ငွေဖောင်းပွမှုကပေးတဲ့ ဒဏ်ရာတွေ

ကျော်ဆုမွန်
ငွေဖောင်းပွမှုကပေးတဲ့ ဒဏ်ရာတွေ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ငွေဖောင်းပွမှုဆိုတာဘာလဲ။ ဒီစကားလုံးကို ကျမစီးပွားရေးသတင်းတွေအကြောင်း စိတ်ဝင်စားကတည်းက ကြားခဲ့ရပါတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့ တာသွားမှု ဘယ်လောက်ရှိလဲ တခါမှမလေ့လာကြည့်မိခဲ့ဘူး။ နေ့စဉ်ဘဝတွေမှာ ဘယ်လောက်ထိ အရေးပါနေလဲ သိပ်မတွေးမိဘူး။

စီးပွားရေးသတင်းတွေမှာ အမြဲပါတဲ့ ကိန်းဂဏန်းတွေကို ကျမက တော်တော်စိတ်ရှုပ်ထွေးစွာ ဖတ်ခဲ့ရတယ်။ ဒါပေမယ့် ဒီကိန်း ဂဏန်းတွေဟာ တိုင်းပြည်တခုအတွက် ဘယ်လောက်အရေးပါတဲ့ အခန်းကဏ္ဍက ပါနေတယ်ဆိုတာသိတဲ့အချိန်ကျ ကြောက်ဖို့ ကောင်းတယ်ဆိုပြီး အမြင်ပြောင်းလဲလာမိတယ်။

စီးပွားရေးဆောင်းပါး တပုဒ်ရေးရင် ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ မှန်ကန်ဖို့ သိပ်အရေးကြီးတယ်။ ဒါပေမယ့် ပြွတ်သိပ်ထည့်တဲ့ အခါကျရင်လည်း လူတွေက စိတ်မဝင်စားတော့ဘူး။ မပါလို့ကလည်းမဖြစ်တော့၊ လူတွေစိတ်ဝင်စား လာအောင် ဘယ်လိုအချက်တွေက အရေးပါလဲ တွေးမိပါတယ်။

ကျမတို့ ရိုးရိုးလေးပဲ စတွေးကြည့်ကြရအောင်ပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်၊ ၂၀၀၃ ခုနှစ်မှာ ကျမဝင်ငွေလစဉ်ပုံမှန်ရတဲ့ အလုပ်ကို စလုပ်ပါတယ်။ တလကို ကျပ် ၁၅၀၀၀ ရပါတယ်။ ထမင်းတနပ်ကို ငွေ ၂၀၀ ကျပ်၊ ဘတ်စ်ကားခ အသွား၂၀ ကျပ်၊ အပြန် ၂၀ ကျပ် ပေးရပါတယ်။ တလကို ၅၀၀၀ ကျပ်လောက် အိမ်ကို ပြန်ပေးနိုင်ပါတယ်။ အဲဒီအချိန်က ရွှေတကျပ်သား (၁၅ ပဲရည်ကို) ကျပ် နှစ်သိန်းစွန်းစပဲရှိပါတယ်။

တလကို ငွေ ၅၀၀၀ ကျပ်လောက်နဲ့ လောက်ငအောင် သုံးနိုင်တဲ့အပြင် ကျောင်းကျူရှင် စရိတ်တောင် သွင်းနိုင် ပါသေးတယ်။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ငွေ ၂၀၀ ကျပ် မကုန်တဲ့အချိန်ပါ။ လက်ဖက်ရည်တခွက်ကို ကျပ် ၅၀ အောက်သာ ပေးရတဲ့ကာလပေါ့။ ဒါပေမယ့် ၂၀၀၃ ခုနှစ်ဟာ အင်မတန် ခိုင်မာတဲ့ အာရှဓနဘဏ်လို ဘဏ်ကြီးမျိုး ပြိုလဲပြီး ဘဏ်တွေ တော်တော်ဒေဝါလီခံကြတဲ့ အချိန်ကာလ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုရဲ့ အစပိုင်းလို့ ပြောလို့်ရပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှုတွေရဲ့ အကျိုးဆက်ကို စခံရတဲ့အချိန်ဖြစ်လို့ စီးပွားရေး ကမောက်ကမဖြစ်မှုတွေ အခြေပြုတဲ့ကာလပေါ့။ မခိုင်မြဲတဲ့ စီးပွားရေးပေါ်လစီတွေနဲ့ လက်သင့်ရာစားစနစ်တွေကအစပြုလာတဲ့ ကာလတွေပါ။ ကျမတို့ စီးပွားရေး ဆောင်းပါးတွေရေးတိုင်း၊ စီးပွားရေးပညာရှင်တွေနဲ့ တွေ့ဆုံတိုင်း ၂၀၀၃ ခုနှစ် အကြပ်အတည်းကို အမြဲထည့်ပြောလေ့ ရှိပါတယ်။ တကယ်လည်း ပြည်သူတွေ အခက်အခဲတွေ့ခဲ့ရတဲ့ နှစ်တွေကိုး။

