မြန်မာသံတွေ နားမလည်ဘူးတဲ့လား

ထွန်းထွန်း(ဂီတမိတ်)
မြန်မာ့ဂီတကို နိုင်ငံတကာအမြင် နိုင်ငံတကာစနစ်ဖြင့် သင်ကြားပေးနေသော ဂီတမိတ် သင်တန်းကျောင်း
Want create site? Find Free WordPress Themes and plugins.

“နတ်စည်ငယ်လေ…ပုဇွန့်လက်ရုံး အာလမ္ဗရာ …ကျော်ဝှန်းသံဝါ ဆော်ရွမ်း ညံစာစာ..တိမ်ယံအာကာ … နီလာပြင်ဆိုင်း သင်တိုင်းခြုံ လွှာ .. အုံ့မှိုင်းညိုပြာ…မိုးထက်ကဲဝဠာ …ကိုးချက်နယ်မှာ…တိမ်ခိုးယှက် မိုးသက်ကလေးတွေဖြာ…..” ။ မြို့မငြိမ်း၏ နာမည်ကျော် ကသစ်ပန်း သီချင်းထဲက တေးစာသားတချို့ဖြစ်ပါသည်။

ကသစ်ပန်းနှင့် သခွတ်ပန်းတွေက ဘာကိုကိုယ်စားပြုပါသလဲ၊ သိကြား နှင့် အသူရာ စစ်ခင်းကြတဲ့အခါ ပုဇွန့်လက်မပုံသဏ္ဍန်ရှိတဲ့ အာလမ္ဗရာ စည်ကြီးတီးလို့ ဂျိုးဂျိုးဂျိန့်ဂျိန့် မြည်တယ် ဆိုတဲ့ မိုးရွာခြင်းအကြောင်း ဒဏ္ဍာရီ ဇာတ်လမ်းကို မသိကြတော့တဲ့ ဒီနေ့ခေတ်လူငယ်လေးတွေ အတွက် ဆရာမြို့မငြိမ်းရဲ့တေးက ဆွဲဆောင်နိုင်မှု အားနည်းနေတော့သည်။

ရွေးချယ်စရာတွေ များပြီး ခံစားဖို့ အချိန်ရှားလာကြတဲ့ ဒီနေ့ခေတ်ကြီးမှာ အချိန်ပေးတွေးတောနေရတဲ့ ကိုယ့်ရိုးရာတေးသီချင်းတွေကို စိတ်ဝင်စားမှု ကျလာနေတဲ့ အထဲ ခက်ခဲရှုပ်ထွေးလေးနက်တဲ့ တင်စားချက်တွေ၊ ခေတ်နဲ့ အဟပ်ကွာလာတဲ့ အသုံးအနှုန်းတေးစာသားတွေကို အလွယ်တကူ ဖွင့်ဆိုရှင်းလင်းတင်ပြထားတဲ့စာတွေက နည်းပါး၊ ဖော်ပြပေးမယ့် မီဒီယာတွေကလည်း မရှိသလောက် ရှားပါးလာတော့ ခေတ်ဟောင်းတေးတွေ၊ မဟာဂီတသီချင်းကြီးတွေအပေါ် ခုခေတ်လူငယ်တွေ အာရုံ မရကြတော့တာ သိပ်မဆန်းပါဘူး။

