အဟောင်းကို ဖက်တွယ်ထားသူများ၊ ခေတ်ကို အလစ်မပေးနဲ့

ထက်မြက်
၂၀၁၆ ခုနှစ် အမျိုးသား စာပေဆု အတွက် ကဗျာဆု ရသွားတဲ့ ကဗျာဆရာ ကိုရွေး ရဲ့ ရန်ကုန်ကို အလစ်မပေးနဲ့ ဒေလီယာ ကဗျာ စာအုပ်
Want create site? Find Free WordPress Themes and plugins.

ယခင်နှစ်က ပြုလုပ်ခဲ့တဲ့ အမျိုးသားစာပေဆုမှာ ထူးထူးခြားခြား ရှိတယ်လို့ ပြောရမှာကတော့ အမျိုးသား စာပေဆု သမိုင်းမှာ ကဗျာဆု ပြောင်းလဲသွားတာပါပဲ။

ခေတ်ပေါ်ကဗျာလို့ မြန်မာဘာသာ ပြန်ဆိုထားတဲ့ မော်ဒန်ကဗျာကို ကဗျာဆုသမိုင်းမှာ ပထမဆုံး မော်ဒန်ကဗျာ အမျိုးသား စာပေဆု ရရှိသွားတာပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ဖြစ်ပါတယ်။

ကဗျာဆရာ ကိုရွေးရဲ့ “ရန်ကုန်ကို အလစ်မပေးနဲ့ ဒေလီယာ”ဆိုတဲ့ ကဗျာစာအုပ်ပါ။

တော်တော် ခက်ခက်ခဲခဲဖြတ်သန်းပြီးမှ စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ နှစ်ပေါင်း ၅၀ ကြာ စာပေအနုပညာ အမှောင် တိုက်ကြီး အောက်မှာ ခက်ခက်ခဲခဲ ရုန်းကန် ရေးသားခဲ့ရတဲ့ ခေတ်ပေါ်ကဗျာတွေရဲ့ မှတ်တိုင်လို့ ပြောလို့ရသလို အောင်ပွဲ လို့လည်း ပြောချင် ပြောလို့ရပါတယ်။

စစ်အစိုးရခေတ် တလျှောက်လုံး ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင် တားမြစ်ခဲ့တဲ့ ကာလမှာ၊ ခေတ်ပေါ်ကဗျာ တွေ ကိုလည်း ကြပ်ကြပ်မတ်မတ် ပိတ်ပင်ထားတဲ့ ကာလမှာ လူငယ်ကဗျာ ဆရာတွေ ခေတ်ရဲ့ တောင်းဆိုချက် အတိုင်း ခေတ်ပေါ် ကဗျာတွေကို ရေးဖွဲ့ခဲ့ကြပါတယ်။

ကဗျာပုံသဏ္ဍာန်ထက် ကဗျာ အကြောင်းအရာကို အလေးထားတဲ့ ခေတ်ပေါ်ကဗျာမှာ လူငယ် ကဗျာဆရာတွေဟာ ခေတ်ပြိုင် ခံစားမှုကို ဦးထိပ်ပန်ကာ အကြောင်းအရာ Content ကို အခရာထားပြီး ကဗျာသစ်ကို ဖန်တီးခဲ့ကြတာပါ။

ကာရန် နဘေတွေ၊ ဘုန်းတော်ဘွဲ့တွေ၊ ရာသီဘွဲ့တွေ လွှမ်းမိုးခဲ့တဲ့ မြန်မာကဗျာဟာ ခေတ်ဟောင်းမှာ နေရစ်ခဲ့ကြပြီ။

ယနေ့ အွန်လိုင်းပေါ်မှာ ရေးတဲ့ ကဗျာတွေပဲဖြစ်ဖြစ်၊ ပုံနှိပ် စာမျက်နှာပေါ် ရေးတဲ့ ကဗျာတွေပဲဖြစ်ဖြစ် အများတကာ့ အများစု တနည်း ယနေ့ခေတ် လူငယ်ကဗျာဆရာ အားလုံးဟာ ခေတ်ပေါ်ကဗျာကို ရေးသားလာကြတယ်။

မိုးဝေကဗျာလို့ ကဗျာခေတ် တခေတ်မှာ နေရာယူခဲ့တဲ့ ခေတ်ပေါ်ကဗျာဟာ ယခုဆိုရင် မြန်မာကဗျာလို့ သတ်မှတ်လို့ ရလာပြီ။ မိမိတို့သဘောနဲ့ ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ခေတ်ရေစီးကြောင်းနဲ့အညီ ခေတ်ပေါ်ကဗျာ ဟာ မြန်မာကဗျာကို ကိုယ်စားပြုလိုက်ပြီဆိုတာ ဘယ်လိုမှ ငြင်းလို့ မရတော့ဘူး။

ဂန္ထဝင်ကို စိတ်ကူးယဉ်နေဆဲ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ ရတု၊ ရကန်နဲ့ ဒွေးချို၊ လေးချိုး အဟောင်းကို ဖက်တွယ် ထားချင်တဲ့သူတွေကတော့ မချိတင်ကဲ ရင်ကွဲမတတ် ဆန့်ကျင်နေပေမယ့်လည်း ကဗျာခေတ်ကို လုံးဝ လွှမ်းမိုးသွားတဲ့ ခေတ်ပေါ်ကဗျာဆိုတဲ့ အဲဒီရေစီးကြောင်းကြီး တိုက်စားသွားခဲ့၊ လွှမ်းမိုးသွားခဲ့တာဟာ ကျနော်တို့ဆန္ဒနဲ့ ကင်းလွတ်ချင် ကင်းလွတ်မှာဖြစ်ပေမယ့် စာပေရေစီးကြောင်း၊ သမိုင်းရဲ့အမှန်တရားကိုတော့ ငြင်းကွယ်လို့ မရတော့ ပါဘူး။

ဒါကို သဘောပေါက်ရင် မတားနိုင်တော့တဲ့ လှိုင်းလုံးကြီးကို ဝါးမြိုခံပြီး အတင်းတားဆီးနေစရာ မလိုတော့ဘူး။ အဲဒီ ရေစီးကြောင်း၊ အဲဒီလှိုင်းနဲ့အတူ စာပေသစ်၊ ကဗျာသစ်၊ အနာဂတ်ကို ညီညီညွတ်ညွတ် တည်ဆောက်နိုင်ဖို့ပဲ ရှိပါ တော့တယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်သွားပါတယ်။ NLD အစိုးရ အာဏာ ရလာတာနဲ့ အတူ လူထုနဲ့ နီးစပ်တဲ့ စာပေ ယဉ်ကျေးမှု အသစ်တွေကို ဖန်တီးဖို့လည်း ကြိုးစားခဲ့တယ်။

ဒီအခါမှာ ခေတ်ပေါ်ကဗျာကို အမျိုးသား စာပေဆု ရွေးချယ်ရေးထဲ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယခင်က ခေတ် ပေါ် ကဗျာကို ကဗျာမဟုတ်ဘူးလို့ သတ်မှတ်တဲ့ နှစ်ပေါင်း ၅၀ ကျော် ကာလဟာလည်း ယခင်နှစ်က ပြီးဆုံးသွားခဲ့ တယ်။

ဒါပေမယ့် ဂန္ထဝင်ကဗျာကို ကဗျာမဟုတ်ဘူးလို့ မသတ်မှတ်ပါဘူး။ ၂၀၁၇ အမျိုးသားစာပေဆု ရွေးချယ်ရေး ကော်မတီ က ကဗျာဆု ရွေးချယ်တဲ့အခါ ခေတ်ပေါ်ကဗျာကိုလည်း ထည့်သွင်း ရွေးချယ် ရမယ်။ ကာရန်တို့၊ လေးလုံစပ် တို့ စတဲ့ ရိုးရာ ကဗျာတွေကိုလည်း ဆုရွေးချယ်ရေးမှာ ထည့်သွင်း စဉ်းစားရမယ်လို့ ဆုံးဖြတ်လိုက် တာပဲ။

ဂန္ထဝင်ကို ပယ်ပြီး ခေတ်ပေါ်ကို ရွေးလိုက်တာ မဟုတ်ဘူးဆိုတာ နားလည်ရမယ်။ ခေါက်ရိုးကျိုးနေတဲ့ စစ်အာဏာရှင် ခေတ်က ပိတ်ပင် ထားမှုတွေကို ဖက်တွယ်ထားတဲ့ သူတွေကတော့ မော်ဒန်ကဗျာဆိုတာ ကဗျာမဟုတ်ဆိုတဲ့ မျက်စိ မှိတ် ငြင်းပယ်တာမျိုးကို လက်မခံတော့ပဲ ဒီကနေ့ ကဗျာဆရာ အားလုံးလိုလို လူငယ် ကဗျာဆရာတွေ ရေးဖွဲ့နေတဲ့ ခေတ်ပေါ် ကဗျာဟာ “လူမှန်နေရာမှန်” ရောက်လာပြီလို့ ဆိုကြရလိမ့်မယ်။

ဒါပေမယ့် အစဉ်အလာ သမားတွေ၊ ခေတ်ပေါ်ကဗျာကို သဘော မပေါက်သေးသူတွေ၊ မြန်မာကဗျာရဲ့ ဖြစ်ပေါ် တိုးတက် မှု ရေစီးကြောင်းကို နားမလည်သူတွေကတော့ ခေတ်ပေါ်ကဗျာ ဖြစ်တည်လာမှုကို လက်ခံကြပေမယ့် ဂန္ထဝင်ကဗျာရဲ့ ဖြစ်တည်မှုကိုလည်း ဖက်တွယ် ထားဆဲဖြစ်တာကြောင့် ၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ လွတ်လပ်တဲ့ စာပေညီလာခံမှာ အမျိုးသားစာပေဆု ကဗျာဆုကို ဆုနှစ်ဆုပေးမလား၊ တဆုတည်း ပေးမလား ဆိုတာကို ဆန္ဒ တောင်းခံတဲ့ အခါ ဆုနှစ်ဆု ပေးသင့်တယ်ဆိုတဲ့ အဖြေကို ရရှိတယ်။

ဒါကလည်း တက်ရောက်လာတဲ့ စာပေပညာရှင်၊ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ သဘောထားပါပဲ။ မိမိတို့ ဆန္ဒကို လွတ်လပ်စွာ သဘောထားပြုကြတာပဲ၊ စစ်အစိုးရ ခေတ်ကလို ချပေးလိုက်တဲ့ အဆိုလမ်းကြောင်း အတိုင်း ခေါင်းညိတ် ကြတာ မဟုတ်ပါဘူး။ ဒါဟာကောင်းတဲ့ လက္ခဏာပါပဲ။ ဒါပေမယ့် စာပေညီလာခံ ဆိုတာကိုတော့ နားလည်သဘော ပေါက်ဖို့ လိုပါလိမ့်မယ်။

၂၀၁၇ စာပေ ညီလာခံဟာ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ စာပေလောက သားတွေ အားလုံးကို ကိုယ်စားပြုတဲ့ စာပေညီလာခံကြီး တခုတော့ မဟုတ်ပါဘူး။

စာပေ အဖွဲ့အစည်းကြီး ၁၁ ဖွဲ့ စုစည်းတိုင်ပင်ပြီး လွတ်လပ်တဲ့ ညီလာခံကြီးတခု ကျင်းပမယ်လို့ တညီတညွတ်တည်း တိုင်ပင်ပြီး လွတ်လပ်သော စာပေ၊ လွတ်လပ်သော အသံ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတာပါပဲ။

ထူးခြားတာကတော့ ၁၉၆၂ ခုနှစ်က စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီး စောမြင့်က ကမကထ လုပ်ခဲ့ဖူး တယ်။ အခုက အစိုးရ ကမကထ လုပ်ပြီး ကျင်းပတဲ့ စာပေညီလာခံ မဟုတ်ဘူး။ အစိုးရက ငွေကြေး အထောက်အပံ့ တပြားသားမှလည်း မပေးပါဘူး။

ကျင်းပရေး ကော်မတီက အတတ်နိုင်ဆုံး အလှူခံပြီး ညီလာခံကျင်းပမယ် ဆိုတဲ့ ရည်ရွယ်ချက် ရှိပေမယ့် ကျင်းပရေး ကော်မတီက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တင်ပြအကူအညီ တောင်းရာက ဦးဖြိုးမင်းသိန်းက စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ အလှူခံပြီး ရန်ပုံငွေ ရှာပေးလိုက်တာပါပဲ။

ကုန်ကျစရိတ် ကျပ် သိန်း ၁၅၀၀ လောက် ခန့်မှန်းခဲ့ပါတယ်။ တကယ်ရတာက ကျပ် သိန်းပေါင်း ၂၄၀၀ တောင် ရတယ် လို့ ကော်မတီက ကြေညာခဲ့တယ်။

အစိုးရ ကမကထလုပ်တဲ့ စာပေညီလာခံ မဟုတ်သလို သဘောတူညီချက်၊ တင်ပြချက်တွေကို သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေ ကိုတင်ပို့ပြီး ဝန်ကြီးဌာနတွေက အစိုးရတို့ လွှတ်တော်တို့ကို သင့်တော်သလို တင်ပြမယ် ဆိုတဲ့ သဘော တူညီချက်ပဲ ရှိတာပါ။

၂၀၁၆ ခုနှစ် အတွက် အမျိုးသား စာပေဆု ချီးမြှင့်ပွဲ

စာပေအဖွဲ့ ၁၁ ဖွဲ့ဆိုတာကလည်း စာရေးဆရာအားလုံးကို ကိုယ်စားပြုတယ်လို့ မဆိုပါဘူး။ အဲဒီအဖွဲ့တွေမှာ မပါတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေလည်း ရှိတာပဲ။ ဒါကြောင့် တင်ပြတဲ့ ဆုံးဖြတ်ချက်တွေဟာ စာရေးဆရာ၊ ကဗျာဆရာ အားလုံး ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုတာ သံသယကင်းကင်းနဲ့ ယုံကြည်ဖို့လိုတယ်။ ကိုယ်လိုရာဆွဲ၊ ကိုယ်အသုံးချ ချင်တဲ့ ဟာကို တဖက်သတ် အမြင်ကျဉ်းကျဉ်းနဲ့ အကောက်အယူ မလွဲဖို့လည်း လိုပါတယ်။

အဲဒီ စာပေညီလာခံမှာ အမျိုးသားစာပေဆု ကဗျာဆု ကို တဆုပဲ ပေးသင့်သလား။ နှစ်ဆု ပေးသင့်သလား ဆိုတာ ညီလာခံ တက်လာတဲ့ သူတွေကို ဆန္ဒကောက်ယူတဲ့ အခါ နှစ်ဆု ပေးသင့်တယ်လို့ ထွက်လာတယ်။ ဒါကို ငါတို့တော့ အောင်ပြီ၊ အနိုင်ရပြီလို့ ခံယူထားသလားတော့ မသိဘူး။

တချို့ကဗျာဆရာတွေဆိုရင် နှစ်စဉ်လိုလို ကဗျာဆုရကြတယ်။ တချို့ဆို ၇ ဆု၊ ၉ ဆုတောင် ရတယ်လို့ သိရတယ်။ ကဗျာဟာ ကာရံပါရမယ်။ ရှေးရိုး အစဉ်အလာ ကဗျာတွေချည်း ဖြစ်တော့ သူတို့ချည်း ရကြတာပေါ့။ ကဗျာဟာ တမျိုးတည်းဖြစ်လို့ တဆုတည်းပေးခဲ့ကြတယ်။ အပြင်ကရော အတွင်းကရော တောင်းဆို ကန့်ကွက်မှုမရှိခဲ့ကြဘူး။ တောင်းဆို ကန့်ကွက်လို့လည်း မရဘူး၊ တသွေး၊ တသံ၊ တမိန့်ဆိုတော့ ကဗျာနှစ်ဆုပေးပါလို့ တင်ခွင့်မရခဲ့ကြဘူးပေါ့။

အဲဒီတုန်းက ခေတ်ပေါ် ကဗျာဆိုတာ ယူဂျီလုပ်ငန်း တခုလိုပဲ။ ကဗျာစာအုပ် ထုတ်ရတဲ့ အခါမှာလည်း ခက်ခက်ခဲခဲ၊ ခိုးကြောင်ခိုးဝှက် ထုတ်ရသလို ရေးရတာလည်း လွတ်လွတ်လပ်လပ် မရှိခဲ့ပါဘူး။

ခေတ်မီပါတယ် ဆိုတဲ့ ကဗျာဆရာကြီးတွေ ကိုယ်တိုင်တော့ ကဗျာမှာ ကာရန် ရှိရမယ်။ ကာရန်ပါမှ ကဗျာဖြစ်မယ်လို့ အစွဲကြီးကြီးနဲ့ ကောက်ချက်ချထားတော့ လူငယ် ကဗျာဆရာတွေ အတွက် ခက်ခဲခဲ့ကြတယ်။ ကာရန်ကို မကြိုက်ပေ မယ့် အတင်းကြိုက်ကြရတယ်။ အတင်းမကြိုက်နိုင်တော့ ခိုးကြောင်ခိုးဝှက် ရေးကြရတယ်။

ဒီကနေ့ အရောင်းလည်း သွက်၊ လူလည်းကြိုက်တဲ့ ခေတ်ပေါ် ကဗျာစာအုပ်တွေ ဘယ်လောက် ဈေးကွက်မှာ ကျယ်ပြန့်ပြီး ရောင်းအားကောင်းနေသလဲ ဆိုတာ လေ့လာကြည့်ကြပါ။ ဂန္ထဝင်ကဗျာ၊ ရှေးရိုး ကဗျာစာအုပ်တွေ တနှစ် တနှစ် ဘယ်လောက်ထွက်ပြီး လူဘယ်လောက် ဝယ်လဲဆိုတာ လေ့လာကြည့်ကြပါ။ ဒါဟာ ဖြစ်ပေါ် တိုးတက်နေတဲ့ ခေတ် ရေစီးကြောင်းပဲ၊ ငြင်းလို့မရပါဘူး။

မြန်မာကဗျာမှာ ကဗျာတမျိုးပဲ ရှိပါတယ်။ ခေတ်ပေါ်၊ ဂန္ထဝင်ဆိုတာက ရှေးရိုးကဗျာတွေကို ဖတ်တွယ်ထားတဲ့ သူတွေ သတ်မှတ်တာပါ။ မော်ဒန်ကဗျာအဆင့်ကို တိုးတက် ပြောင်းလဲသွားပါပြီ။ အဲဒါကို အခုအချိန်အထိ သီးခြားခွဲထားလို့ မရပါဘူး။

အင်္ဂလိပ်ကဗျာ ဆိုတဲ့ အနောက်တိုင်းကဗျာမှာ ယခင်ကဆိုရင် Epic ကဗျာတွေပါ။ ဇာတ်လမ်းတွေလို အရှည်ကြီး ရေးကြတယ်။ ကဗျာကို ရစ်သန်နဲ့ ရေးခဲ့ကြတာလည်း အခုဆို အတော်အားနည်းသွားပြီး ခေတ် ရေစီးကြောင်းနဲ့အတူ လူငယ် ကဗျာဆရာတွေဟာ အကြောင်းအရာကို အဓိကထား ရေးဖွဲ့လာကြပြီ၊ အင်္ဂလိပ်ကဗျာမှာ နှစ်မျိုးမခွဲထားပါဘူး။

မြန်မာကဗျာကို အရုပ်ဆိုး အကျည်းတန်အောင်၊ နာမည်ပျက်အောင် ခေတ်ပေါ်၊ ဂန္ထဝင် ခွဲခြား မနေကြပါနဲ့။ ခေတ်ပေါ် ပဲဖြစ်ဖြစ်၊ ဂန္တဝင်ပဲ ဖြစ်ဖြစ် ကဗျာကောင်းရင် အသိအမှတ် ပြုရမှာပဲ။
အမျိုးသား စာပေဆု ရွေးချယ်တဲ့အခါမှာ ကဗျာဆု ပေးတဲ့ စည်းမျဉ်းစည်းကမ်းထဲမှာ ယခင် စစ်အစိုးရ ခေတ် တလျှောက် လုံး ကတော့ ပုံသဏ္ဍာန် ဖြစ်တဲ့ အရေးအသား ကာရန်နဘေပါမှ ဆိုတဲ့ စည်းကမ်း ရှိခဲ့ပေမယ့် ယခုတော့ မရှိတော့ဘူး။

ကဗျာဆု ရွေးချယ်ရာမှာ “ပင်ကိုရေးကဗျာ ဖြစ်ရမည်” ဆိုတဲ့ သတ်မှတ်ချက် တခုပဲပါတော့တယ်။ ဂန္ထဝင်မှ၊ ခေတ်ပေါ် မှ ဆိုတဲ့ သတ်မှတ်ချက် မပါတော့ဘူး၊ အဲဒါကို ကဗျာဆု နှစ်ဆု ဘာလို့ ပေးခိုင်းနေကြသလဲ။

ပင်ကို မရေးနိုင်လို့လား။ ဆုရွေးချယ်တဲ့ ကဗျာဆရာ၊ စာရေးဆရာတွေကို မယုံကြည်ကြလို့လား။ မိမိတို့ကိုယ် မိမိတို့ လိပ်ပြာ မလုံကြလို့လား။ ဆုရွေးချယ်တဲ့ သူတွေထဲမှာ ခေတ်ပေါ်ကဗျာဆရာတွေ မပါတာတောင် မိမိကိုယ်ကို သိမ်ငယ် သလိုဖြစ်တယ်။ ဆုရွေးချယ်ရေးအဖွဲ့ကို မယုံကြည်ရာ၊ စော်ကားရာလည်း ကျပါတယ်။

ဆုရွေးချယ်ရေး အဖွဲ့က ခေတ်ပေါ်ကဗျာကို ဆုပေးရမယ်လို့ သတ်မှတ်ထားတာ မရှိဘူး။ ကဗျာတပုဒ် ကောင်း မကောင်း ကို ဆုရွေးချယ်ရေး အဖွဲ့က အလေးထား ဖတ်ရင်း ရွေးချယ်ကြလိမ့်မယ်။

အခုတော့ ဆုရွေးချယ်ရေး ကော်မတီဝင်တွေရဲ့ ဂုဏ်သိက္ခာကိုမှ မထောက်မထား ခေတ်ပေါ်တွေပဲ ရကြမှာပဲ ဆိုတဲ့ အမြင်နဲ့ ကန့်ကွက်ကြ၊ နုတ်ထွက်ကြ၊ ပုတ်ခတ်ကြနဲ့ နှစ်ပေါင်းများစွာ မင်းမူခဲ့၊ လွှမ်းမိုးခဲ့၊ ချုပ်ကိုင် ခဲ့သမျှတွေ အခုမှ လက်လွှတ် ဆုံးရှုံးရပြီ ဆိုပြီး ရင်ထုမနာနဲ့ စာပေညီလာခံ ဆုံးဖြတ်ချက်ကို အတင်းဆွဲလိုဆွဲ၊ အမျိုးသား စာပေဆု ကော်မတီက တဆုပဲ ပေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်လို ဆန့်ကျင်၊ မင်းသားကြီး မလုပ်ရတာနဲ့ ပတ်မကြီး ထိုးဖောက်တဲ့၊ လူကြီးလူကောင်း မဆန်တဲ့၊ ပညာရှင် မဆန်တဲ့ ခပ်ညံ့ညံ့ အတွေးတွေ၊ အပြောတွေနဲ့ ဒီမိုကရေစီ လူ့ဘောင်တခုကို ဘယ်လိုများ ချီတက်ကြမလဲ၊ ဒါပေမယ့် သူတို့ဟာ စစ်အာဏာရှင်စနစ် အောက်မှာ ခေါက်ရိုး ကျိုးခဲ့ တဲ့ သူတွေဖြစ်တော့ ဒီမိုကရေစီ လူ့ဘောင်ကိုလည်း လျှောက်လှမ်း ချင်ကြမယ် မထင်ပါဘူး။ ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading