ဒီရက်ပိုင်း မကွေးတိုင်း၊ ရခိုင်၊ ဧရာဝတီ နဲ့ မွန်ပြည်နယ်တွေမှာ ရေကြီးရေလျှံတာတွေနဲ့ ပတ်သက်ပြီး မိတ်ဆွေ ဆရာတယောက်က ကမ္ဘာဘဏ်အုပ်စုရဲ့ ၂၀၁၈ ဖေဖေါ်ဝါရီက ထုတ်တဲ့ Myanmar Disaster Risk Management Project မြန်မာနိုင်ငံ ကပ်ဘေးဒုက္ခ အန္တရာယ် စီမံခန့်ခွဲမှု စီမံချက် သဘောတရား အနှစ်ချုပ်ကို ပို့ပေးလာလို့ တတ်သလောက် မှတ်သလောက် ဖတ်ကြည့်ပါတယ်။
အဲဒီမှာ ဘေးဒုက္ခနဲ့ ပတ်သက်ပြီး ပြောထားတဲ့ ခေါင်းစဉ်က Myanmar is one of the most disaster prone countries မြန်မာနိုင်ငံဟာ ကပ်ဘေးဒုက္ခ ကျရောက်နိုင်တဲ့ အလားအလာ အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်တဲ့။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ ရာသီဥတု အန္တရာယ် ညွှန်းကိန်း အရ ကမ္ဘာမှာ ဒုတိယ အန္တရာယ် အမြင့်ဆုံးပါတဲ့။ The Index for Risk Management (INFORM) ဘေးအန္တရာယ် ကျရောက်နိုင်ခြေ စီမံခန့်ခွဲမှု ညွှန်းကိန်း အဆင့် ၉ မှာရှိပါတယ်တဲ့။
ပြီးခဲ့တဲ့ ၂၅ နှစ်မှာ သဘာဝဘေးအန္တရာယ်၂၄ ကြိမ် ကျရောက်ခဲ့တဲ့အတွက် လူပေါင်း ၄ သန်း ထိခိုက်ခဲ့ပြီး ဒေါ်လာ ၄.၇ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်တဲ့။ ၂၀၀၈ နာဂစ်ကြောင့် လူပေါင်း ၁၄၀,၀၀၀ အသက်ဆုံးရှုံးပြီး ၂၀၀၈ ပြည်တွင်းထုတ်ကုန် အသားတင်တန်ဖိုး GDP ရဲ့ ၂၁ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်တဲ့။ ၂၀၁၅ ရေကြီးရေလျှံမှုကြောင့် GDP ရဲ့ ၃.၁ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်တဲ့။၂၀၁၆ ရေကြီးရေလျှံမှုကြောင့် ထိခိုက်သူ ဦးရေ ၄၀၀,၀၀၀ ရှိခဲ့ပါတယ်တဲ့ ။
ဒီစာတမ်းမှာပဲ ရန်ကုန်မြို့နဲ့ပတ်သက်ပြီး ” Growing Yangon faces growing risks ” ကြီးထွားလာတဲ့ ရန်ကုန်ဟာ ဘေးအန္တရာယ် ကြီးထွားလာတာကို ရင်ဆိုင်နေရတယ် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောထားတာတွေကတော့ မြေငလျင် ဘေးအန္တရာယ်ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောက ရန်ကုန်နားက ဖြတ်သွားပြီး အခြေခံ အဆောက်အဦတွေက လုံခြုံမှု မရှိပါဘူးတဲ့။ ရေကြီးရေလျှံ ဘေးအန္တရာယ်လည်း ရှိတယ်။ ရန်ကုန်လူထုဟာ မိုးတွင်းမှာ ရေကြီးရေလျှံဒဏ်သာမက နောက်ဆက်တွဲတွေလည်း ထိခိုက်ခံနေကြရပါတယ်တဲ့။ ဥပမာ ၂၀၁၄ သွေးလွန်တုတ်ကွေးဒဏ်ခံကြရတာကို ထောက်ပြထားတယ်။
စီးပွားရေးအရ အရေးပါတဲ့ ရန်ကုန်ဟာ GDP ရဲ့ ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး တနိုင်ငံလုံး လူဦးရေ ရဲ့ ၁၄ ရာခိုင်နှုန်း ရှိပါတယ်။ မြိုပြဖြစ်ထွန်းမှုကို ကြည့်ရင် ၂၀၀၀ ကနေ ၂၀၁၀ ကာလအတွင်းမှာ ရန်ကုန်လူဦးရေ တိုးပွားမှုဟာ သူရဲ့ ဧရိယာတိုးချဲ့နှုန်းထက် မြန်ခဲ့ပါတယ်။ တနှစ်ကို လူဦးရေတိုးနှုန်း ၂.၆ ရာခိုင်နှုန်းနဲ့ ၂.၆ သန်းကနေ ၃.၄ သန်းဖြစ်လာတာမို့ လူဦးရေ သိပ်သည်းဆ မြင့်မားလာပါသတဲ့။ မြိုပြဖွံဖြိုးရေးမှာ မြေယာအသုံးချမှု အစီအစဉ် ရှိမနေပါဘူးတဲ့။ အခြေခံ အဆောက်အဦလိုအပ်ချက်နဲ့ ဝန်ဆောင်မှု လိုအပ်ချက်တွေ မပြည့်စုံပါဘူးတဲ့။ စီးပွားရေးဖွံဖြိုးမှုအတွက် အဆင်သင်ြ့ဖစ်အောင် ပြင်ပြင်ဆင်ဆင် လုပ်ထားတာ၊ အလျင်မပြတ်အောင် စီမံတာတွေ လိုပါမယ်တဲ့။
The Index for Risk Management (INFORM) ဘေးအန္တရာယ် ကျရောက်နိုင်ခြေ စီမံခန့်ခွဲမှု ညွုန်းကိန်းကို လေ့လာကြည့်တာ ၂၀၁၈ Risk Index ဘေးအန္တရာယ် ကျရောက်နိုင်ခြေ ညွုန်းကိန်း အရ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်တဲ့အခါ ညွုန်းကိန်း ၆.၄ နဲ့ အမြင့်ဆုံးဆိုတာတွေ့ရပါတယ်။
ဒီညွှန်းကိန်းက ဘာအချက်တွေကို အခြေခံပြီး ပြောတာလဲ ဆက်ကြည့်တော့ အောက်ပါ အချက်တွေ တွေ့ရပါတယ်။
Hazard & Exposure ဘေးအန္တရာယ် အခြေအနေနှင့် ထိစပ် အကာအကွယ်မဲ့မှု ခေါင်းစဉ်အောက်က သဘာဝ ဘေးအန္တရာယ် ညွှန်းကိန်း ၁၀ မှတ်မှာ ၈ မှတ် ရထားပါတယ်။ ရေကြီးရေလျှံ ဘေးအန္တရာယ်ညွှန်းကိန်း ၁၀ မှတ်မှာ ၁၀ မှတ်၊ မြေငလျင် ဘေးအန္တရာယ်ညွှန်းကိန်း ၁၀ မှတ်မှာ ၉.၃ မှတ်၊ ဆူနာမီ ဘေးအန္တရာယ် ညွှန်းကိန်း ၁၀ မှတ်မှာ ၈.၅ မှတ်၊ ဆိုင်ကလုန်း ဘေးအန္တရာယ်ညွှန်းကိန်း ၁၀ မှတ်မှာ ၅.၇ မှတ်၊ မိုးခေါင်ရေရှား ဘေးအန္တရာယ် ညွှန်းကိန်း ၁၀ မှတ်မှာ ၁ မှတ် အသီးသီး ရထားပါတယ်။
လူကြောင့် ဖြစ်တဲ့ ဘေးအန္တရာယ်ညွှန်းကိန်း ၁၀ မှတ်မှာ ၇ မှတ် ရပါတယ်။ လက်ရှိ ုဖြစ်နေတဲ့ ပဋိပက္ခ ညွှန်းကိန်း ၁၀ မှတ်မှာ ၇ မှတ်၊ ပဋိပက္ခဖြစ်နိုင်ချေ ညွှန်းကိန်း ၁၀ မှတ်မှာ ၉.၅ မှတ်ပါ ။ Vulnerability ထိခိုက်နစ်နာဆုံးရှုံးလွယ်မှုကို ကြည့်ရင် လူမှုစီးပွား ထိခိုက်ဆုံးရှုံးလွယ်မှု ညွှန်းကိန်း ၁၀ မှတ်မှာ ၄.၆ မှတ်၊ ဖွံဖြိုးရေး ထိခိုက်ဆုံးရှုံးလွယ်မှု ညွှန်းကိန်း ၁၀ မှတ်မှာ ၆.၁ မှတ်၊ မညီမျှမှု ဖြစ်ပြီး ထိခိုက်ဆုံးရှုံးလွယ်မှု ညွှန်းကိန်း ၁၀ မှတ်မှာ ၅ မှတ်၊ နိုင်ငံတကာထောက်ပံ့မှုကို မှီခိုမှု ညွှန်းကိန်း ၁၀ မှတ်မှာ ၁.၂ မှတ်၊ ထိခိုက်နစ်နာ ဆုံးရှုံးနိုင်ခြေ အများဆုံးအုပ်စု ညွှန်းကိန်း ၁၀ မှတ်မှာ ၆.၃ မှတ်၊ ရပ်တည်ရှင်သန်မှု အခြေအမြစ် ဆုံးရှုံးခဲ့သူများ ထိခိုက်နိုင်ခြေ ညွှန်းကိန်း ၁၀ မှတ်မှာ ၇.၆ မှတ်၊ အခြား ထိခိုက်နစ်နာ ဆုံးရှုံးနိုင်ခြေအများဆုံးအုပ်စု ညွှန်းကိန်း ၁၀မှတ်မှာ ၄.၅ မှတ် အသီးသီး ရရှိတာ တွေ့ရပါတယ်။
Lack of coping capcity ရပ်တည် တုန့်ပြန်နိုင်စွမ်း မရှိမှုကို ကြည့်ရင်လည်း အစိုးရယန္တရားရဲ့ ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ညွှန်းကိန်း ၁၀ မှတ်မှာ ၇.၃ မှတ်၊ ဘေးဒုက္ခ အန္တရာယ် လျှော့ချရန် ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ညွှန်းကိန်း ၁၀ မှတ်မှာ ၇.၁ မှတ်၊ စီမံအုပ်ချုပ်ရေး ဆိုင်ရာ ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ညွုန်းကိန်း ၁၀ မှတ်မှာ ၇.၄ မှတ်၊ အခြေခံ အဆောက်အအုံရဲ့ ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ညွှန်းကိန်း ၁၀ မှတ်မှာ ၅.၃ မှတ်၊ ဆက်သွယ်ဆက်ဆံရေး ကဏ္ဍရဲ့ ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ညွှန်းကိန်း ၁၀ မှတ်မှာ ၅.၁ မှတ်၊ ကျန်းမာရေးအတွက် လက်လှမ်းမှီဖို့ ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ညွုန်းကိန်း ၁၀ မှတ်မှာ ၅.၆ မှတ်၊ ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံရဲ့ ရပ်တည်တုန့်ပြန်နိုင်စွမ်း မရှိမှု ညွှန်းကိန်း ၁၀ မှတ်မှာ ၅.၂ မှတ်စသဖြင့် တွေ့ရပါတယ်။
လက်ရှိကြုံနေမြင်နေရတာတွေနဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ဒီအချက်အလက်တွေအရဆို ကပ်ဘေးဒုက္ခ disaster ၊ ဘေးအန္တရာယ် အခြေအနေ hazard၊ ဘေးအန္တရာယ် ကျရောက်နိုင်ခြေ risk တွေကို သိနေပြီမို့ ရေကြီးလိုက်၊ ထမင်းထုပ်နဲ့ ရေသန့် ဝေလိုက်၊ မျိုးစပါး ဝေလိုက် လုပ်နေတာထက် ပိုလေးနက် ထိရောက်တဲ့ အမြော်အမြင် အစီအမံတွေ မဖြစ်မနေလိုတဲ့ အခြေနေလို့ မြင်ပါတယ်။
အိုင်စတိုင်း ကတော့ “လုပ်မြဲတိုင်းကိုပဲ ထပ် ထပ်လုပ်ပြီး မတူတဲ့ရလဒ် ထွက်လာမယ်လို့ မျှော်လင့်တာဟာ စိတ်ပိုင်းဆိုင်ရာ ရှုးသွပ်ချို့တဲ့ မှုပဲ ” လို့ ဆိုလေရဲ့။ ကိုယ်တွေအဖြစ်က အဲဒီလို ဖြစ်နေပြီလား။
(ဒေါက်တာကျော်သူသည် အရပ်ဘက်အဖွဲ့အစည်းများ စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်နေသော ပေါင်းကူးအဖွဲ့၏ ဒါရိုက်တာဖြစ်သည်။)