လူငယ် ဂီတသင်တန်းသူတဦးက ” ရိုးရာ သီချင်းတွေကို နားထောင်ကြည့်ဖူးပါတယ်၊ ဒါပေမယ့် အဓိပ္ပာယ်တွေ နားမလည်ဘူး။ ဘာဆိုလိုမှန်းမသိလို့ ပျင်းလာတယ် ” လို့ပြောပါတယ်။ ကျနော် ထိတ်ကနဲ လန့်သွားတယ်။ မြန်မာပြည်က မြန်မာကလေးတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်လောက်က မိခင်ဘာသာစကားနဲ့ ရေးသားခဲ့တဲ့ သီချင်းကိုတောင် နားမလည်ကြတော့ဘူး။ (နားလည်နိုင်အောင် စာပေတွေဖတ်ရှုမှုက အားနည်း၊ နားလည်အောင် ကြိုးစားဖို့ မလိုဘူး ထင်နေတာလည်း ဖြစ်နိုင်ပါတယ်။) သူတို့ နားလည်အောင် ဘယ်သူတွေရှင်းပြကြမှာလဲ။ လူကြီးတွေ ရှင်းပြဖို့ အချိန်မရှိဘူးလား။ ဘယ်လိုပုံစံမျိုးနဲ့ ရှင်းပြကြမှာလဲ။ ကိုယ့်ခေတ်သီချင်းမဟုတ်လို့ နားလည်စရာ မလိုပါဘူးလို့များ ပြောမိနေကြသလား။ ဒါမှမဟုတ် အဲဒါတွေသိတော့ ဘာလုပ်ရမှာလဲ။ အဲဒါတွေ လျှောက်လေ့လာနေမယ့်အစား အင်္ဂလိပ်စာကျက်၊ ကွန်ပြူတာတက်၊ အလုပ်ကောင်းကောင်းရအောင် လုပ်၊ ဒီလောက်ငွေရှာရခက်တဲ့ ကာလကြီးမှာလို့များ ဆူပူလိုက်ကြပြီလား။

နောက်တစ်ခုစဉ်းစားမိတာက အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်းဖောဖောသီသီသုံးပြီး ကိုယ်လိုချင်တဲ့အချက်အလက်တွေ ရှာဖွေတတ်ကြတဲ့နေရာမှာ လူငယ်တွေက လူကြီးတွေထက် သာပါတယ်။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် သတင်းအချက်အလက်ရှာဖွေပုံ နည်းပညာတွေကို ကျနော့်ညီ ညီမ တပည့်တပန်းတွေ လူငယ်လေးတွေဆီက ကျနော် အများကြီးပြန်သင်ယူရပါတယ်။ သူတို့ကတော့ ဘယ်သူ့ဆီကမှ မသင်ရဘဲ (အချင်းချင်း မျှဝေလိုက်ကြတာလည်း ပါပါတယ်။) ဟိုကလိ ဒီကလိ နဲ့ကို တတ်ကြပါတယ်။ အံ့သြစရာ့ လူငယ်တွေပါ။

ဒါပေမယ့် အထက်က မြို့မငြိမ်း သီချင်းစာသားထဲကလို ခေတ်နဲ့အလှမ်းဝေးတဲ့ အကြောင်းအရာတွေကိုတော့ သူတို့ အွန်လိုင်းမှာ မရှာကြပါဘူး။ အွန်လိုင်းပေါ်မှာလည်း အလွယ်တကူ သိပ်ရှာလို့ မရပါဘူး။ အဓိပ္ပါယ်သိအောင် အားမထုတ်ကြပါဘူး။ ရှာရကောင်းမှန်း မသိတာထက် သိတော့လည်း ဘာအကျိုးရှိမှာမို့လို့လဲ ဆိုတဲ့ (အထင်သေးတာ မဟုတ်ရင်တောင် ) အထင်မကြီးတတ်ကြတာကြောင့်လား။ တွေးစရာပါ။ တန်ဖိုးမသိကြတာလား၊ တန်ဖိုးမသိရင်တော့ တန်ဖိုးမရှိပါဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးနီးက ဂီတနက်သန်ကိုစောညိန်းအကြောင်း စာတအုပ်ကို ဖတ်နေတဲ့ ကျနော့်ကို လုပ်ဖော်ကိုင်ဘက် အကိုကြီးတယောက်က တွေ့သွားပြီး “ဘာလို့ ဒါတွေဖတ်နေတာလဲ၊ အဲဒါဖတ်မယ့်အစား မိုးဇက် Mozart အကြောင်း ဖတ်ပါလား” တဲ့။ ဂျာမန်ဂီတဘိုးအေကြီး မိုးဇက်အကြောင်း ဖတ်သင့် သိသင့်တာ မှန်ပေမယ့် ကိုစောညိန်းအကြောင်းဖတ်တာ ဘာများမှားလို့ပါလိမ့်လို့ စိတ်ထဲမှာ အောင့်သက်သက်ဖြစ်မိခဲ့ပါတယ်။

အခု လတ်တလောမှာလည်း တီဗွီအစီအစဉ်တခုရဲ့ သီချင်းဆိုပြိုင်ပွဲမှာ အပတ်စဉ် သီချင်းအမျိုးအစား တမျိုးစီပြောင်းဆိုပြီး ပြိုင်ကြရတယ်။ အဲဒီမှာ မြန်မာသံ(ရိုးရာဂီတသံ)ကိုလည်း သီဆိုယှဉ်ပြိုင်ကြရတယ်။ အသက် ၂၀ ကျော် အဲဒီလူငယ်ပြိုင်ပွဲဝင်တွေကို (တချို့လည်း တိုင်းရင်းသားတွေပါ ပါတယ်။ သို့သော် ဒီနိုင်ငံသားတွေပါ) ဘယ် သီချင်းအမျိုးအစားနဲ့ပြိုင်ရတာ အခက်ခဲဆုံးပါလဲလို့ အင်တာဗျူးတွေမှာ မေးရင် မြန်မာသံက အခက်ခဲဆုံးပါ လို့ အားလုံးနီးပါးက ဖြေကြတယ်။ အဲဒီလိုပြောမှ ခေတ်လူငယ် ပီသမယ် ထင်ပြီး ပြောကြသလား။ တကယ်ပဲ ရိုးရိုးသားသား ဖြေတယ်ထား၊ ဒါဟာ ဂုဏ်ယူစရာ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ တီဗွီအစီအစဉ် အမြဲကြည့်တဲ့ ကျနော့်အမေက အားမလိုအားမရဖြစ်ပြီး “မြန်မာပြည်က ကလေးတွေဖြစ်ပြီး မြန်မာသီချင်းဆိုရတာ အခက်ခဲဆုံးလို့ ပြောနေကြတယ်၊ ငါတော့ နားမလည်နိုင်တော့ဘူး” လို့ မကြာခဏ ငြီးငြူ ပြောဆိုဖူးတယ်။ တခါမှ မြန်မာ့ဂီတကို တကူးတကန့် နားမထောင် မလေ့လာမိတော့ အနှစ်သာရနဲ့ သဘောသဘာဝကို မသိတော့ဘဲ ဆိုရတာ ခက်နေကြတာပေါ့။ ပြောရရင် နားစိမ်းနေကြတာပေါ့။

ဒါတွေဟာ ကိုယ့် ရိုးရာကို အထင်သေးလာကြလို့လား။ ကိုယ့်ယဉ်ကျေးမှု အနုပညာတွေကို မလေ့လာ၊ မလေ့လာတော့ မလိုက်စား၊ မလိုက်စားတော့ နားမလည်၊ နားမလည်တော့ စိတ်မဝင်စား၊ စိတ်မဝင်စားတော့ ရှေ့တန်းမတင်၊ ရှေ့တန်းမတင်တော့ နောက်ကောက်ကျ၊ နောက်ကောက်ကျတော့ အထင်သေး၊ အထင်သေးတော့ လူရာမဝင်…မြတ်စွာဘုရား….အဲဒီလိုများဖြစ်နေကြပြီလား။

မြန်မာ့ဂီတလို့ပြောရင် ကမ္ဘာ့ဂီတလို့မထင်ကြ။ ကမ္ဘာ့ဂီတထဲမှာ မြန်မာ့ဂီတမပါဘူးလား။ ကမ္ဘာကသပ်သပ် မြန်မာကသပ်သပ်လား။ တဖက်စီလား။ ခုတော့ တဖက်စီ လုပ်နေကြလို့ ရိုးရာဂီတသမားတွေနဲ့ ခေတ်ပေါ်ဂီတသမားတွေရယ်လို့ ခွဲခြားပြောဆိုနေကြတယ်။ တဖက်ကိုတဖက် အထင်အမြင် မတူကြဘူး။ သူမြင့်တယ် ငါနိမ့်တယ်နဲ့ လုပ်နေကြတယ်။ သူလွယ်တယ် ငါခက်တယ်နဲ့ လုပ်နေကြတယ်။ ကျနော့်ဆရာမတယောက်ပြောသလို ဂီတဆိုတဲ့ခေါင်းစဉ်အောက်မှာ အားလုံးဟာ တန်းတူ တပြေးညီပါပဲ။ အနိမ့်အမြင့် အတန်းအစား ခွဲလို့မရပါဘူး။

အကြောင်းအရာ တွေကို အတိမ်အနက်မသိရင် ကိုယ်ထင်ချင်သလိုထင်ပြီး အထင်ကြီးခြင်း၊ အထင်သေးခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ယထာဘူတ ကျကျ စဉ်းစားတွေးခေါ် သုံးသပ်နိုင်စွမ်းနည်းလာပြီး အဲဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ လူတွေအပေါ်မှာပါ တဖက်သတ် အထင်သေးခြင်း၊ အထင်ကြီးခြင်းတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီအခါ အမြင်တွေ ကျဉ်းမြောင်းလာပြီး ကိုယ်ဖန်တီးတဲ့ အနုပညာဟာ သေးသိမ် အားလျော့ တန်ဖိုးကျလာတတ်ပါတယ်။

အဲဒီလိုတွေဆိုတော့ ရိုးရာသီချင်းတွေကို ဇွတ်အတင်း ကြိုက်ခိုင်းနေတာလား။ မဟုတ်ပါဘူး။ ကြိုက်ခြင်းမကြိုက်ခြင်းကို သေသေချာချာ သိပြီးမှ ဆုံးဖြတ်စေချင်တာပါ။ သေသေချာချာသိအောင်တော့ ကြိုးစားရှာဖွေ လေ့လာလိုက်စားကြစေချင်ပါတယ်။ မကြိုက်တာ အပြစ်မဟုတ်ပါ။ မသိသေးဘဲ၊ မလေ့လာသေးဘဲ၊ မစမ်းသပ်ကြည့်သေးဘဲ ကြိုတင်ဆုံးဖြတ်ပြီး နှာခေါင်းရှုံ့တာမျိုး မဖြစ်စေချင်တာပါ။ ရိုးရာဂီတကိုပဲ တဘက်သတ် သိထားကြသူများကလည်း တခြား တခြားသောဂီတအမျိုးအစားများကို မျက်စိဖွင့် နားစွင့် သင်ယူသင့်ရင် သင်ယူရပါမယ်။ အနည်းဆုံး သဘောသဘာဝတွေကို သိအောင်တော့ လိုက်စားသင့်ကြပါတယ်။ ဒါမှသာ တိုးတက်သောအမြင်များနဲ့ ကျယ်ကျယ်ပြန့်ပြန့် နားလည်ပြီး ဂီတသစ်များကို ဖန်တီးနိုင်ကြကာ လောကကို အလှဆင်နိုင်ကြမယ်လို့ သဘောရကြောင်းပါခင်ဗျား။

(စာရေးသူသည် ရန်ကုန်အခြေစိုက် ဂီတမိတ် သင်တန်းကျောင်း၏ မန်နေဂျာနှင့် အဆိုရှင်တဦး ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန် – ဂီတဗေဒ အနုပညာ ရေစီးကြောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading