မြန်မာပြည် သတင်းလွတ်လပ်ခွင့် ကျဆင်းနေသည်

သွေး (စစ်ကိုင်း)
နိုင်ဂျီးရီးယား စာရေးဆရာမ Chimamanda Ngozi Adichie နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်
Want create site? Find Free WordPress Themes and plugins.

ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ အမြင်သဘောထားတွေ ပြောကြားခွင့်ဟာ တော်တော်အရေးကြီး ပါတယ်။ ဒါအပြင် သတင်းထောက်တွေ၊ သတင်းဌာနတွေ၊ သတင်းသမားတွေဟာ နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ သတင်းတွေ၊ ဖြစ်ရပ်တွေ၊ အများပြည်သူ သိသင့်တာတွေကို ရေးသားဖော်ပြဖို့ ကြိုးစားရပါတယ်။ အမှောင်ခေတ်ကို ဖြတ်သန်းခဲ့ရပြီး အရပ်သားအစိုးရတက်လာပြီး နောက်ပိုင်း သတင်းလွတ်လပ်ခွင့် ပိုကောင်းလာဖို့ မျှော်လင့်ခဲ့ကြပေမယ့် ထင်သလို မဟုတ်တာကို တနေ့ထက် တနေ့ ပိုရိပ်စားမိလာကြပါပြီ။

၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့အတူ ပဋိပက္ခတွေဖြစ်ပွားခဲ့ရတာ အားလုံး အသိပါ။ ပဋိပက္ခနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရေးသားခဲ့ကြတဲ့အထဲမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ရတဲ့ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင် ၁၀ ယောက်သတ်ဖြတ်ခံရမှုလည်း ပါဝင်ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ အင်းဒင်ကျေးရွာသုဿန်မှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ရုပ်အလောင်းတွေမြှုပ်နှံထားတာ တွေ့ရှိရတယ်လို့ တပ်မတော်ဘက် က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ပါဝင်ပတ်သက်မှုရှိရင် တရားဥပဒေနဲ့အညီ အရေးယူမယ်လို့ပါ ဖော်ပြခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီသတင်းထုတ်ပြန်ခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မတိုင်မီ ဒီဇင်ဘာ ၁၂ ရက်နေ့ ညမှာ ရိုက်တာ သတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရခိုင်အရေးနဲ့ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ ဖမ်းဆီးတရားစွဲဆိုပြီး အမှုကို စစ်ဆေးနေတုန်း ဖြစ်ပါတယ်။

ဒီနေရာမှာ စဉ်းစားစရာရှိတာက ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ တကယ်ပဲ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်ခဲ့ သလား ဆိုတာပါပဲ။ တရားရုံးမှာ သူတို့နှစ်ယောက်ကိုစစ်ဆေးနေချိန်မှာပဲ ရိုက်တာသတင်းဌာနက အင်းဒင်ရွာသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလထဲမှာ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ဧပြီလထဲမှာ ကျူးလွန်သူတွေကို တပ်မတော်ဘက်က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။ အင်းဒင်သတ်ဖြတ်မှုကို ထုတ်ဖော်ရေးသားသူတွေထဲမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးပါဝင်ပြီး သူတို့ဖမ်းဆီးခံရမှုဟာ အင်းဒင်ဖြစ်စဉ်နဲ့ ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်နေကြတာပါ။

သိပ်မကြာမီက NHK သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဖမ်းဆီးခံနေရတဲ့ သတင်းထောက်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရာမှာ “ရခိုင်အရေးသတင်းယူမှုအတွက် သူတို့ အဖမ်းခံခဲ့ကြရတာ မဟုတ်ပါဘူး၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို သူတို့ချိုးဖောက်ခဲ့တာကြောင့် အဖမ်းခံခဲ့ကြရတာ ပါ၊ သူတို့အပြစ်ရှိတယ်၊ မရှိဘူးဆိုတာကို လောလောဆယ် ကျမတို့ မပြောနိုင်ပါဘူး” လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်ကြောင့် အမှုကို ဘူးလေးရာ ဖရုံဆင့်တော့မလားလို့ စိုးရိမ်ပူပန်မှုများစွာ ထွက်ပေါ်စေခဲ့တာပါ။ အတိုက်အခံဘဝမှာတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို တည်ဆဲဥပဒေတွေ ချိုးဖောက်တယ်လို့ စစ်အစိုးရက စွပ်စွဲပြီး အကျယ်ချုပ်ချထားခဲ့တဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရခေါင်းဆောင်ဖြစ်လာတဲ့ ယခုအချိန်မှာ သတင်းထောက်တွေကို ဥပဒေချိုးဖောက်တယ်လို့ ဖြေကြားတာက မျှတမှု ရှိပါရဲ့လားလို့ သတင်းသမားတွေဘက်က မေးခွန်းထုတ်တာတွေလည်း ရှိလာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရားလိုပြသက်သေအဖြစ် အစစ်ခံတဲ့ ဒုရဲမှူး (ဟောင်း) မိုးရန်နိုင်ကိုယ်တိုင် တရားခွင်မှာ သတင်းထောက်တွေ ထောင်ချောက်ဆင်ဖမ်းဆီးခံရတာ သေချာကြောင်း တရားရုံးမှာ ဝန်ခံထွက်ဆိုချက်ကို မကြားသိသေးတာလား၊ မယုံကြည်တာလား။ ဒုရဲမှူး (ဟောင်း) မိုးရန်နိုင် ကိုယ်တိုင် တရားခွင်မှာ ဝန်ခံထွက်ဆိုချက်အရ သတင်း ထောက် ၂ ယောက်ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်၊ မချိုးဖောက် ဆက်စပ်စဉ်းစားစရာ အများကြီး ဖြစ်ပေါ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေက တအံ့တသြဖြစ်စေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NHK သတင်းဌာနကို ဖြေကြားချက်နဲ့ ပတ်သက်ပြီး ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က စိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါ့အပြင် ဇွန် ၁၁ ရက်နေ့ ရုံးချိန်းမှာသတင်းထောက်နှစ်ယောက်ရဲ့ ရှေ့နေက စစ်ကြောရေးစခန်းမှာ သုံးရက်တိတိ မအိပ်ရဘဲ စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ အခုလို သတင်းသမားတွေအပေါ်မှာ ရာဇဝတ်မှုကျူးလွန်သူတွေလို ဆက်ဆံနေတာ တရားပါရဲ့လားဆိုတာ မေးစရာဖြစ်ရသလို အစိုးရသစ်လက်ထက် ၂ နှစ်ကျော်ကာလအတွင်း သတင်းလွတ်လပ်ခွင့် ကျဆင်းလာတယ်ဆိုတဲ့ ဝေဖန်မှုတွေကိုပါ ထွက်ပေါ်စေခဲ့ပါတယ်။