တဖြည်းဖြည်းနဲ့ လစာဝင်ငွေတိုးလာသလို ကုန်ကျစရိတ်တွေက မြန်မာပြည်မယ် ဒီရေအလား တိုးတက် လာလိုက်တာ၊ ၂၀၀၇ ခုနှစ်ရောက်တော့ FEC လို့ခေါ်တဲ့ အမေရိကန်ဒေါ်လာအစား ပေးတဲ့ငွေကို ရရှိလာပါတယ်။ အခွန်ဝင်ငွေကလည်း လစဉ် ၁၀ ရာခိုင်နှုန်းဆောင်ရပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာမှာဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြောင့် အမေရိကန်ဒေါ်လာဈေးက မြန်မာငွေ ၁၄၀၀ ကျပ်အထိတက်သွားတဲ့အချိန်မှာ လစာဝင်ငွေဟာ အတော်တိုးတက်လာသလို၊ ကုန်ဈေးနှုန်းတွေကလည်း တက်လာလိုက်တာ၊ ထမင်းတနပ်ကို ၁၅၀၀-၂၀၀၀ ကျပ်အထိဖြစ်လာပါတယ်။ ဘတ်စ်ကားခတွေလည်း တိုးတက်လာလိုက်တာ၊ ၂၀၀-၃၀၀ ကျပ်တွေအထိဖြစ်၊ ကြားကားဆိုတာကတော့ ပိုဆိုးတော့တာပေါ့။

၂၀၀၈ ခုနှစ်ကျတော့ ဆိုင်ကလုန်းနာဂစ် တိုက်လိုက်တာ၊ မြန်မာနိုင်ငံထဲကို အလှူငွေဒေါ်လာတွေ ဝင်လာတာရယ်၊ အမေရိကန်ပြည်မှာလည်း စီးပွားရေးကျဆင်းပြီး ဒေါ်လာတန်ဖိုး ကျလာတဲ့ အကျိုးဆက်တွေကြောင့် မြန်မာငွေတန်ဖိုးက တက်လာလိုက်တာ တဒေါ်လာကို ကျပ် ၆၅၀ အထိတောင် ဖြစ်သွားတဲ့အနေအထားပါ။ အဲဒီအချိန်မှာ ဘယ်လောက်ပဲ လစာတိုးတိုး၊ ဒေါ်လာတန်ဖိုး ကျလာတာကြောင့် လက်ထဲဝင်ငွေတိုးလာတယ်ကို မရှိခဲ့ပါဘူး။

ကုန်ဈေးနှုန်းတွေရဲ့ တိုးတက်လျင်မြန်မှုကလည်း လိုက်လို့မမီနိုင်နဲ့၊ လက်လုပ်လက်စား ဝင်ငွေနည်းလူတန်းစား တွေရဲ့ အခက်အခဲက တော်တော်ဆိုးပါတယ်။ မုန်တိုင်းကြောင့် ၂၀၀၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ ရန်ကုန်မြို့ပေါ်ကို ရွှေ့ပြောင်းရောက်ရှိလာတဲ့ လူဦးရေကလည်း တရိပ်ရိပ်တိုးလာလိုက်တာ၊ ခုဆိုရင် လူဦးရေတိုးပွားမှုနှုန်းကို မမှန်းရဲလောက်အောင်ပါပဲ။

၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်၊ အစိုးရပြောင်းတဲ့အချိန်ကို ကျော်ကြည့်လိုက်ပါမယ်။ ဦးသိန်းစိန်အစိုးရဟာ မြန်မာကျပ်ငွေ တန်ဖိုးကို သင့်တော်တဲ့ ငွေလဲလှယ်မှုစနစ်တစ်ခုမှာ ထားဖို့ အလေးပေးဆောင်ရွက်ဖို့ စီစဉ်ပုံရပါတယ်။ ၂၀၁၁ ခုနှစ်မတိုင်ခင် အထိ အစိုးရကသတ်မှတ်ထားတဲ့ ငွေလဲလှယ်နှုန်းတွေကို ဈေးကွက်နှုန်းအတိုင်းဖြစ်ဖို့ စီစဉ်ခဲ့ပါတယ်။

နာဂစ် မုန်တိုင်းကြောင့် တဒေါ်လာကို ကျပ် ၆၅၀ လောက်ကနေ ပြန်ဆွဲတင်ဖို့အတွက် စီစဉ်ခဲ့တာ ကျမမှတ်မိသလောက်ဆိုရင် ၂၀၁၁ ကနေ ၂၀၁၅ လောက်အထိ တဒေါ်လာကို ကျပ် ၁၀၀၀ နဲ့ ၁၁၀၀ ကျပ် ဝန်းကျင်မှာ ထားထားတာ မှတ်မိပါတယ်။ ကားပေါ်လစီတွေပြောင်းပြီး လူတွေငွေကိုသုံးလာအောင် လုပ်ထားတဲ့ စနစ်ကြောင့် မြို့ပြတွေမှာ မော်တော်ကားတွေ ပိုများလာတာက ခေါင်းကိုက်စရာပေမယ့် ကျပ်သိန်းထောင်ချီနေတဲ့ ဈေးကွက်ပျက်ထဲက ကားတွေကို သိန်းရာချီစွန်းနှုန်းတွေနဲ့ ဝယ်လို့ရအောင် လုပ်ပေးတာကတော့ သိသာတဲ့ အပြောင်းအလဲတခုပါ။

ဒါပေမယ့် ၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်အထိ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ငွေကြေး ဖောင်းပွမှုတွေ တော်တော် တက်လာတယ်လို့ ပြောလို့ရပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ဦးသိန်းစိန် အစိုးရရဲ့ စီးပွားရေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုတွေ ရပ်သွားတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းက ဆိုခဲ့ကြပါတယ်။ ငွေကြေးဖောင်းပွမှုက ဂဏန်းနှစ်လုံး (၁၂ ရာခိုင်နှုန်း) လောက်အထိ ရောက်တယ်လို့ဆိုပါတယ်။

ငွေကြေးဖောင်းပွလာတာကတော့ သိသာလာပါတယ်။ ကိန်းဂဏန်းအကြီးတွေနဲ့ မပြောလိုတော့ပါဘူး။ မိမိနေ့စဉ် လူနေမှု ဘဝတွေက ကုန်ကျနေတဲ့စရိတ်တွေကိုပဲကြည့်ပါ။ အိမ်ရှင်မတွေ နေ့စဉ်ဝယ်ယူနေရတဲ့ ဆန်၊ဆီဈေးနှုန်းတွေ မြင့်တက်လာတာ၊ တသောင်းကျပ်တန်ဆိုတဲ့ ငွေပမာဏဟာ လောက်လောက်ငှငှ သုံးလို့မရနိုင်တော့တာ။ ဥပမာ ငွေတသောင်းကျပ်တန် ကိုင်သွားလို့၊ ၂၀၁၄-၁၅ ခုနှစ်လောက်ကစပြီး အကောင်းစား ဆန်တပြည် ၂၀၀၀ ကျော်လာတာ၊ သား၊ ငါး၊ ကြက်သွန်၊ ငရုတ်၊ ပဲကအစ မြင့်တက်လာတာဟာ၊ လက်ထဲမယ် ငွေ ၅၀၀၀ ကျပ်လောက်မရှိရင် ထမင်းဆိုင် သွားမထိုင်ရဲလောက်တဲ့အထိ ဖြစ်လာပါတယ်။ ဒါဟာ ကိုယ့်လက်ထဲမှာရှိတဲ့ မြန်မာငွေကြေးတန်ဖိုး လျော့ကျလာတာပါပဲ။

ပြန်ဆက်ရရင် ခုချိန်မှာ ကျမလုပ်သက် ၁၅ နှစ်ကြာသွားချိန်မှာ လစာကလည်း အဆ တော်တော်များများ ကွာအောင် ရှာဖွေနိုင်လာပါတယ်။ သို့သော် ကျမ အရင်လို လောက်လောက်ငှငှ သုံးဖို့ အတော်လေးကို ရုန်းကန်နေရတဲ့အနေအထားမှာ ဖြစ်နေတာကို ပြန်သုံးသပ်မိပါတယ်။ လူနေမှုအဆင့်အတန်းလိုက် သုံးစွဲရမယ့် ပမာဏတွေ မြင့်တက်လာပါတယ်။ ငွေကို ပိုသုံးရတာထက်၊ ဖောင်းပွနေတဲ့ ငွေကြေးကြောင့် လက်ထဲက ကျပ်ငွေတန်ဖိုးဟာ လျော့လျော့လာသလိုခံစားရပါတယ်။

ခုချိန်မှာ ဆန်တပြည်ဈေးနှုန်း ၃၀၀၀ ကျပ် ကျော်လာသလို၊ ရွှေတကျပ်သားဈေးနှုန်းကလည်း ကျပ် ၉ သိန်းနဲ့ အထက်မှာ ရှိနေပါတယ်။ အိမ်စားရိတ် တနေ့ကို ကျပ်တသောင်းမှ မသုံးရင် စိုစိုပြေပြေမဖြစ်တော့ပါဘူး။ ၂၀၀၃ ခုနှစ်က ငွေ နှစ်သိန်းကျပ် ဆိုရင် ရွှေတကျပ်သား ဝယ်နိုင်တဲ့အချိန်ကနေ ခုအချိန် ငွေ နှစ်သိန်းကျပ်ဆိုတာ ဆန် ၂၄ ပြည် တစ်အိတ်၊ ဆီ နှစ်ပိဿာလောက်နဲ့ တခြား ထွေလီကာလီလေးတွေ ဝယ်ကာမျှနဲ့ ကုန်မယ့်အချိန်ဖြစ်နေပါတယ်။

ဒါဟာ ပုံမှန်ဝင်ငွေရှိနေတဲ့ သူတဦးက သုံးတဲ့ငွေပမာဏပါ။ ဒါဆို တနေ့ကို ၄၈၀၀ ကျပ်ပဲရတဲ့ အခြေခံ ဝင်ငွေပဲ ရတဲ့ လူတန်းစားတွေ ဘယ်လိုရပ်တည်နေကြပါ့မလဲ။ အစိုးရဝန်ထမ်းတွေ ဘယ်လို ရပ်တည်ကြရပါ့မလဲ။ ကျမကတော့ လစာ တိုးပေးတယ်ဆိုတာ သတင်းကောင်းပေမယ့် နောက်ဆက်တွဲ မြင့်တက်လာမယ့် ကုန်ဈေးနှုန်းတွေနဲ့ ဒုံရင်းဒုံရင်း ဖြစ်မှာကိုတော့ မလိုလားပါဘူး။ အဓိက မြန်မာကျပ်ငွေတန်ဖိုးကို သင့်တင့် လျောက်ပတ်တဲ့ တန်ဖိုးလေးတခုမှာ ရှိနေစေချင်ပြီးတော့ တန်ဖိုးရှိရှိလေး သုံးနိုင်အောင် လုပ်ပေးစေချင် ပါတယ်။ ဆေးမြီးတိုထက် ဝေဒနာအရှင်းပျောက်မယ့် ဆေးကိုရှာပေးစေချင်ပါတယ်။

အနီးစပ်ဆုံးဥပမာ တခုဆိုရင် ကျမတို့ အိမ်နီးချင်းနိုင်ငံ တခုဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြချင်ပါတယ်။ တိကျသေချာတဲ့ အသေးစိတ် ကိန်းဂဏန်းထက် ကျမမြင်ခဲ့တာလေးကို နှိုင်းယှဉ်ပြောရရင် ၂၀၀၆ ခုနှစ်က ကျမ ဘန်ကောက် မြို့မှာ သန့်ရှင်းလတ်ဆတ်တဲ့ ထမင်းတနပ်စားရင် ဘတ် ၅၀ ဆိုရင် အသားဟင်းစုံ ကောင်းကောင်းနဲ့ စားလို့ရခဲ့ပြီး ဆယ်နှစ်အကြာ ၂၀၁၆ ခုနှစ်မှာ ထပ်ရောက်တော့လည်း ဘတ် ၅၀ နဲ့ ထမင်းတနပ်စားလို့ရနေခဲ့ပြန်ပါတယ်။ သူတို့မှာလည်း ကန်ဒေါ်လာပေါ် မူတည်ပြီး ဘတ်ငွေအတက် အကျရှိနေပေမယ့် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကို သိသာစွာ မထိစေပါဘူး။ ဒါက ကျမ မြင်ခဲ့ရတာလေးပါ။ ဘာကြောင့် ကျမတို့နိုင်ငံဟာ ကုန်ဈေးနှုန်းကအစ မထိန်းထားနိုင်တာပါလဲ။

အစိုးရအပြောင်းအလဲ တခုမှာ သို့လောသို့လောနဲ့ ၂၀၁၆ ခုနှစ်ကစတင်ပြီး စောင့်ဆိုင်းလိုက်ရတဲ့ စီးပွားရေးပေါ်လစီတွေ ထွက်လာတာ ခုဆို၂ နှစ်ပြည့်ပါပြီ။ သိသာတဲ့ မြန်မာကျပ်ငွေ တန်ဖိုးဟာ လျော့ကျလာလိုက်တာ တဒေါ်လာကို ၁၁၀၀ ကျပ်ကနေ ခုဆို ၁၃၅၀ ကျပ်ဝန်းကျင်မှာ ကျောက်ချထိုင်နေတာဟာ နှစ်ချီသွားပါပြီ။ ဒီနှစ်မှာ ငွေကြေးဖောင်းပွမှုက ၅.၈၇ ရာခိုင်နှုန်းလို့ဆိုပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ မြန်မာ့စီးပွားရေးဦးမော့လာမယ့် အလားအလာတွေလို့ ရီပို့မျိုးစုံ ထုတ်ပြီးလည်း အားပေး ပြောဆိုမှုတွေ ပြုလုပ်နေပါပြီ။ မကြာသေးခင်ကပဲ အစိုးရအဖွဲ့ထဲက မကြာခဏ မြန်မာ့ စီးပွားရေးနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုနေတဲ့ ဝန်ကြီးတဦးကိုလည်း အလဲအလှယ် ပြုလိုက်ပါပြီ။ နောက်လာမယ့် ၂ နှစ်ကိုလည်း ပြည်သူတွေ စိတ်အေးချမ်းသာစွာ နေထိုင်ကြဖို့ အသက် ၈၀ အရွယ် ဝန်ကြီးအသစ်က ကတိပြုပြောဆိုပြန်ပါတယ်။ အသက်အရွယ်ကြောင့် ပြည်သူ့တာဝန် ထမ်းမယ့်သူကို ပြည်သူတဦး အနေနဲ့ အားနာရပေမယ့် အလုပ်ပိုလုပ်ဖို့လိုနေတာကိုလည်း ပြောချင်ပြန်ပါတယ်။

ကျမတို့ခုဆို နိုင်ငံသားတဦးပေးဆောင်ရမယ့် အခွန်တွေကိုလည်း ပုံမှန်ပေးဆောင်နေပါတယ်။ တိုင်းပြည်အတွက် ဖွံဖြိုးမှု လုပ်ငန်းတွေ ၏ကိုလည်း လုပ်ဆောင်နေကြပါတယ်။ အစိုးရကလည်း ငွေဖောင်းပွမှုတွေက ပေးမယ့် ဝေဒနာတွေကို သေချာ ကုစားပေးစေချင်ပါတယ်။ အသက်ရွယ် ကြီးရင့်နေကြပြီဖြစ်တဲ့ ဝန်ကြီးအဖွဲ့ကို အားနာရပေမယ့် မကြာခင်မှာ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading