ကချင်စစ်ပွဲအကြောင်း နှုတ်ဆိတ်နေခြင်းသည် ဒီမိုကရေစီ ကျရှုံးခြင်း ဖြစ်သည်

Joe Kumbun
ပိတ်မိနေသော ကျေးလက်ပြည်သူများကို တစုံတရာ ကူညီရေး တောင်းဆိုရန် ပြည်သူများ ပထမဆုံးအကြိမ်အဖြစ် စုရုံးခဲ့ကြခြင်း မဟုတ်ပါ
Want create site? Find Free WordPress Themes and plugins.

အစိုးရဆိုသည်မှာ “ပြည်သူများ၏၊ ပြည်သူများအားဖြင့်နှင့် ပြည်သူများအတွက်” ဖြစ်သည်ဟု အမေရိကန်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတ အီဘရာဟင် လင်ကွန်း Abraham Lincoln က အခိုင်အမာ တချိန်က ပြောကြားခဲ့သည်။ ထို့ကြောင့် သူက ဒီမိုကရေစီ တန်ဖိုးနှင့် ဒီမိုကရေစီ အစိုးရတခု၏ စရိုက်လက္ခဏာများကို ခိုင်ခိုင်မာမာ ဖော်ညွှန်းပြသခဲ့သည်။ ကျော်ကြားလှသည့် ထိုစကားစုကို သူပြောဆိုခဲ့ပြီးသည့် အချိန်မှစ၍ နှစ်ပေါင်း ၁၅၀ အတွင်း အဆိုပါတန်ဖိုးများနှင့် စရိုက်လက္ခဏာများက ကမ္ဘာတလွှားရှိ တိုင်းပြည်များသို့ ပျံ့နှံ့ခဲ့ပြီး ပြည်သူများက လက်ခံကျင့်သုံးခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း ထိုကဲ့သို့ ဒီမိုကရေစီ ယဉ်ကျေးမှုကို ကျင့်သုံးရန် ကြိုးစားနေသော တိုင်းပြည်များထဲက တခု ဖြစ်ပါသည်။

စစ်ဘက်က တိုက်ရိုက်အုပ်ချုပ်သည့် စနစ်အောက်တွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် ဒီမိုကရေစီ ယဉ်ကျေးမှုတခု၏ ပင်မအစိတ်အပိုင်းတခု ဖြစ်သည့် အထွေထွေရွေးကောက်ပွဲတခုကို ၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည်။ စစ်အစိုးရက ဦးသိန်းစိန် ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရတခုသို့ ၂၀၁၁ ခုနှစ်တွင် အာဏာလွှဲပြောင်းပေးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဒီမိုကရေစီ ပုံရိပ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီက ကြားဖြတ်ရွေးကောက်ပွဲ တခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်လာ ခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာပြည်သူများက NLD ပါတီက သူတို့၏ ရွေးကောက်ပွဲ ကြွေးကြော်သံနှင့်အညီ ကြီးမားသော အပြောင်းအလဲများ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် သူတို့၏ မဲများကို NLD အတွက် နောက်တကြိမ် ပေးခဲ့ကြသည်။ “ပြောင်းလဲချိန်တန်ပြီ” ဆိုသည့် ကြွေးကြော်သံက မဲရုံများဆီသို့ မဲဆန္ဒရှင် အမြောက်အများ ရောက်ရှိလာစေရန် လှုံ့ဆော်ပေးနိုင်ခဲ့သည်။

တိကျစွာဆိုရလျှင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် လူနည်းစု တိုင်းရင်းသားများက သူတို့၏ မဲများကို NLD သို့ ပေးခဲ့ကြသည်။ တိုက်ပွဲများ ရပ်တန့်ရေး၊ ပင်လုံ သဘောတူညီချက်ကို ပြန်လည်ဖော်ဆောင်ရေးနှင့် တိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို ယူဆောင်ပေးရေးတို့အတွက် ဒေါ် အောင်ဆန်းစုကြည် အပေါ် မျှော်လင့်ချက်များ မြင့်မားစွာ ထားခဲ့ကြသည်။

ဝမ်းနည်းစရာကောင်းသည်မှာ တိုင်းပြည်သည် ပဋိပက္ခအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ကျဆင်းသွားခဲ့ရပြီး ပါတီ၏ ကြွေးကြော်သံ ဖြစ်သော ပြောင်းလဲချိန်တန်ပြီ ဆိုသည်မှာလည်း မကြားရတော့သလောက် ဖြစ်သွားသည်။ စီးပွားရေး ကျဆင်းမှု၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဘာသာရေး လွတ်လပ်ခွင့် ယုတ်လျော့လာခြင်း များအပြင် ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ပေါင်းများစွာ ရှိနေသည့်တိုင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်က ဆက်လက်ရှိနေပြီး ရပ်တန့်၍ မရနိုင်တော့သည့် အသွင်ရှိလာသည်။

တပ်မတော် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားမှ တိုက်ပွဲများ လတ်တလော အရှိန်မြင့်တက်လာခဲ့ ခြင်းကြောင့် ထောင်နှင့် ချီသော အရပ်သား ပြည်သူများ သူတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ အများအပြားမှာ တောတွင်းတွင် ပိတ်မိနေခဲ့သည်။

အဆိုပါ ဒုက္ခသည်ပြည်သူများကို ကူညီရန် အတွက် ခရစ်ယန် ဘာသာရေးခေါင်းဆောင်များ၊ ရာနှင့်ချီသော အရပ်ဘက် အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်း ဒုက္ခသည်များက သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် အခြားခေါင်းဆောင်များထံသို့ အသနားခံစာများ ပေးပို့ခဲ့ကြသည်။

ထိုစာများကို တုန့်ပြန်သည့်အနေဖြင့် တိုင်းပြည်ခေါင်းဆောင်များက ဘာမှ ဆောင်ရွက်ခဲ့ခြင်း မရှိပါ။ ထိုသို့ မလှုပ်မရှား ရှိနေခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွက် မြစ်ကြီးနား၌ ကချင်လူငယ်များ၏ ကြီးမားသော ဆန္ဒပြပွဲတခု ပေါ်ပေါက်စေခဲ့၏။ ထိုအဖြစ်မှာ ပိတ်မိနေသော ကျေးလက်ပြည်သူများကို တစုံတရာ ကူညီရေး တောင်းဆိုရန် ပြည်သူများ ပထမဆုံးအကြိမ်အဖြစ် စုရုံးခဲ့ကြခြင်း မဟုတ်ပါ။ ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း မြစ်ကြီးနားတွင် အလားတူ ဆန္ဒပြပွဲတခု ရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ယခုတကြိမ်တွင်မူ ဆန္ဒပြပွဲများက အခြား ပြည်နယ်နှင့် တိုင်းများ သို့သာမက အမေရိကန်နှင့် ဂျပန်ကဲ့သို့သော နိုင်ငံခြားတိုင်းပြည်များ အထိ ပျံ့နှံ့သွားခဲ့သည်။

ကူညီရေးအတွက် အသနားခံခြင်းကို ဥပေက္ခာပြုရုံသာမက အာဏာပိုင်များက ဆန္ဒပြသူများကို ဆန့်ကျင်ဖြိုခွဲမှု တခုပြု လုပ်ခဲ့ကြသည်။ အများအပြားကို ဖမ်းဆီး၍ သူတို့ကို မတရားပုဒ်မများဖြင့် တရားစွဲဆိုခဲ့ကြသည်။ Institute for Strategy and Policy-Myanmar မှ ကောက်ခံ စုဆောင်းထားသည့် အချက်အလက်များအရ ဆန္ဒပြသူ ၄၅ ဦးကို တပ်မတော်နှင့် ရဲ အဖွဲ့တို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေချိုးဖောက်မှု၊ အသရေဖျက်မှုများနှင့် တရားစွဲ ဆိုထားသည်ဟု သိရသည်။

ရဲတပ်ဖွဲ့သည် ပြည်ထဲရေး ဝန်ကြီးဌာနမှတဆင့် တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် အတွက် အရပ်သား အစိုးရက ရဲ အဖွဲ့ကို ထိန်းချုပ်ရန် အနည်းငယ်သာ လုပ်နိုင်ခြင်းက နားလည်ပေး၍ ရပါသည်။ ရဲအဖွဲ့၏ ဆောင်ရွက်မှုတိုင်း က တပ်မတော်၏ အမိန့် အတိုင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရနှင့် လွှတ်တော်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များက ဆက်လက်၍ နှုတ်ပိတ် မနေသင့်ပါ။ မြန်မာနိုင်ငံသားများက ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များ အနေဖြင့် ထုတ်ဖော်ပြောဆိုရန် သူတို့တွင် တာဝန် ရှိပါသည်။

လိုအပ်သည့်နေရာ လိုအပ်သည့် အချိန်တွင် သူတို့ရွေးချယ်ထားသော အစိုးရက အရေးယူဆောင်ရွက်ပေးရန် ပြည်သူများက ဆန္ဒရှိကြသည်မှာ အံ့သြစရာ မဟုတ်ပါ။ အစိုးရကို တောင်းဆိုမှုများ ပြုလုပ်ခြင်းသည် ပြည်သူတို့၏ အခွင့်အရေး ဖြစ်သည်။ ကွန်ဖျူးရှပ် အတွေးအခေါ်ပညာရှင် တဦးဖြစ်သည့် ရွှန်ဇီ Xunzi က “သခင်က လှေဖြစ်၍ ငယ်သားများက ရေဖြစ်သည်။ လှေကို ရေက တည်စေ၏။ ထို့ကြောင့် ရေက လှေကို မှောက်ပစ်နိုင်သည်” ဟု တခါက ပြောခဲ့ဖူးသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ ၂ ခုလုံးသည် ပြည်သူကို မှီခိုရသည်။ အကယ်၍ အစိုးရ တခုက ပြည်သူတို့၏ တောင်းဆိုချက်ကို မျက်ကွယ်ပြု နားပိတ်နေခဲ့လျှင် နောက်ဆုံးတွင် မလွဲမသွေပင် ဖယ်ရှားခြင်း ခံရမည် ဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်သူ (အစိုးရ) သည် ပြည်သူတို့၏ အကျိုးစီးပွားကို စိတ်ထဲမှာ ထားရမည် ဖြစ်သည်။ အစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက်ခြင်း ဖြစ်သည့် အတွက် ပြည်သူများ၏ အစိုးရဖြစ်ရပါမည်။ ပြည်သူအတွက် အစိုးရလည်း ဖြစ်ရပါမည်။ ရွေးကောက်ခံ အစိုးရအနေဖြင့် ဒီမိုကရေစီ အရေးအတွက် ပြည်သူများနှင့် အတူ ရပ်တည်သင့်ပါသည်။

အတိုချုပ်ရသော် မြန်မာပြည်သူတို့ကို ရင်ဝယ်သားသို့ ချစ်မြတ်နိုးသင့်ပါသည်။ အစိုးရက ဖြစ်စေ တပ်မတော်ကဖြစ်စေ ကျူးလွန် စော်ကားခြင်း မည်သည့်အခါတွင်မှ မခံရသင့်ပါ။ ပြည်သူများက တိုင်းပြည်၏ အခြေခံများကို ပုံဖော်ပါသည်။ အကယ်၍ ထိုအခြေခံများက တည်ငြိမ်နေခဲ့လျှင် ငြိမ်းချမ်းရေးကို တိုင်းပြည်တွင် သေချာပေါက် ရှာတွေ့နိုင်ပါလိမ့်မည်။ သို့သော်လည်း အစိုးရက ပြည်သူများ၏ တောင်းဆိုချက်များကို ဥပေက္ခာပြု၍ အကြွင်းမဲ့ အာဏာရှင် အစိုးရတခုလို ပြုမူ ခဲ့လျှင် “ ပြည်သူများ၏၊ ပြည်သူများအားဖြင့်နှင့် ပြည်သူများအတွက်” ဆိုသည့် ဒီမိုကရေစီ အစိုးရတခု၏ အဓိက တန်ဖိုး များသည် တိုင်းပြည်တွင် ရှိနေမည်မဟုတ်ဘဲ ပျောက်ကွယ် လွင့်ပါးသွားပါလိမ့်မည်။

(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူ တဦးဖြစ်ပါသည်။ ၎င်း၏ Government Fails Basic Test of Democracy with Silence over Kachin Crisis ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading