လွန်ခဲ့တဲ့ ၂ နှစ်ကျော် NLD အစိုးရအဖွဲ့ အာဏာရစဉ်ကတည်းက ယန္တရားဟောင်းနဲ့ အစိုးရအဖွဲ့သစ် လို့ ပြောခဲ့ဖူးပါ တယ်။
သမ္မတအစ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် ထိပ်ဆုံးဝန်ကြီး အားလုံးပါဝင်တဲ့ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်း လိုက်တာကလည်း လူထုက ရွေးချယ်တင်မြှောက်ခြင်းမရှိတဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ထဲက လူထု မရွေးချယ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ထည့်သွင်းပြီး စစ်တပ်တပိုင်း အစိုးရအဖြစ်နဲ့ ဖွဲ့စည်းထားတာ ကြောင့် ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ အစိုးရ မဟုတ်ခဲ့ဘူး၊ အောက်ခြေ ယန္တရားကလည်း ယခင် စစ်အစိုးရ ခေတ်ကတည်းက ဦးသိန်းစိန် အစိုးရအထိ၊ နောက် NLD အစိုးရအထိ ပါဝင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ယန္တရား ဟောင်းတွေပဲဖြစ်နေ တယ်။
ဒုတိယ ကမ္ဘာစစ် လက်ကျန် ချက်ပလက် ကားဟောင်းကြီးတွေကို မြန်မာ့လက်ရာ သစ်သားဘော်ဒီနဲ့ ဆေးသုတ်ပြီး ဒရိုင်ဘာအသစ်က မောင်းနေရသလိုပါပဲ။
ဒါကြောင့်ပဲ ယနေ့အထိ NLD အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေကို ရေရေရာရာ ထိထိရောက်ရောက် ဘာမှမလုပ်နိုင် ခဲ့သလို ပြည်တွင်း ငြိမ်းချမ်းရေး ကိုလည်း ၂ နှစ်ကျော်တဲ့အထိ မတည်ဆောက်နိုင် သေးတာပါပဲ။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးဖို့ကို အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ မထိုးနိုင်သေးတာကလည်း ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေသလို စစ်ပွဲတွေ ဖြစ်နေတာကလည်း ပြည်တွင်းစစ် မရပ်သေးဘူးဆိုတာ သက်သေပြနေတာပါ။
၁၉၅၀ ခုနှစ်ကလို မိုင်းဗုံးထောင်၊ တံတားတွေချိုး စတဲ့အဖြစ်မျိုးတွေ ယခုလည်း အရှေ့မြောက်ပိုင်းမှာ ကြုံတွေ့နေရ တာက ငြိမ်းချမ်းရေး ဝေးနေဆဲဖြစ်တယ် ဆိုတာကို သတိချပ်စေချင်ပါတယ်။
ဒီမိုကရေစီဆိုတာလည်း နာမည်ခံပဲရှိပြီး ဝေလာဝေးနေဆဲပါပဲ။
လူထုဆန္ဒပြပွဲတွေ၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်တွေဟာ ယခင်ကအတိုင်းပဲ၊ ငြိမ်းစုစီ ဥပဒေကို ပြင်လိုက်သလို ယခုလည်း ထပ်ပြင်ဖို့ ကြိုးစားနေတာဖြစ်ပေမယ့်၊ စစ်အစိုးရခေတ်က စွမ်းအားရှင်တွေ၊ ဦးသိန်းစိန် အစိုးရခေတ်က လက်ပတ်နီတွေ ဆိုတဲ့ ကြေးစားလူမိုက် လူရမ်းကားတွေလား၊ တာဝန်ရှိသူတွေကို အရပ်ဝတ် ဝတ်ခိုင်းပြီး ဆန္ဒပြသူ တွေ ကို ရိုက်နှက် ရမ်းကားခိုင်းတာလားတော့ မသိ။ ယခုအထိ လူရမ်းကားတွေဟာ လက်ရဲဇက်ရဲနဲ့ ကျင့်သုံးနေဆဲ ပါပဲ။
မေလ ၁၂ ရက် နေ့ညနေက ရန်ကုန် တာမွေမှာ စစ်ပွဲတွေ ရပ်ဖို့ ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ပြုလုပ်ပါတယ်။ အဲဒီ တုန်းက ကျနော်လည်း ဆရာ ဒဂုန်တာရာ ၉၉ နှစ်ပြည့် မွေးနေ့အခမ်းအနား ရှမ်းပြည်မှာ ကျင်းပလို့ တက်ရောက် နေဆဲပါ။
အဲဒီ ဆန္ဒပြပွဲကို ရဲနဲ့ အရပ်ဝတ်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တယ်လို့ သိရပါတယ်။ သတင်းထောက် တဦးက “ဒီလို လုပ်ရပ်ဟာ ဒီမိုကရေစီ ကျရဲ့လား” လို့ ကျနော့် သဘောထားကို မေးပါတယ်။
အဲဒီတုန်းကတော့ ခပ်ရှင်းရှင်းပဲ ပြန်ဖြေလိုက်ပါတယ်။
“လူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရတရပ်ရဲ့ လက်အောက်မှာ လူထုကို ရိုက်နှက်တာ၊ လွတ်လပ်စွာ ဆန္ဒ ပြ တာ၊ သဘောထား တင်ပြတာတွေကို ပိတ်ပင်တာဟာ လုံးဝ ဒီမိုကရေစီ မကျဘူး၊ ရိုက်နှက်ပြီး လူစုခွဲတယ် ဆိုရင် ဒါဟာ ဖက်ဆစ်လုပ်ရပ်ဖြစ်တယ်။ အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်၊ ဒီလိုလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပါတယ်။ ဒီမိုကရေစီ နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်မှန်သမျှကို လက်မခံနိုင်ပါဘူး”လို့ ဖြေခဲ့ဖူးပါတယ်။

အခုတော့ အဲဒီ မေလ ၁၂ ရက်နေ့က ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်း ခံရတာက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ မဟုတ် ဘဲ ငြိမ်းချမ်းရေးပွဲ ဖြစ်နေတော့ ငြိမ်းချမ်းရေးပွဲကိုတောင် အကြမ်းဖက် ဖြိုခွဲ ခံနေရပြီလားလို့ စိတ်မကောင်း ဖြစ်မိပါ တယ်။
ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး မေလ ၁၅ ရက်နေ့က နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။
အဲဒီမှာ ကျတော့ ရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက “တာမွေကိစ္စမှာ အရပ်သားတွေ အသုံးပြုခွင့်၊ အသုံးပြုမှုမရှိဘူး၊ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေဆိုင်ရာ ဥပဒေ ပုဒ်မ-၄မှာ ငြိမ်းချမ်းစွာ စုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုတဲ့ နိုင်ငံသားသို့မဟုတ် အဖွဲ့ အစည်း များက မိမိ သဘောထားကို ဖော်ပြလိုပါက သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ရုံးဌာနသို့ အနည်းဆုံး ၄၈ နာရီ ကြို တင် ပြီးတော့ စာနဲ့ပေးပို့ တင်ပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတယ်ဆိုတဲ့ အခြေအနေ တွေကြောင့် ပိတ်မိနေတဲ့ပြည်သူတွေ လွတ်မြောက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြို့နယ်အသီးသီးမှာ ဆန္ဒ ထုတ်ဖော်မှု တွေ၊ စိတန်းလှည့်လည်မှုတွေ ဆောင်ရွက်တဲ့ နေရာမှာ ဥပဒေနဲ့အညီ အသိပေးတင်ပြမှု မရှိတဲ့အတွက် ဖြစ်ပါတယ်” လို့ ပြောဆိုသွား ပါတယ်။
အဲဒီတော့ အသိပေးတင်ပြမှု မရှိဘဲနဲ့ ဆန္ဒပြခြင်းကို လူစုခွဲသလို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄ (၁) အရ ဖမ်းဆီး ခြင်း၊ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ အရ အမှုဖွင့် အရေးယူခြင်းတို့ကိုလည်း ရဲစခန်းက ဆောင်ရွက်ပါတယ်။ အဲဒီ တော့ ဥပဒေနဲ့ အညီပဲ ဆောင်ရွက်ခဲ့ပြီးတော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီပဲ အဲဒီအခြေအနေတွေ ဖြစ်ကြောင်း ဖြေကြား လိုပါတယ်။
အဲဒီ အရပ်ဝတ်နဲ့သူတွေ ဘယ်သူတွေလဲ ဆိုတာ စုံစမ်းပြီးတော့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားပါမယ်။ တန်ပြန် ဆန္ဒပြ တဲ့ သူတွေကိုလည်း ဥပဒေနဲ့အညီ စိစစ် ဆောင်ရွက်လျက် ရှိပါတယ်လို့လည်း ရှင်းလင်း ဖြေကြားခဲ့ပေမယ့် သတင်း သမား တွေ၊ ပြည်သူတွေက ရိုက်ထားတဲ့ ပုံတွေထဲမှာ အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ သူတွေရဲ့ ပုံတွေကတော့ အင်တာနက်မှာ ပျံ့နှံ့နေပြီ။
ဒါတွေကို ရဲချုပ် ဘယ်လိုရှင်းပေးမလဲ၊ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ငြင်းနေဦးမှာလား၊ ဒါ့အပြင် Reuters သတင်းထောက် ၂ ယောက်အမှုမှာ ထောင်ချောက်ဆင် ဖမ်းဆီးတာ မဟုတ်ဘူးလို့ အခိုင်အမာ ထပ်ပြောပြန်ပါတယ်။
ရဲမှူးချုပ် တင်ကိုကို ကလည်း ဦးမိုးရန်နိုင်ကို ခိုင်းစေခြင်း မရှိပါဘူး လို့ တာဝန်ခံပြီး ရှင်းလင်းသွားခဲ့တယ်။
အဲဒီတော့ Reuters သတင်းထောက် ၂ ယောက်ရဲ့ အမှုမှာ ရဲက ထောက်ချောက်ဆင် ဖမ်းဆီးတာ မဟုတ်ဘူး ဆိုတဲ့ ရဲချုပ်ရဲ့ ရှင်းလင်းချက်၊ စစ်ပွဲတွေ ရပ်ဖို့ ငြိမ်းချမ်းရေး ဆန္ဒပြပွဲကို ဖြိုခွဲရာမှာ အရပ်ဝတ်တွေ လုံးဝ အသုံးမပြုဘူး ဆိုတဲ့ အာမခံချက်၊ အဲဒါတွေကို ကြားရတော့ Reuters သတင်းထောက် ၂ ယောက် စအဖမ်းခံရတုန်းက NLD ပါတီရဲ့ သဘာ ပတိ အဖွဲ့၊ CEC ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ထောင်ချောက်ဆင် ဖမ်းတာမျိုးဖြစ်နိုင်တယ် ဆိုတဲ့ သုံးသပ်ချက်ကို ပြန်လည် သတိရမိသလို မေလ ၁၆ ရက်နေ့က မြန်မာတိုင်းမ် နေ့စဉ်နဲ့ NLD သဘာပတိ အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကတော့ သူ့အမြင် တင်ပြလိုက်ပါတယ်။
ဒါပေမယ့် လူထုအမြင်နဲ့ အများကြီး တူညီပြီး ဒီမိုကရေစီ ဟန့်တားမှုကို ဆန့်ကျင်တဲ့အမြင် ဖြစ်နေပါတယ်။ ဦးဉာဏ်ဝင်း ရဲ့ အမြင်ကတော့ –

“အဲဒီနေ့ဖြစ်စဉ်မှာ အရပ်ဝတ်နဲ့ ဝင်ရောက်ဖမ်းဆီး ထိုးကြိတ်တာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ရဲချုပ်က ငြင်းဆိုထား တယ်၊ ဒီဖြစ်စဉ်အပေါ်သုံးသပ်ရရင် တဖက်ကလည်း အစိုးရ၊ တဖက်ကလည်း ပြည်သူလူထု၊ ပြည်သူလူထုကလည်း သူမြင်တဲ့ဟာကို ဂျာနယ်တွေက ရေးတာပဲလေ၊ အဲဒါကို ကိုယ့်ဘက်က ကိုယ်ခိုင်လုံအောင်တော့ လုပ်ထားပါ။ ဒီဟာက တကယ်တော့ ရဲကလည်း သေသေချာချာလေ့လာပြီးတော့ ဖြေတာလား၊ ဒီဟာကို ရှောင်လွှဲဖို့ဖြေတာလား၊ အဲဒါတွေ က ရှိသေးတယ်။ ကျနော်ကတော့ အသေးစိတ် အကြောင်းအရာတွေကို မသိတော့ ကျနော် ထင်မြင်ချက်တော့ မပေး ပါဘူး။ ဒီဖြစ်စဉ်မှာ ပြည်သူလူထု ပြောတဲ့အတိုင်း မှန်ရင်တော့ ကျနော်တို့ တိုင်းပြည်အတွက် ကျနော်တို့ ဒီမိုကရေစီ ရေး အတွက် အရမ်းကို စိတ်ပျက်စရာကောင်းတဲ့ အဖြစ်အပျက်ပဲ” လို့ ပြောဆိုချက်ဟာ ဆင်ခြင်သုံးသပ်ဖို့ အလွန် ကောင်း ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ အာဏာရပါတီကြီးရဲ့ ထိပ်ပိုင်းခေါင်းဆောင် တယောက်ရဲ့ သုံးသပ်ချက်ဖြစ်လို့ ပါပဲ။
၂၀၁၅ ခုနှစ် မတ်လဆန်းပိုင်းကလည်း ရန်ကုန် မြို့တော် ခန်းမရှေ့မှာ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ဆန္ဒပြ ကျောင်းသားတွေကို ထောက်ခံတဲ့ သူတွေကို တာဝန် စာလုံးပါ လက်ပတ်နီဝတ် အရပ်သားတွေက အတင်း အဓမ္မ ဝင်ရောက် ဆွဲလားရမ်းလား ပြုလုပ်တဲ့ အကြမ်းဖက် ဖြိုခွဲမှု ဖြစ်ပွား ခဲ့ပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒရိုင်ဘာအသစ်နဲ့ ကားဟောင်း ကားစုတ်ကြီးကတော့ အိပဲ့အိပဲ့ သွားနေခဲ့တာ အခုဆို ၂ နှစ်ကျော် ၃နှစ်ထဲကို ရောက်လာပြီ။
အစိုးရအဖွဲ့တခုရဲ့ ယန္တရားဟောင်းကြီးကို ပြည်သူက ယုံယုံကြည်ကြည် တင်မြှောက်လိုက်တဲ့ နိုင်ငံရေးပါတီကြီး တခု က ဆက်လက် ကျင့်သုံးတာဟာ မှန်သလား၊ မှားသလား၊ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား ဆိုတာ သုံးသပ်ဖို့ လိုလာ ပါပြီ။
တက်လာတဲ့ ပြည်သူ တခဲနက် မဲဆန္ဒပေးပြီး တင်မြှောက်လိုက်တဲ့ ပါတီ၊ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ ယခု အထိ ပြည်တွင်းငြိမ်းချမ်းရေးကို ထိထိရောက်ရောက် မတည်ဆောက်နိုင်သေးသလို ဒီမိုကရေစီရေးကတော့ ဝေလာ ဝေး ပါပဲ။
ဒါပေမယ့် သမ္မတ ဦးထင်ကျော် အနားယူပြီး တက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကတော့ လုပ်ပြနိုင်လိမ့်မယ်လို့ ပြည်သူက ကောင်းချီး ပေးလာတာကိုတွေ့ရတယ်။ တရားဥပဒေ စိုးမိုးရေးကို တည်ငြိမ်အောင် လုပ်လာစပြုပြီလို့ ပြောရမယ်။
ငါးကြီးကြီး ကြော်ဖို့ လုပ်ရပ်တွေကို ဦးဝင်းမြင့် အတော်လေး အပင်ပန်းခံ လုပ်ရလိမ့်ဦးမယ် ထင်တယ်။ ဘယ်ဌာန မဆို လာဘ်ပေးမှ လုပ်ငန်းအောင်မြင်တာကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စုံစမ်းကြည့်ရင်၊ သာမန် ပြည်သူတယောက်လို ထဲထဲဝင်ဝင် လည်ပတ်ကြည့်ရင် သိလာနိုင်ပါတယ်။
အရေးကြီးတာက အစိုးရအဖွဲ့မှာ အကွဲအပြားမရှိ၊ သမ္မတရဲ့ အမိန့်ညွှန်ကြားချက်ကို ဝန်ကြီးဌာန အားလုံး၊ အစိုးရအဖွဲ့ လက်အောက်မှာရှိတဲ့ Institution အားလုံးက နာခံဆောင်ရွက်မှသာ ပြည်သူရဲ့ ရွေးချယ်ခွင့် အမှန်အကန်ဖြစ်ပါလိမ့် မယ်။
ဆိုလိုတာက တပ်မတော်၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ဒေသ ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီး စတဲ့ ဌာန အားလုံးဟာလည်း သမ္မတ အဆုံးအဖြတ်ကို နာခံရမယ်၊ ကာကွယ်ရေး ဦးစီးချုပ်ကလည်း သမ္မတ သဘော ထား ကို လက်ခံရမယ်။
လွှတ်တော်ထဲက ပြည်သူမရွေးချယ်တဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားပစ်ရမယ်၊ အဲဒီလို ဖြစ်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်း ပစ်ရပါမယ်။
သမ္မတဟာ နိုင်ငံတော်ရဲ့ ဦးသျှောင်စစ်စစ်ဖြစ်လာရင် ငြိမ်းချမ်းရေးလည်း ရလာမှာဖြစ်သလို၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးလည်း ဖြစ်လာနိုင်ပါတယ်။ ဒီမိုကရေစီ အလင်းရောင်ကလည်း မြန်မာတနိုင်ငံလုံးကို လွှမ်းမိုးသွားမှာ ဖြစ်ပါတယ်။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။