အသွင်ကူးပြောင်းစနိုင်ငံတွေမှာ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးဟာ အားပြိုင်မှုတွေ ရှိကြစမြဲပါ။ အထူးသဖြင့် စစ်အာဏာရှင်စနစ်ကနေ နိုင်ငံရေး အသွင်ကူးပြောင်းတဲ့နိုင်ငံတွေမှာဆိုရင် စစ်တပ်တွေရဲ့ အခန်းကဏ္ဍဟာ နယ်ပယ်စုံမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီး ကြီးထွား ရှင်သန်နေတဲ့အတွက် အာဏာရလာတဲ့ အရပ်သားအစိုးရအတွက် စိန်ခေါ်မှုတွေ ဖြစ်နေတတ်ပါတယ်။ အရပ်သားအစိုးရအနေနဲ့လည်း ဒီစိန်ခေါ်မှုတွေကို ရှောင်လွှဲလို့မရနိုင်ဘဲ ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ နှစ်ဖက်အကြား အားပြိုင်မှုတွေ ဖြစ်လာလေ့ရှိပါတယ်။ တခါတလေမှာတော့ အဲ့ဒီအားပြိုင်မှုတွေကနေ အဖုအထစ်တွေ၊ တင်းမာမှုတွေ၊ ပေါက်ကွဲမှုတွေအထိတောင် ဖြစ်သွားကြတာကို တွေ့ရတတ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းထဲမှာလည်း အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး အားပြိုင်မှုတွေကို တွေ့ရလေ့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အသွင်ကူးပြောင်းမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ ကစားပွဲ ဥပဒေသ(Rule of the Game) ဘောင်ထဲကနေ လှုပ်ရှားနေရတာဖြစ်တဲ့အတွက် အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး အားပြိုင်မှုဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုရဲ့ မွေးရာပါလက္ခဏာ လို့တောင် ပြောနိုင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် တပ်မတော်ဟာ သီးသန့်အာဏာ(Reserved power) တစိတ်တပိုင်းကို ကိုင်ထားနိုင်ပါတယ်။ ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ မွေးထုတ်ပေးလိုက်တဲ့ အစိုးရပုံစံဟာ စပ်ကြားအစိုးရပုံစံ (Hybrid Regime) ပဲ ဖြစ်နေတာကိုတွေ့ရပါတယ်။ တဖက်မှာ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရရှိပြီး တဖက်မှာ သီးသန့်အာဏာ တစိတ်တပိုင်း ကိုင်ထားတဲ့ တပ်မတော် ရှိနေပါတယ်။ အရပ်သားအစိုးရဆိုရင်လည်း အရပ်သားအစိုးရချည်း အလုံးစုံ အာဏာကိုင်ခွင့်ရတာ မဟုတ်ဘူး၊ တပ်မတော်ဆိုရင်လည်း တပ်မတော်ကချည်း အလုံးစုံအာဏာ ကိုင်ခွင့်ရတာ မဟုတ်ဘူး။ အဲဒီလို နှစ်ဖက်ကြား အာဏာထိန်းညှိနေတဲ့ စပ်ကြားအစိုးရပုံစံ ဖြစ်နေတဲ့အတွက် နှစ်ဖက်အားပြိုင်မှုက ရှောင်လွှဲဖို့ ခက်လှပါတယ်။ အစိုးရပုံစံရဲ့ သဘောသဘာဝအရကိုက အားပြိုင်မှုက အနည်းနဲ့ အများဆိုသလို ရှိကို ရှိမှာပါပဲ။ အထူးသဖြင့် ဘက်တဖက်ဖက်က သူတို့ရဲ့ အာဏာလက်တံကို ပိုပြီးဆန့်ထုတ်လာရင် အားပြိုင်မှုတွေက ပိုမို ပြင်းထန်လာလေ့ရှိပါတယ်။ ဒါကြောင့်လည်း အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး အားပြိုင်မှုဟာ မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းမှုရဲ့ မွေးရာပါ လက္ခဏာလို့ ဆိုရတာ ဖြစ်ပါတယ်။
သီအိုရီအရဆိုရင်တော့ အဲဒီလိုရှောင်လွှဲမရတဲ့ အားပြိုင်မှုအခြေအနေကနေပြီး အရပ်ဖက် အစိုးရဘက်က အားကောင်းလာတဲ့အခါမှာ အရပ်ဖက်အစိုးရအနေနဲ့ စစ်တပ်အပေါ် သြဇာလွှမ်း(Influence)အောင် လုပ်လာနိုင်ပါတယ်။ အဲ့ထက်ပိုပြီး အားကောင်းလာရင်တော့ အရပ်ဖက်အစိုးရအနေနဲ့ စစ်တပ်အပေါ် ထိန်းချုပ်တဲ့ ယန္တရားတွေကို စတင်တပ်ဆင် လည်ပတ်လှုပ်ရှား(Oversight) အောင် လုပ်နိုင်ပါတယ်။ အဲ့ဒီအ ဆင့်ထက် ပိုပြီးအားကောင်းလာရင်တော့ အရပ်ဖက်အစိုးရအနေနဲ့ စစ်တပ်အပေါ် အပြည့်အ၀ ထိန်းချုပ်မှု (Control) တွေ လုပ်လာနိုင်မှာဖြစ်ပါတယ်။ အဲဒီလို အပြည့်အ၀ ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ဒီမိုကရေစီအုုပ်ချုပ်ပုံ ပီပီပြင်ပြင် ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။
အားပြိုင်ကြတဲ့အခါမှာ အရပ်ဖက်အစိုးရ တဘက်တည်းကို ကြည့်လို့မရပါဘူး။ နှစ်ဘက်စလုံး အားပြိုင်မှုတွေ လုပ်ကြစမြဲပါ။ ဒီနေရာမှာ စစ်တပ်ဖက်က အားကောင်းလာရင်တော့ စစ်တပ်ဖက်ကနေ အရပ်ဖက်အစိုးရကို ပြန်ပြီး သြဇာလွှမ်းမိုးမှု (Influence) တွေ လုပ်ပါတယ်။ ပိုအားကောင်းလာရင်တော့ စစ်တပ်အနေနဲ့ အရပ်ဖက်အစိုးရကို ခြိမ်းခြောက်မှုတွေ (Blackmail) လုပ်လာလေ့ရှိပါတယ်။ ခြိမ်းခြောက်မှုတွေ လုပ်တဲ့အဆင့်ထက် ပိုလာရင်တော့ စစ်တပ်အနေနဲ့ ကိုယ်မကြိုက်တဲ့ အစိုးရကို ဖြုတ်ချပြီး ကိုယ်ကြိုက်တဲ့အစိုးရကို အာဏာအပ်တာမျိုးတွေ (Displacement) လုပ်လာတတ်ပါတယ်။ စစ်တပ်ရဲ့ အားအကောင်းဆုံးအဆင့်ကတော့ စစ်အာဏာသိမ်းတဲ့အဆင့် (Supplantment) ပါပဲ ။ (စစ်တပ်တွေရဲ့ အင်အားကြီးထွားလာပုံအဆင့်ဆင့်ကတော့ E. A. Finer ရဲ့ သီအိုရီကို ယူပါတယ်။ E. A. Finer’s The Man on the Horseback ကို ကြည့်ပါ)။ အရပ်ဖက် အစိုးရနဲ့ စစ်တပ်အကြားက အားပြိုင်မှုအပေါ် အခြေခံပြီး အင်အားကြီးထွားလာပုံ အဆင့်ဆင့်ကို ပုံမှာ ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးအနေအထားကတော့ အားပြိုင်မှုအဆင့်မှာ ရှိပါတယ်။ အားပြိုင်မှုအဆင့်ရဲ့ သဘောသဘာဝအရ ရံဖန်ရံခါမှာ အရပ်ဖက်အစိုးရဘက်က သြဇာလွှမ်းမိုးနိုင်တဲ့ အနေအထား ဖြစ်သွားတာရှိသလို တခါတရံမှာတော့ စစ်တပ်ဖက်ကနေ သြဇာလွှမ်းမိုးနိုင်တဲ့ အနေအထားမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ သြဇာလွှမ်းမိုးနိုင်မှုအနေအထားကို ရေရှည်မထိန်းနိုင်ဘဲ အားပြိုင်မှု ဆုံမှတ်ဆီကို ပြန်ရောက်သွားလေ့ ရှိပါတယ်။ ဒါကို အားပြိုင်နေတဲ့ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး(Contested civil-military relations) လို့ ဆိုကြပါတယ်။
တလောက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ ဆုံတဲ့အခါမှာ တပ်မတော်ဟာ အရပ်သားအစိုးရရဲ့အောက်မှာ ရှိနေပါတယ်လို့ အကြိမ်ပေါင်းများစွာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီအတွက်လည်း တချို့ကတော့ တပ်မတော်အနေနဲ့ အရပ်ဘက်ထိန်းချုပ်မှုကို စတင်လက်ခံနေပြီလို့ ဆိုကြပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ အရပ်ဖက်အစိုးရရဲ့ ထိန်းချုပ်မှုကို အသိအမှတ်ပြုတာဟာ ကောင်းတဲ့အချက်ပါပဲ။ ဒါပေမယ့် ဒီလိုအသိအမှတ်ပြုတယ် ဆိုရုံနဲ့တော့ တပ်မတော်ဟာ အရပ်ဖက်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ အလျင်စလို ကောက်ချက်ချလို့ မရနိုင်ပါဘူး။
အထူးသဖြင့် အထက်မှာပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စပ်ကြားအစိုးရပုံစံကို စနစ်တကျနဲ့ ပုံဖော်ထားတာဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အရပ်ဖက်ထိန်းချုပ်မှု အပြည့်အဝဖြစ်ထွန်းဖို့က မဖြစ်နိုင်ပါဘူး။ ဒါဟာ အဆောက်အအုံအရကို ဘောင်ခတ်ထားပြီးသားပါ။ ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဖြစ်နိုင်ခြေရှိတာကတော့ အရပ်ဖက်-စစ်ဖက်ပူးပေါင်းမှုနဲ့ အရပ်ဖက်-စစ်ဖက်အားပြိုင်မှုပဲ ဖြစ်နိုင်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေရဲ့ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးပုံစံဖြစ်တဲ့ စစ်တပ်အပေါ် အရပ်ဖက်က ထိန်းချုပ်မှုက ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပေးထားချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဒီမိုကရေစီစနစ်ကို ရည်ရွယ်ချီတက်မယ်ဆိုရင် ဒီပေးထားချက်ကနေ ဒီမိုကရေစီ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ လိုပါတယ်။ ဒါဟာ လက်ရှိအရပ်သား အစိုးရအတွက် နိုင်ငံရေးအရ အကြီးမားဆုံးသော စိန်ခေါ်မှုတခုလည်း ဖြစ်နေပါတယ်။ ဒီစိန်ခေါ်မှုကို နိုင်ငံရေးအရ ဘယ်လို ကျော်လွှားမလဲဆိုတာက အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ပြောလေ့ရှိကြတာကတော့ အသွင်ကူးပြောင်းတဲ့နိုင်ငံတွေမှာ နိုင်ငံရေးအစိုးရတရပ်အနေနဲ့ နိုင်ငံရေးအရှိတရား (Political reality) အခြေခံပေါ်မှာ သူတို့ယုံကြည်တဲ့ နိုင်ငံရေးတန်ဖိုး (Political value) ကို အရင်းတည်ပြီး သူတို့ရဲ့ နိုင်ငံရေးစွမ်းရည် (Political capacity)၊ ပြည်သူလူထုက သူတို့ကို အပ်နှင်းထားတဲ့ နိုင်ငံရေးအရင်း (Political capital) ကို အသုံးပြုကာ ကိုယ်ချီတက်ချင်တဲ့ နိုင်ငံရေးပန်းတိုင် (Political goal)ကို ချီတက်လေ့ရှိတယ်လို့ ဆိုကြပါတယ်။
အရပ်ဖက်အစိုးရအနေနဲ့လည်း လက်ကျန်သက်တမ်းအတွင်းမှာ အားပြိုင်နေတဲ့ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး အနေအထားကို ဒီမိုကရေစီ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး လမ်းကြောင်းပေါ် ရောက်လာအောင် ပြောင်းသွားနိုင်မလား၊ ဒါမှမဟုတ် အားပြိုင်မှုတွေကို လျှော့ချဖို့ သက်သက် အရပ်ဖက်-စစ်ဖက် ပေါင်းသွားမလားဆိုတာကို စာရေးသူအနေနဲ့ အတော်လေး စိတ်ဝင်စားမိပါတယ်။
(ကိုရဲသည် ပြည်တွင်း သုတေသနအဖွဲ့အစည်းတခုဖြစ်သော တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်)