RSF ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၁၇ ခုနှစ်အတွင်း တရားစွဲခံနေရတဲ့ သတင်းထောက်အယောက် ၂၀ အထိရှိလာတယ်လို့ ဆိုထားတာပါ။ ဒါ့အပြင် အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ “အသံ” အဖွဲ့ကနေ ဇွန် ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုခံထားရတဲ့ အမှုပေါင်း ၁၁၃ မှုထိ ထပ်တိုးလာတာဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်းခြောက်နေကြောင်း သိသာတဲ့ညွှန်းကိန်းဖြစ်နေပြီလို့ ထောက်ပြထားပါတယ်။ NLD အစိုးရမဖြစ်ခင်အခြေအနေဆီ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သတင်းမီဒီယာတော်တော်များများက အများကြီး ပံ့ပိုးပေးခဲ့တာကို မှတ်မိနေပါတယ်။ NLD ပါတီနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတဝှမ်းမဲဆွယ်စည်းရုံးရေး ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ဝေဝေဆာဆာဖော်ပြခဲ့ပါတယ်။

NLD အစိုးရဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတော့ သတင်းသမားတွေဟာ ပိုမိုခြိမ်းခြောက်ခံလာရသလို တရားစွဲမှုတွေလည်း ပိုများလာခဲ့တာပါ။ ၂၀၁၇ ဇွန်လတုန်းက TNLA နယ်မြေမှာပြုလုပ်တဲ့ မူးယစ်ဆေးဝါးဖျက်ဆီးမှုသတင်းကို သွားရောက် သတင်းယူတဲ့ ဧရာဝတီသတင်းဌာန သတင်းထောက် ၁ ယောက်နဲ့ DVB သတင်းဌာနက သတင်းထောက် ၂ ယောက်ကို တပ်မတော်က တရားစွဲခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ သတင်းထောက် ၃ ယောက်ဟာ နှစ်လကျော်ကြာတရားရင်ဆိုင်ခဲ့ရပြီး စက်တင်ဘာလမှာမှ တပ်မတော်ဘက်က အမှုကို ကျေအေးပိတ်သိမ်းပေးခဲ့တာပါ။

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အစိုးရသတင်းစာ “မြန်မာ့အလင်း” နဲ့ “ကြေးမုံ” မှာ သတင်းတင်ဆက်ပုံ၊ ဆောင်းပါးတွေဟာလည်း အရင်အစိုးရလက်ထက်နဲ့ ထူးမခြားနားဖြစ်နေဆဲပါ။ ဒ့ါအပြင် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေရဲ့ ရပ်တည်မှု့ဟာ ပိုခက်ခဲလာသလို တချို့ဂျာနယ်တွေ ထုတ်ဝေမှုရပ်ဆိုင်းခဲ့ရပါတယ်။ ဒီအခြေအနေတွေဟာ အစိုးရသစ်လက်ထက်မှာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် မြင့်မားလာသလား၊ လျော့ကျသွား သလားဆိုတဲ့ မေးခွန်းကိုပေါ်ပေါက်စေခဲ့သလို အစိုးရဘက်က ပုဂ္ဂလိက သတင်းမီဒီယာတွေအပေါ် အားပေးမှုနည်းပါးတယ် ဆိုတာပါ ပေါ်လွင်စေပါတယ်။

ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာကျင့်သုံးနေတဲ့ နိုင်ငံတွေမှာ အစိုးရက သတင်းမီဒီယာတွေအပေါ် အပြုသဘောနဲ့ ဆက်ဆံသလို မီဒီယာတွေဘက်ကလည်း အစိုးရကို ဝေဖန်စရာရှိတာ ဝေဖန်ရေးသားတာ၊ ဖြစ်ပျက်နေတာတွေကို အရှိအတိုင်း ရေးသားတာဟာ အထူးအဆန်းမဟုတ်သလို တရားစွဲဆိုတာ ရှားပါးပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာတော့ သတင်းသမားတွေကို တရားစွဲဆိုရင်တောင် အစိုးရက စွဲသလား၊ ပြည်ထဲရေးက စွဲသလား၊ တပ်မတော်က စွဲသလားလို့ မေးရတဲ့ အနေအထားဖြစ်နေပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်၊ သတင်းကျင့်ဝတ်နဲ့အညီရေးသားခွင့်ကို အာမခံချက်ပေးနိုင်တဲ့ အစိုးရတရပ်ဖြစ်လာ မှသာ ဒီမိုကရေစီအုတ်မြစ် ပိုမိုခိုင်မာလာမှာဖြစ်ပါကြောင်း။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading