မြန်မာနိုင်ငံက သွင်းလာတယ်ဆိုတဲ့ စိတ်ကြွဆေးပြားတွေကို အိမ်နီးချင်း ထိုင်း၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ အလုံးအရင်းနဲ့ ဖမ်းဆီးမိနေပါတယ်။
ပြီးခဲ့သည့် စနေနေ့က ထိုင်း- မြန်မာနယ်စပ်က ဖန်ခရိုင်မှာ ၆ ဘီး ကုန်တင်ကားနဲ့ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁၅ သန်းခန့်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်အတွင်း အများဆုံး စံချိန်တင် ဖမ်းမိတာဖြစ်ပြီး၊ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၃ ထောင်နီးပါးရှိတဲ့ ဒီမူးယစ်စိတ်ကြွဆေးတွေဟာ မြန်မာဘက်ခြမ်း ဝပြည်နယ်က လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၂၂ရက်နေ့ကလည်း ရန်ကုန်ဆိပ်ကမ်းက လာတဲ့ ကုန်တင်သင်္ဘောတစင်းရဲ့ ကွန်တိန်နာ ထဲ ကနေ စိတ်ကြွရူးသွပ်ဆေး၁.၂ တန်ကို မလေးရှား အာဏာပိုင်တွေက ဖမ်းမိခဲ့ရာ မလေးရှားသမိုင်းမှာတော့ အများဆုံး ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအတွက် မလေးရှား ၃ ဦးနဲ့ မြန်မာ ၃ ဦးတို့ကို ဖမ်းဆီးထားပြီး၊ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေဟာ နှစ်နိုင်ငံဘက်မှာ ဆင်ဒီကိတ်ကြီးများဖွဲ့ကာ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
အသက် ၄၄ နှစ် အရွယ် တရားခံပြေး မောင်မောင် (ခ) Hj Yassin ကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပြီး ဆက်စပ်ကွင်းဆက် တရားခံတွေကို ဖော်ထုတ်မယ်လို့လည်း ဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း အာဏာပိုင်တွေက မူးယစ်ဆေးအမြောက်အများ ဖမ်းဆီးရမိပေမယ့် အများစုမှာ ပိုင်ရှင်မဲ့များ သာဖြစ်ကာ အမှန်တကယ် ထုတ်လုပ်နေသူများကို ရေဆုံရေဖျားလိုက်ပြီး ဖမ်းဆီးရမိတယ်လို့ မကြားမိသေးပါ။
ဘယ်လိုပဲဖြစ်ဖြစ် အရှေ့တောင်အာရှမှာ ပျံ့နှံလာတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံမှ လာတယ်လို့ ဆိုလိုက်ခြင်းက နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေပါတယ်။
မကြာသေးမီက ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းက မူးယစ်စိတ်ကြွဆေးတွေဟာ ပဋိပက္ခများ ပြည့်နှက်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းကနေ ရခိုင်မြောက်ဖျားအထိ အနှံအပြား ပျံ့နှံနေပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်က လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးဟာ စက်ရုံ ၃၇ ရုံကနေ စိတ်ကြွမူးယစ်ဆေးဝါး များ ထုတ်လုပ်ပြီးနိုင်ငံ အသီးသီးကို ခိုးသွင်းနေတယ်လို့ ဆိုပါတယ်။
အလားတူ မလေးရှား ရဲတပ်ဖွဲ့ရဲ့ ဇွန်လ ၂ရက် ထုတ်ပြန်ချက်ကလည်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါး စက်ရုံ ၃၇ ရုံရှိရာ စက်ရုံအားလုံးဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနဲ့ ပြည်သူ့ စစ်တပ်ဖွဲ့များပိုင် စက်ရုံများ ဖြစ်ကြောင်း မြေပုံနဲ့ တကွဖော်ပြထားပြီး ထိုစက်ရုံများထဲ UWSA ကလည်း ၁၀ ရုံထက်မနည်း ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးနေကြောင်း ထုတ်ပြန်ပါတယ်။
သူတို့ထုတ်ပြန်ချက်ပါ သတင်းအချက်အလက် အသေးစိတ် မကိုက်ညီမှုတွေ ရှိနိုင်ပေမယ့် သေချာတာက ရှမ်းပြည်နယ်ထဲက ထွက်တဲ့ မူးယစ်ဆေးပြားတွေဟာ ရန်ကုန်ကတဆင့် စစ်တွေ၊ မောင်တောလမ်းကြောင်းကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားနဲ့ စစ်တကောင်း အရပ်တွေဆီ ထွက်သလို သင်္ဘောတွေနဲ့ မလေးရှားကိုလည်း ထွက်နေတာကတော့ သေချာနေပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့လည်း တရားမဝင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်ကူးနေမှုကို နှိမ်နင်းနိုင်ရေး အတွက် မြန်မာရဲ့ အကူအညီလိုအပ်နေတဲ့အတွက် ပြီးခဲ့တဲ့မေလ ၂၁ရက်နေ့က ထိုင်း ဒုဝန်ကြီးချုပ်၊ တရားရေးဝန်ကြီး လေတပ်ဗိုလ်ချုပ်ကြီး ပရာချင် ချွန်တောင် နေပြည်တော်ကို လာရောက်ပြီး ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ရေရှည် မူးယစ်ဆေးဝါး နှိမ်နင်းရေး အောင်မြင်ဖို့ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပေါ် မူတည်ပြီး တိုင်းရင်းသား လူနည်းစု အုပ်စုတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အရှိန်အဟုန်မြှင့်တင်ရမယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် မေလ ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အထူးအစည်းအဝေးမှာလည်း စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် မှုများဟာ ပြည်တွင်း/ ပြည်ပ၌ မြင့်တက်လာကြောင်းကို ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ဝန်ခံပြောဆိုခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံသားတွေကို လူညွန့်တုန်းသွားစေပြီး နိုင်ငံပုံရိပ်ကို ထိခိုက်ညှိုးနွမ်းစေသည့် မူးယစ်ဆေးဝါးကို ယတိပြတ် နှိမ်နင်းဖို့ လိုနေပါပြီ။ အဓိက တာဝန်ရှိတာက ပြည်ထဲရေး ဝန်ကြီးဌာနပါပဲ။ တိုင်းရင်းသား လက်နက်ကိုင်ဒေသကို မထိန်းချုပ်နိုင်ပေမယ့် မိမိထိန်းချုပ်နိုင်တဲ့ မြို့ကြီးများကို ဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတွေဆီ မူးယစ်ဆေးဝါးများ ဖြန့်ချိနေနိုင်တာက ပြည်ထဲရေးဝန်ကြီးဌာန အလုပ် သိပ်မလုပ်တာကို သက်သေပြနေပါတယ်။
ဒါ့ကြောင့် သမ္မတသစ် ဦးဝင်းမြင့် နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားထားပြီးဖြစ်တဲ့ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်တဲ့ လက်ကြီးသမား များကို ဦးစားပေး နှိမ်နင်းဖို့၊ ရဲတွေအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို မျက်ကွယ်ပြုနေပါက စံပြအဖြစ် အရေးယူဖို့၊ ပိုင်ရှင်မဲ့နဲ့ ကွင်းဆက်ပျောက်သွားသည့် မူးယစ်ဆေးဝါးများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ အမြန်ဆုံး စတင် အကောင်အထည်ဖော်ပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။