပေါင်းစပ်ပါဝင်သော မိုင်းလားအဖွဲ့(NDAA) က တရုတ်နိုင်ငံလုပ် လက်နက်များကို ၎င်းတို့၏ ကိုယ်ပိုင် အရင်းအမြစ်များမှ ရရှိနေသည့် အသွင်ရှိပါသည်။ UWSA မှတဆင့် ၎င်း၏ မဟာမိတ်များထံသို့ လက်နက်များ ရွှေ့ပြောင်းရောက်ရှိနေသည့် အပေါ်တွင် တရုတ်နိုင်ငံ မည်မျှ အတိုင်းအတာ အထိ ခွင့်ပြုထားသည်က မှန်းဆ စဉ်းစားကြည့်စရာ ဖြစ်သည်။

တရုတ်အစိုးရ၏ ဗျူဟာ နောက်တပိုင်းမှာ UWSA အဖွဲ့အစည်းအတွင်း သြဇာအာဏာ ပိုမို သက်ရောက်ရေး UWSA အတွင်းရှိ ဂိုဏ်းကွဲ အမျိုးမျိုးကြားတွင် ယှဉ်ပြိုင်မှု ဖြစ်စေရန် ဖြစ်သည်။

ယင်းက လတ်တလော၌ (ဝ တိုင်းရင်းသားများ ဖြစ်ကြသည့်) UWSA ၏ ခေါင်းဆောင် ပေါက်ယူကျန်နှင့် သူ၏ ညီအစ်ကိုများနှင့် UWSA ၏ ဘဏ္ဍာရေး ကိစ္စများကို ထိန်းချုပ်ထားသော (တရုတ်လူမျိုး စီးပွားရေး သမားများ ဖြစ်ကြသည့်) ဝေရှုကန်နှင့် သူ၏ ညီအစ်ကိုများ ကြား အက်ကြောင်းတခု ဖြစ်ပေါ်လာစေပုံ ရသည်။

မြန်မာ အမည် ဦးစိန်ဝင်း ဟုသိကြသည့် ဝေရှုကန်က ကချင်ပြည်နယ်မှ ကျောက်စိမ်းတွင်းများတွင် ကြီးမားစွာ ရင်းနှီး မြှုပ်နှံထားပြီး တနိုင်ငံလုံးတွင်လည်း စီးပွားရေးလုပ်ငန်းများ ရှိနေသည်။ ထို့ကြောင့်ပင် သူက မြန်မာ့တပ်မတော်မှ ထိပ်တန်း အရာရှိကြီးများနှင့် နီးစပ်မှု ရှိနေသည်။

ဝေရှုကန်က တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့်လည်း အလွန်နီးကပ်သည့် ဆက်သွယ်မှု ရှိနေသည်။ အဘယ်ကြောင့် ဆိုသော် သူသည် ဝ လူမျိုး တယောက်မဟုတ်ဘဲ သူ၏ ရေရှည် စီးပွားရေး အကျိုးစီးပွားက တရုတ်နိုင်ငံနှင့် ပိုမို ကိုက်ညီသောကြောင့် ဖြစ်သည်။

၂၀၀၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန် တရားရုံး တခုက ပေါက်ယူကျန်၊ ဝေရှုကန်နှင့် သူတို့၏ ညီအစ်ကိုများကို မူးယစ်ဆေး ကုန်သွယ်မှုဖြင့် မျက်ကွယ်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ပေါက်ယူကျန်သည် ကုန်သွယ်ရေးဖြင့် ချမ်းသာ ကြွယ်ဝလာသူ ဖြစ်သော်လည်း လက်နက်ကိုင် စစ်တပ်ကို ထိန်းချုပ်ထားသည့် ဝ အမျိုးသားရေး ဝါဒီ တဦးသာ ဖြစ်သည်။ သူက ဝေရှုကန်ကဲ့သို့ စီးပွားရေး အမြင်မျိုး မရှိဟု သတင်းရင်းမြစ်များက ပြောကြသည်။

UWSA တွင်း ကွဲပြားမှုက ၁၉၉၆ ခုနှစ်တွင် ရှမ်းတိုင်းရင်းသား မူးယစ်ရာဇာ ခွန်ဆာ လက်နက်ချခဲ့သည့် အဖြစ်နှင့် အလား တူနေသည်။ ခွန်ဆာ၏ မော်ထိုင်း တပ်မတော် (MTA) တွင်လည်း အစိတ်အပိုင်း ၂ ခု ရှိခဲ့သည်။ တခုမှာ တိုက်ခိုက်ရေးပိုင်းကို အဓိက လုပ်ကြသူများ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများနှင့် နောက်တခုမှာ ဘိန်းဖြူ စီးပွားရေးကို လုပ်ကိုင်သည့် တရုတ်လူမျိုးများ ဖြစ်ကြသည်။

ထိုစဉ်က စစ်အစိုးရနှင့် နောက်ပိုင်းတွင် သဘောတူညီချက်တခု ရယူနိုင်ခဲ့သည့် လျှို့ဝှက်ဆွေးနွေးပွဲများ အကြောင်းကို ဒုတိယ အုပ်စုဖြစ်သည့် တရုတ်လူမျိုးများကသာ သိရှိခဲ့ကြသည်။ MTA အတွင်းမှ ရှမ်းတိုင်းရင်းသားများမှာ ၁၉၉၆ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်တစီး MTA ဌာနချုပ်သို့ ဆင်းသက်လာသည့် အချိန်အထိ ထိုကိစ္စကို လုံးဝ မသိရှိခဲ့ကြပါ။

ခွန်ဆာက သူ၏ တပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက် အငြိမ်းစားယူ၍ ရန်ကုန်မြို့တွင် နေထိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထိုအချိန်တွင် သူ၏ မူးယစ်ဆေးလုပ်ငန်း လုပ်ဖော်ကိုင်ဖက်များက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ထူထောင်ခဲ့ကြသည်။ (သူ့အဖွဲ့အတွင်းမှ) ရှမ်းတိုင်းရင်းသားများ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပြီး နောက်ပိုင်းတွင် သူတို့ထဲမှ အချို့က ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဟု အများသိကြသည့် ရှမ်း လက်နက်ကိုင် အဖွဲ့သစ်တခုကို ထူထောင်ခဲ့ကြသည်။

UWSA အတွင်းတွင်လည်း အလားတူ အဖြစ်အပျက်တခု ပေါ်ပေါက်လာမည်ဟု ပြောရန် များစွာ စောလွန်းပါသေးသည်။ အကယ်၍ ပေါက်ယူကျန် ညီအစ်ကိုများကလည်း တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ခြင်းနှင့်အတူ အစိုးရနှင့် သဘောတူညီချက်တခု ရရှိရေး ဆောင်ရွက်လာလျှင် ဝေရှုကန် ညီအကိုတို့ကြား အက်ကြောင်းက လျော့ပါးသွားနိုင်ပါသည်။

ထိုသို့ဖြစ်လာခြင်းက FPNCC ၏ ညီညွတ်သော တပ်ဦးတခု အနေအထားကို သေချာပေါက် တိမ်းစောင်းစေလိမ့်မည် ဖြစ်ပြီး အခြား မဟာမိတ် အဖွဲ့ဝင်များသို့ လက်နက် စီးဝင်မှုကလည်း ခမ်းခြောက်သွားပါလိမ့်မည်။ နောက်ဆုံးတွင် အကယ်၍ တရုတ်လုံခြုံရေး အဖွဲ့အစည်း၏ ပူးပေါင်းမှုဖြင့် ထိုကဲ့သို့ အဆိုပြုချက်တခု လုပ်လာခဲ့လျှင် ပေါက် ညီအစ်ကိုများနှင့် သူတို့ အဖွဲ့ဝင်များ အနေဖြင့် ဝေ ညီအစ်ကိုများ၏ ဆန္ဒနှင့် ဆန့်ကျင်ရန် အခက်အခဲ တွေ့နိုင်ဖွယ်ရာ ရှိသည်။

ပေါက်ယူကျန်နှင့် အခြား အဖွဲ့များ၏ ခေါင်းဆောင်များ ကူမင်း Kunming တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၅ ရက် နေ့အထိ လျှို့ဝှက်အစည်းအဝေးတခု ပြုလုပ်ခဲ့သည်ဟု တရုတ်ပြည်ရှိ အတွင်းလူများက ပြောသည်။ ယူနန်ပြည်နယ် တောင်ပိုင်း ကျင်းဟောင် Jinghong တွင်လည်း ဖေဖော်ဝါရီလ ၃ ရက် နှင့် ၄ ရက်တို့တွင် စည်းဝေးခဲ့ကြပြီး ထိုအစည်း အဝေးတွင် တရုတ်နိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ၎င်းတို့ သဘောထားကို ဖော်ပြခဲ့သည်ဟု သိရသည်။

မည်သို့ ပြောကြားခဲ့သည်ကို မသိရှိနိုင်ပါ။ သို့သော် နယ်စပ်ဒေသများ တလျှောက်တွင် လတ်တလော ပြန်လည် ပေါ်ပေါက်နေသည့် မြန်မာနိုင်ငံ မြောက်ပိုင်း တိုက်ပွဲများတွင် တရုတ်နိုင်ငံက UWSA ကို ပါဝင်စေလိုခြင်း မရှိသည်က ရှင်းပါသည်။

အချို့ သတင်းအရင်းအမြစ်များက တရုတ်နိုင်ငံ အနေဖြင့် FPNCC ကိုလည်း ဂိုဏ်းကွဲများ ဖြစ်စေလိုကြောင်း ယူဆနေကြသည်။ FPNCC ၏ အစိတ်အပိုင်း ဖြစ်သော တိုင်းရင်းသား အဖွဲ့အစည်းများ အမိုးတခုတည်းအောက်တွင် မညီမညွတ် ရှိနေခြင်းက ပို ဩဇာ သက်ရောက်ပြီး ကြိုးကိုင်ထိန်းကျောင်းမှု ပိုမိုလွယ်ကူစေသောကြောင့် ဖြစ်သည်။

( Asia Times တွင် ဖော်ပြထားသော Bertil Lintner ၏ China is conflicted in Myanmar’s wars ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading