ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ပြီး အတော်လေး ဂယက်ထနေတယ်။ အထူးသဖြင့် ရခိုင်ပြဿနာဖြစ် ခဲ့ပြီးနောက်ပိုင်း အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ပြီး အတော်လေးပြောလာဆိုလာကြတယ်။ စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာတာကိုလည်း တွေ့လာရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတောင် ပြည်သူ့လွှတ်တော်မှာ ပျော်ဘွယ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ရခိုင်ပြဿနာကိုရည်ညွှန်းပြီး နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်တဲ့ အဆိုတခု တင်သွင်းတာတွေ့ခဲ့ရတယ်။ အဆိုရဲ့အနှစ်ချုပ်ကတော့ နိုင်ငံတော်လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ လုံလောက်တဲ့ကာကွယ်မှုတွေပြုလုပ်ပေးဖို့ တိုက်တွန်းထားတဲ့ အဆိုပါပဲ။
ဒီအဆိုတင်တာကို ကြည့်ရင်း တခု စဉ်းစားမိတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး မေးခွန်းမေးစရာ တချို့ရှိပါတယ်။ အထူးသဖြင့် ပြည်သူတွေနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ဘယ်သူက အဓိက ဦးစီးဦးဆောင်ပြုပြီး တာဝန်ယူဆောင်ရွက်မှာလဲဆိုတဲ့မေးခွန်း၊ နောက်ပြီး အဲ့ဒီလုံခြုံရေးဆိုတာနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ ဘယ်လိုမူဝါဒတွေနဲ့ ဆောင်ရွက်နေလဲဆိုတဲ့မေးခွန်း၊ အဲ့ဒီမေးခွန်းတွေက အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ရင် အခြေခံအကျဆုံးမေးခွန်းတွေဖြစ်ပါတယ်။ အင်မတန်မှ အရေးလည်းကြီးပါတယ်။
၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၃၃၉ မှာ “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦး ဆောင်ရမည်”လို့ဆိုထားပါတယ်။ ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမယ်ဆိုတဲ့အတွက် တချို့တွေက အမျိုးသားလုံခြုံရေးဟာ တပ်မတော်ရဲ့ကိစ္စ၊ တပ်မတော်က ဦးဆောင်တာဝန်ယူရမယ့်ကိစ္စလို့ မြင်ကြတယ်။ လုံခြုံရေးနဲ့ပတ် သက်ပြီး စာရေးသူ အင်တာဗျူးဖူးတဲ့သူ အတော်များများကလည်း ဒီလိုပဲ ယုံယုံကြည်ကြည်ပြောကြတာ တွေ့ခဲ့ရဖူးပါတယ်။
ဒါပေမယ့် အမျိုးသားလုံခြုံရေးဆိုတာက ပြည်တွင်း၊ ပြည်ပအန္တရာယ်ကို ကာကွယ်တာထက် ပိုတယ်လို့ု ဆိုကြပါတယ်။ တကယ်က လုံခြုံရေး နယ်ပယ်ဟာ ကျယ်ပြန့်လွန်းပါတယ်။ ပညာလောကမှာတော့ “အမျိုးသားလုံခြုံရေးဆိုတာ နိုင်ငံတစ်နိုင်ငံ တန်ဖိုးထားတဲ့ အဓိကတန်ဖိုး (Core values)တွေကို ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်”ကို အများစုက လက်ခံထားကြပါတယ်။ ဒီနေရာမှာ နိုင်ငံတွေတန်ဖိုးထားတဲ့ အဓိကတန်ဖိုး ၃ ခုရှိ တယ်လို့ ပညာရှင်တွေကဆိုကြတယ်။ ဒါတွေကတော့ “မိမိနိုင်ငံရဲ့နယ်နမိတ်တည်တံ့ခိုင်မြဲရေးနဲ့ နိုင်ငံရေးအရ အမှီအခိုကင်းပြီး လွတ်လပ်မှုရှိရေး၊ နိုင်ငံသားများကို အကာအကွယ်ပေးရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး” ဆိုတဲ့ အချက် ၃ ချက်ပဲ။ (Laura Neack – National, International, and Human Security: A Comparative Introduction, p-25)
ဒီတော့ နိုင်ငံတနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုရာမှာ မိမိနိုင်ငံရဲ့နိုင်ငံသားတွေလုံခြုံမှု၊ စီးပွားရေးအရ လုံခြုံမှုက စလို့ နိုင်ငံရေးအရ လုံ ခြုံမှု၊ အချုပ်အခြာအာဏာ ပိုင်စိုးမှုအထိ ကျယ်ကျယ်ပြန့်ပြန့် အကျုံးဝင်နေပါတယ်။ အဲ့ဒီအတွက် အမျိုးသားလုံခြုံရေးဆိုတာ ပြည်တွင်း၊ ပြည်ပအန္တရာယ် ကာကွယ်ရေးဆိုတာထက် ပိုတယ်လို့ ပြောခဲ့တာဖြစ်တယ်။ အထူးသဖြင့် အမျိုးသားလုံခြုံရေးဆိုတာ ကာကွယ်ခြင်း သက်သက်မဟုတ်၊ ပွားစီးဆောင်ရွက်ခြင်းဖြစ်တယ်ဆိုတဲ့ အမြင်ရှုထောင့်ကနေကြည့်ကြပါတယ်။
ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ အမျိုးသားလုံခြုံရေးဆိုတာကို ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်အစိုးရ တွေကပဲ ဦးဆောင်တာဝန်ယူပြီး ဆောင်ရွက်ကြရတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်သူတွေက သူတို့ရဲ့အရေးအရာကိစ္စတွေကို သူတို့ ကိုယ်စားဆောင်ရွက်ပေးဖို့အတွက် ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ်ရှိတယ်။ ဒီအစိုးရဟာ ပြည်သူတွေရဲ့လုံခြုံရေး၊ နိုင်ငံ တော်တစ်ခုလုံးရဲ့လုံခြုံရေးအတွက် အဓိကတာဝန်ရှိတယ်။ ဒီတော့ အမျိုးသားလုံခြုံရေးဆိုတာကို ဒီအရပ်သားအစိုးရကနေ ဦးစီးဦး ဆောင်ပြုပြီး တာဝန်ယူဆောင်ရွက်သွားဖို့ လိုတယ်လို့ မြင်ပါတယ်။
ဒါမှသာလျှင် အမျိုးသားလုံခြုံရေးဆိုတာဟာ “တပ်ကိစ္စ” တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံရဲ့ နယ်ပယ်အရပ်ရပ်ကို လွှမ်းခြုံနိုင်မှာဖြစ်တယ်။ လူသားတဦးချင်းစီရဲ့လုံခြုံရေး၊ စီးပွားရေးလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးကစလို့ သံရေးတမန်ရေး၊ နိုင်ငံရေးဆိုင်ရာ လုံခြုံရေး၊ နိုင်ငံတကာလုံခြုံရေး ဆိုတာတွေအထိ ဖြန့်ကျက်နိုင်မှာဖြစ်တယ်။ နောက်ပြီး ဒီဘက်ခေတ် အမျိုးသားလုံခြုံရေးလို့ဆိုရာမှာ ကိုယ့်နယ်ပယ်နဲ့ကိုယ်၊ ကိုယ်ကောင်းမယ် ထင်တာတွေ လုပ်နေလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူး။ နယ်ပယ်အရပ်ရပ်ကို ပေါင်းစည်းပြီး အမျိုးသား လုံခြုံရေးခေါင်းစဉ်အောက်မှာ စုစုစည်းစည်း ဟန်ချက်ညီညီ ဆောင်ရွက်ကြရတဲ့ကိစ္စဖြစ်ပါတယ်။
ဥပမာဆိုရရင် – စစ်တိုက်တဲ့သူက သက်သက်၊ သံခင်းတမန်ခင်းက သက်သက်၊ နိုင်ငံရေးမူဝါဒချမှတ်တဲ့သူက သက်သက်၊ စီးပွားရေးမူဝါ ဒဖော်ဆောင်တဲ့သူက သက်သက်ဆိုပြီး ခွဲလုပ်လို့ရနိုင်တဲ့အနေအထားမျိုးမဟုတ်တော့ဘူး။ နိုင်ငံရဲ့နယ်ပယ်စုံ၊ ကဏ္ဍစုံကို အမျိုးသားလုံ ခြုံရေးခေါင်းစဉ်အောက်မှာ ပေါင်းစည်းဆက်စပ်ပြီး ဆောင်ရွက်နေကြတာကိုတွေ့ရပါတယ်။ ဒါတွေအားလုံးကို ပေါင်းစည်းနိုင်ဖို့ကလည်း ဒီ နယ်ပယ်တွေအားလုံးကို ဖြန့်ကျက်အာဏာသက်ရောက်တဲ့ အစိုးရက ဦးဆောင်ပြီး ဆောင်ရွက်ကြရပါတယ်။
ဒီနေရာမှာ အစိုးရအနေနဲ့လည်း ဒါတွေကို လက်တန်းဆောင်ရွက်တာမျိုးမဟုတ်ဘဲ မူဝါဒတွေ၊ မဟာဗျူဟာတွေချမှတ်ပြီး ဆောင်ရွက် ကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေးမူဝါဒ(National Security Policy)၊ အမျိုးသားလုံခြုံရေးမဟာဗျူဟာ(National Security Strategy)ဆိုတာမျိုးတွေ ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်အစိုးရဟာ အမျိုးသားလုံခြုံရေးမူဝါဒကို ချမှတ်ပြီး အဲ့ဒီမူဝါဒရဲ့ဦးဆောင်မှုနဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာကို ဖော်ဆောင် ကြရပါတယ်။ ဒါဟာ ဒီနေ့ခေတ် နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးနယ်ပယ်မှာ ကျင့်သုံးဆောင်ရွက်နေကြတဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။
ဒီတော့ အထက်က မေးခွန်းတွေကို ပြန်ကောက်ရရင် အမျိုးသားလုံခြုံရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ အစိုးရက ဦးစီးဦးဆောင်ပြုတာဝန်ယူ ဆောင်ရွက်ဖို့လိုတယ်။ အဲ့ဒီလို ဦးစီးဦးဆောင်ပြုတာဝန်ယူဆောင်ရွက်တဲ့နေရာမှာလည်း လက်တန်းသဘောမျိုးမဟုတ်ဘဲ အမျိုးသားလုံ ခြုံရေးမူဝါဒတွေ၊ မဟာဗျူဟာတွေကို ကျကျနန ချမှတ်ပြီး ဆောင်ရွက်သွားဖို့ လိုပါတယ်။
ဒါကြောင့် အမျိုးသားလုံခြုံရေးလို့ပြောလာရင် အစိုးရအနေနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာမူဝါဒ၊ မဟာဗျူဟာတွေ ရေဆွဲချမှတ်ထားဖို့ လိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ အမျိုးသားလုံခြုံရေးမူဝါဒ၊ မဟာဗျူဟာဆိုပြီး သတ်သတ်မှတ်မှတ်ပြဌာန်းချမှတ်ထားတာမျိုး မတွေ့ရ သေးပါဘူး။ ၂၀၁၆ ခုနှစ်အစောပိုင်းကတော့ တပ်မတော်က ထုတ်ပြန်တဲ့ ကာကွယ်ရေး စက္ကူဖြူစာတန်း ၂၀၁၆ ဆိုတာတော့ရှိပါတယ်။ ဒါပေမယ့် ဒါဟာ စာရေးသူရဲ့ သိမှတ်ထားမှုအရကတော့ တပ်မတော်က ရေးဆွဲထားတာဖြစ်ပြီး အစိုးရက ဦးဆောင်ရေးဆွဲထားတဲ့ မူဝါဒ စာတန်းမဟုတ်ပါဘူး။ တကယ်ဆိုရင်တော့ အစိုးရအနေနဲ့ ဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးမူဝါဒ၊ အဲ့ဒီကမှ အမျိုးသားလုံ ခြုံရေးမဟာဗျူဟာကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုပါတယ်။
ဒီနေရာမှာလည်း အမျိုးသားလုံခြုံရေးဆိုတာ အထက်ကပြောခဲ့သလို နယ်ပယ်အရပ်ရပ်ကို ဖြန့်ကျက်ထားတဲ့ အရေးကိစ္စဖြစ်တဲ့အတွက် လုံခြုံရေးအဖွဲ့အစည်းတွေကပဲ ဦးဆောင်ရေးဆွဲလို့ မဖြစ်နိုင်ဘဲ အစိုးရက ဦးဆောင်ပြီးရေးဆွဲဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နိုင်ငံတော်ရဲ့လုံခြုံရေးအတွက် နယ်ပယ်အရပ်ရပ်ကို ပေါင်းစည်းပြီး စုစည်းဆက်စပ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အမျိုးသား လုံခြုံရေးမူဝါဒဆိုတာ အစိုးရဌာနအားလုံး ပေါင်းစပ်စုစည်းဆောင်ရွက်ရတဲ့မူဘောင်(The whole-of-government framework)လို့ ခေါ် ဆိုကြပါတယ်။ ဒီနေရာမှာ အစိုးရက ဦးဆောင်ရေးဆွဲတယ်ဆိုပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ပါဝင်ပေါင်းစပ်ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။
နိုင်ငံတွေဟာ အမျိုးသားလုံခြုံရေးမူဝါဒနဲ့ မဟာဗျူဟာအပေါ် အခြေပြုပြီး နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ကြ ရတယ်။ ဒီတော့ အမျိုးသားလုံခြုံရေးမူဝါဒနဲ့ မဟာဗျူဟာတွေဟာ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ရင် လမ်းညွှန်မူဘောင်တွေဖြစ်ပါတယ်။ နောက်ပြီး အမျိုးသားလုံခြုံရေးမူဝါဒတွေ၊ မဟာဗျူဟာတွေကို ရေးဆွဲပြီးရင် လွှတ်တော်တွေကို တင်ပြပြီး အတည်ပြုချက်ယူကြရပါတယ်။ လွှတ်တော်တွေအနေနဲ့လည်း အတည်ပြုထားတဲ့ အမျိုးသားလုံခြုံရေးမူဝါဒတွေ၊ မဟာဗျူဟာတွေအပေါ်အခြေပြုပြီး နိုင်ငံရဲ့လုံခြုံရေးအတွက် နှစ်စဉ်ဘတ်ဂျက်တွေကို အတည်ပြုသုံးစွဲခွင့်ပေးကြတာပဲဖြစ်ပါတယ်။
ဒီတော့ အမျိုးသားလုံခြုံရေးမူဝါဒတွေ၊ မဟာဗျူဟာတွေ သတ်သတ်မှတ်မှတ်မရှိရင် နိုင်ငံတွေဟာ အမျိုးသားလုံခြုံရေးလို့ ဘယ်လောက် ပဲအော်နေ၊ အော်နေ၊ ဘယ်လောက်ပဲ စိုးရိမ်ပူပန်မှုတွေရှိနေ၊ ရှိနေ ဦးတည်ရာမရှိဘဲ မျောချင်ရာမျောနေတဲ့ လှေသဘောၤလိုပဲဖြစ်ပါလိမ့်မယ်။
ပြန်ချုပ်ရရင်တော့ မြန်မာနိုင်ငံမှာ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ပြီး လတ်တလော အတော်လေးဂယက်ထနေတယ်။ အစိုးရအနေနဲ့ လုံခြုံရေးဆိုင်ရာ လုံလောက်တဲ့ ကာကွယ်မှုတွေပြုလုပ်ပေးဖို့ အဆိုတွေ တင်တာကိုလည်းတွေ့ရတယ်။ ကျနော့်အမြင်ကတော့ အစိုးရ အနေနဲ့ အမျိုးသားလုံခြုံရေးကို ကျကျနန စီမံခန့်ခွဲဆောင်ရွက်ဖို့လိုတယ်။ အဲ့ဒီလို စီမံခန့်ခွဲဆောင်ရွက်ဖို့အတွက် အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ရင် အစိုးရက ဦးဆောင်ပြီး စီမံခန့်ခွဲနိုင်ရမယ်။ ဦးဆောင်နိုင်ဖို့လည်း ပြင်ဆင်ရမယ်။ အဲ့ဒီလိုပြင်ဆင်တဲ့နေရာမှာ အမျိုးသားလုံ ခြုံရေးဆိုင်ရာ မူဝါဒတွေ၊ မဟာဗျူဟာတွေကို အစိုးရက ဦးဆောင်ရေးဆွဲချမှတ်ပြီး အားလုံးကို ပေါင်းစည်းဆောင်ရွက်သွားဖို့ လိုအပ်တယ် လို့ သုံးသပ်မိပါတယ်။
(ကိုရဲသည် ပြည်တွင်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်)