ရခိုင်မြောက်ပိုင်းအရေးသည် မြန်မာ့ပြဿနာ၏ အဖျားအနားသာ ဖြစ်သည်

လဝီဝမ်
နယူးယောက်အခြေစိုက် Asia Society တွင် မြန်မာ့သတင်းလွတ်လပ်ခွင့်အကြောင်း တင်ပြနေသော ဧရာဝတီသတင်းထောက် လဝီဝမ်(ယာ)
Want create site? Find Free WordPress Themes and plugins.

နယူးယောက်တွင် ကာလကြာရှည်စွာ နေထိုင်ခဲ့သော မြန်မာ အိမ်နီးချင်းများနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ဖူးကြောင်း အမေရိကန်အမျိုးသမီးတဦးက စာရေးသူကို မကြာသေးမီက အမေရိကန်ခရီးစဉ်အတွင်း ပြောသည်။ သို့သော် ရိုဟင်ဂျာခေါ် ဘင်္ဂလီ ပြဿနာကို ဆွေးနွေးရန် ကြိုးစားပြီးနောက် ထိုမြန်မာမိသားစုက သူနှင့် ဆက်ဆံခြင်းမရှိတော့ဟု ဆိုသည်။

ထိုဇာတ်လမ်းမှာ ပြည်ပတွင် ပြိုကွဲသွားသော အိမ်နားနီးချင်း ဇာတ်လမ်းတခုမျှသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ထိုသို့ ပြိုကွဲသွားသော အိမ်နားနီးချင်း များစွာရှိသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာခေါ် ဘင်္ဂလီများအပေါ် မြန်မာစစ်ဘက်က ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖေါက်မှုများအကြောင်း နိုင်ငံတကာ အသိုင်းအဝန်းက ကောင်းစွာသိသည်။ လွန်ခဲ့သော နှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကြီးမားသော စစ်ဆင်ရေးများကို မြန်မာ့တပ်မတော်က ပြုလုပ်သောအခါ ဘင်္ဂလားဒေ့ရှ်သို့ အလုံးအရင်း ထွက်ပြေးရသော ထိုဒုက္ခသည်များအတွက် များစွာ ကရုဏာသက်ကြသည်။

လူ့အခွင့်အရေး အခြေခံဖြင့် လူသားဂုဏ်သိက္ခာ ပြန်လည်ရရှိစေရန် ရိုဟင်ဂျာများကို မည်သို့ကူညီရမည်ကို နိုင်ငံတကာ အသိုင်းအဝန်းက စဉ်းစားသုံးသပ်ကြသည်။ ၎င်းတို့အပေါ် တပ်မတော်၏ အပြုအမူ၊ ၎င်းတို့၏ နေအိမ်များကို မီးရှို့ခြင်း၊ နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ထောင်သွင်း အကျဉ်းချထားခြင်းများကို နိုင်ငံတကာအသိုင်းအဝန်းက လက်မခံနိုင်ပေ။ လူသားအားလုံး တန်းတူ ဆက်ဆံသင့်သည်ဟူသော အမြင်မှာ နိုင်ငံတကာ အသိုင်းအဝန်း၏ လူ့အခွင့်အရေး ရူထောင့်အမြင်ဖြစ်သည်။

တပတ်ကြာ ခရီးစဉ်အတွင်း စာရေးသူသည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် ကျဆင်းသွားကြောင်း ဟောပြောသည်။ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် မည်သို့မည်ပုံကျဆင်းသွားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိအချို့၊ ကွန်ဂရက် အမတ်အချို့အား ရှင်းပြသည်။

အမေရိကန်အစိုးရ အရာရှိများနှင့် ကွန်ဂရက်အမတ်များသည် ယေဘုယျအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအကြောင်းကို ကောင်းကောင်းသိကြပြီး ၎င်းတို့သည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် ပိုမိုကန့်သတ်ခံရကြောင်း တင်ပြသည်ကို နားထောင်သောကြောင့် ကျေနပ်ရသည်။ မြန်မာနိုင်ငံတွင် မီဒီယာ လွတ်လပ်ခွင့် မြှင့်တင်ရေး သူတို့ မည်သို့ကူညီရမည်နည်းဟု မေးကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် တစတစ ယိုယွင်းလာသည်ကို မြင်ရသောကြောင့် အမေရိကန် အစိုးရသည် စိတ်မချမ်းမြေ့ဖြစ်ရသည်ဟု ပြောသည်။ အမေရိကန်အစိုးရအနေနဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အစိုးရအောက်တွင် ဦးစီးသည့် မြန်မာ့နိုင်ငံရေး ရှေ့သို့ တိုးတက်မှုကို မြင်လိုကြောင်း ပြောကြသည်။

သို့သော် ရိုဟင်ဂျာအကြောင်း အလွန်မေးကြသည်။

သတင်းလွတ်လပ်ခွင့် အခြေအနေအကြောင်း မိမိတို့ ပြောပြသည်ကို နားထောင်ရမည့်အစား သူပြောသည့် ရိုဟင်ဂျာအကြောင်းကိုသာ နားထောင်စေလိုပုံရသော ကွန်ဂရက် အမတ်တယောက်ကိုလည်း ဆုံရသောကြောင့် အံ့သြရသည်။ မြန်မာအစိုးရက ရိုဟင်ဂျာဟု သူတို့ကိုယ်ကိုယ် ခေါ်ပြီး မြန်မာအများစုက ဘင်္ဂလီဟုသာ ခေါ်ကြသူများကို နိုင်ငံသား ဖြစ်ခွင့်ပေးလျှင် ၎င်းတို့၏ ပြဿနာများ အားလုံးကို ဖြေရှင်းနိုင်မည်ဟု သူ ထင်နေသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ဒုက္ခသည်စခန်းတခုတွင် စာရေးသူ ကြုံတွေ့ရသည့်ဖြစ်ရပ်တခုကို သူ့ကို ပြောပြသည်။ နိုင်ငံသား မှတ်ပုံတင် ရရှိပြီးသော်လည်း စခန်းမှ အပြင်သို့ ထွက်ခွင့်မရသူများ ထိုစခန်းတွင် ရှိသည်။ ၎င်းတို့ မည်သို့သော ကတ်များ ပိုင်ဆိုင်သည်ဆိုသည့်အချက်မှာ အရေးမပါပေ။ ထိုထက် ပိုမိုအရေးပါသည်မှာ ၎င်းတို့တွင် ခရီးသွားခွင့်၊ အလုပ်လုပ်ခွင့်ရှိရေးဖြစ်သည်ဟု စာရေးသူက သူ့ကို ရှင်းပြသည်။ စာရေးသူတို့သည် ရိုဟင်ဂျာအကြောင်း မိနစ် ၄၀ ခန့်ပြောပြီးသော်လည်း မီဒီယာ လွတ်လပ်ခွင့်အကြောင်း သူ့ကိုပြောရန် အခွင့်အလမ်း မရခဲ့ပါ။

မြန်မာ့တပ်မတော်က ရိုဟင်ဂျာခေါ် ဘင်္ဂလီများအပေါ် ကျူးလွန်သော လူ့အခွင့်အရေးချိုးဖေါက်မှုများအပေါ် အမေရိကန်အစိုးရ ဌာနပေါင်းစုံ၏ မပြီးဆုံးသေးသော စုံစမ်းစစ်ဆေးမှုများ ရှိနေသည်။ ထို အမျိုးမျိုးသော အမေရိကန် အစိုးရဌာနများ၏ အကြံပြုတင်ပြချက်များအရ မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရ အရာရှိ တချို့ကို အရေးယူပိတ်ဆို့မည်ဟုု ဝါရှင်တန်တွင် ကြိမ်းဝါးနေကြသည်။

ရိုဟင်ဂျာပြဿနာသည် အကြီးမားဆုံး နိုင်ငံတကာ ပြဿနာများအနက် တခုဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ အခြားသော ပြဿနာများလည်း ရှိနေပြီး အထူးသဖြင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်ပွားလာသည်မှာ ၂ လနီးပါးရှိပြီဖြစ်သည်။ ကချင် စစ်ဘေးရှောင် ၁၅၀၀၀၀ ခန့်သည် တိုက်ပွဲများကြောင့် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။

ကချင်လူမျိုးစုများအပေါ် မြန်မာ့တပ်မတော်၏ လုပ်ရပ်သည်လည်း ရိုဟင်ဂျာများအပေါ် ပြုမူခဲ့သော လုပ်ရပ်များနှင့် သိပ်မကွာခြားလှပေ။ သို့သော် နိုင်ငံတကာအသိုင်းအဝန်းသည် မြန်မာ့တပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသည့် ဆယ်စုနှစ်ခြောက်ခုကျော်ကြာ ပြည်တွင်းစစ်အကြောင်း သိပ်မသိကြပါ။

လူမျိုးစုများသည် မြန်မာ့တပ်မတော်၏ လက်တွင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖေါက်မှုများကို ခံစားကြပြီး သူတို့၏ အခြေအနေသည် ရိုဟင်ဂျာများ၏ အခြေအနေနှင့် အတူတူပင် ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝန်းက သိစေချင်သည်။ ထိုပြဿနာနှစ်ခုကို တခုတည်းအဖြစ် ပေါင်းစည်းစဉ်းစားသုံးသပ်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ ရိုဟင်ဂျာများသာမက လူမျိုးစုများသည်လည်း လူ့အခွင့်အရေးချိုးဖေါက်မှု၏ ပစ်မှတ်များဖြစ်ကြသည်။ သို့သော် နိုင်ငံတကာ အသိုင်းအဝန်းသည် တခုကိုသာ ပြောဆိုနေပြီး အခြားတခုကို လျစ်လျူရရှုထားနေသည်။

(လဝီဝမ်သည် ဧရာဝတီ၏ အကြီးတန်း သတင်းထောက် ဖြစ်ပြီး ၎င်းရေးသားသော Rohingya Crisis is Just the Tip of a Dark Iceberg ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading