မြန်မာလူ့အဖွဲ့အစည်းသည် မြင်ရခက်လှသည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ပျံ့နှံ့မှု ဒဏ်ကို ခံစားနေရသည်။ ထိုသို့ဖြစ်ရခြင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်နေသည့် ပြည်တွင်းစစ်ကြောင့်ဖြစ်ပြီး ယင်းက မြန်မာ့လူ့အဖွဲ့အစည်းကို စိတ်ဒဏ်ရာအဝန်းအဝိုင်းကို ဖြစ်စေခဲ့သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများကိုလည်း (စိတ်ဒဏ်ရာ) ဖြစ်ပွားစေခဲ့ပါသည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး (စိတ်ဒဏ်ရာ) ပြဿနာများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများကဲ့သို့ လွယ်လင့်တကူ မမြင်နိုင်သောကြောင့် စိတ်ဒဏ်ရာဖြစ်နေသည်ကို လွယ်လွယ်ကူကူ သိမနေခြင်းဖြစ်သည်။ သို့သော်လည်း ခံစားနေရမှန်းမသိဘဲ ခံစားနေရသော စိတ်ဒဏ်ရာကြောင့် ရှိနေသောပြဿနာကို ပိုမိုရှုပ်ထွေးသွားစေခြင်းများ၊ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်လာစေပြီး ယင်းသည် လူတဦးချင်းစီကိုသာမက လူ့အဖွဲ့အစည်းတခုလုံးကိုပင် ရိုက်ခတ်လျက်ရှိသည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် လွန်စွာမှပင် အရေးကြီးပါသည်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် လူ့အခွင့်အရေးတို့အကြား ခိုင်မာသော ဆက်စပ်မှုများလည်း ရှိနေသည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် လူတဦးချင်းအတွက် ကောင်းမွန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခြင်း၊ လွတ်လပ်မှုနှင့် ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်သော စွမ်းရည်များကို အထောက်အကူပြုသည်။ လူ့အဖွဲ့အစည်းတခုလုံးအတွက်မူူ စစ်အာဏာရှင်စနစ်နှင့် ပြည်တွင်းစစ်ကြောင့် ပြည်သူများ ခံစားနေရသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများကို ကုစားပေးနိုင်ပြီး အတိတ်၏ ဖိစီးမှုများအောက်မှ လွတ်မြောက်၍ ဘဝကို ရှေ့ဆက်လှမ်းနိုင်စေရန် အထောက်အကူပြုပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းတွင် တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေရသူ တယောက်အနေဖြင့် ကျနော်သည် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ လူ့အခွင့်အရေးချိုးဖောက် ခံစားခဲ့ရသူများနှင့် ထိတွေ့ဆက်ဆံနေရပါသည်။ ၎င်းတို့သည် စိတ်တုန်လှုပ်ခြောက်ခြားခြင်း၊ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာပြဿနာများကို တခုမဟုတ် တခု ခံစားနေရသည်။ ထို့ကြောင့် ကျနော်သည် ထိုအကြောင်းအရာများကို လေ့လာပြီးနောက် “ညှဉ်းပန်းနှိပ်စက်မှုမှ လွတ်မြောက်လာသူများကို နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း” အမည်ရှိ စာအုပ်တအုပ်ကို ဘာသာပြန်ခဲ့သည်။
ထိုစာအုပ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ စစ်ကြောရေးကာလအတွင်းနှင့် ထောင်တွင်းဘဝတွင် ရင်ဆိုင်ရသော အတွေ့အကြုံများ၊ ခံစားနေရသော စိတ်ပိုင်းဆိုင်ရာပြဿနာများကို ၎င်းတို့ မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်သည်၊ နှစ်သိမ့်ဆွေးနွေးပညာပေးသူများက ထိုပြဿနာများကို မည်သို့ ကူညီကိုင်တွယ်ဖြေရှင်းပေးနိုင်သည်တို့ကို ဖေါ်ပြထားသည်။
ထိုနောက် ကျနော်သည် နိုင်ငံများစွာမှ စိတ်ကုဆရာများနှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံမှ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အစီအစဉ်အတွက် စာရေးသူ၏ စိတ်ကူး အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ကနဦးတွင် အလုပ် မတွင်ကျယ်လှပေ။ နောက်ဆုံးတွင် ဂျွန် ဟုပ်ကင်း တက္ကသိုလ် – John Hopkins University (JHU) မှ လူတယောက်နှင့် တွေ့သည်။ ကျနော်၏ စိတ်ကူးအစီအစဉ်ကို သူတို့နှစ်သက်ကြပြီး နည်းပညာပိုင်းအရ ကူညီရန် သဘောတူခဲ့သည်။ ထိုစဉ်က ၂၀၁၀ ခုနှစ်ဖြစ်ပြီး AAPP သည် JHU ၏ အသုံးချ စိတ်ကျန်းမာရေး သုတေသနအဖွဲ့နှင့်အတူ Common Elements Treatment Approach (CETA) ဟုခေါ်သည့် မြန်မာ့အခြေအနေနှင့် ကိုက်ညီသည့် ကုထုံးများအား အခြေခံသော ကုသနည်းကို လုပ်ဆောင်ခွင့်ရခဲ့သည်။
အေအေပီပီ ၏ စိတ်ကျန်းမာရေး အထောက်အကူပြု အစီအစဉ်ကို အရည်အချင်းမှီ ကောင်ဆယ်လာများ (နှစ်သိမ့်ဆွေးးနွေးပညာပေးသူများ) ဖြင့် ၂၀၁၁ ခုနှစ်တွင် ထိုင်းမြန်မာနယ်စပ်မြို့လေးမှ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း၌ စတင်ခဲ့သည်။ အေအေပီပီ၏ စိတ်ကျန်းမာရေး အထောက်အကူပြု အစီအစဉ်မှ ကောင်ဆယ်လာဖြစ်စေရန် သင်တန်းများပေးခြင်း၊ အသားအရောင် လိင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကွဲပြားမှုများကို အခြေမခံဘဲ စိတ်ပိုင်းဆိုင်ရာ ခံစားနေရသူ နိုင်ငံသားတဦးချင်းစီကို နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနှင့် အုပ်စုလိုက် ဆွေးနွေးမှုများပြုလုပ်သည်။
MHAP ၏ လုပ်ငန်းများတွင် စိတ်ကျန်းမာရေး နှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးခြင်း သာမက ဟာကွက်ကို ဖြည့်ဆည်းပေးနေသည်။ စိတ်ဒဏ်ရာခံစားရခြင်း အကြောင်းရင်းကို သိရှိပြီး ၎င်းတို့ခံစားနေရသည့် စိတ်တုန်လှုပ်ခြောက်ချားမှု လက္ခဏာများကို ကုသပေးနိုင်ခဲ့သည်။ MHAP သည် အတိတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ခံစားနေရသော စိတ်ဒဏ်ရာများကို ဖြေဖျောက်စေပြီး ရှေ့ဘဝ ခရီးအတွက် အင်အားပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပါသည်။
အတိတ်၏ ဆိုးရွားမှုများကြောင့် အရပ်သားများအပေါ်တွင် ထိခိုက်ခံစားခဲ့ရသော စိတ်ဒဏ်ရာများနှင့် ပဋိပက္ခကြောင့်ဖြစ်သော စိတ်တုန်လှုပ်ခြောက်ခြားမှုများကို လျှော့ချပေးခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အရေးပါသည် ဟု ကျနော်ယုံကြည်သည်။ အခြားသောနိုင်ငံများတွင် အတိတ်က ဖြစ်ပျက်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပေးလျော်မှု ပျက်ကွက်ခြင်းခဲ့က လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများနှင့် လူ့အခွင့်အရေးဆက်လက်ချိုးဖောက်မှု ဖြစ်စေကြောင်း တွေ့ရသည်။
အေအေပီပီ အနေဖြင့် ထိုသို့သောလုပ်ငန်းမျိုးကို လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံတွင် တနိုင်ငံလုံး လွှမ်းခြုံ၍ အရည်အချင်းမှီသော စိတ်ကျန်းမာရေးစောင့်ရှောက်မှု ရရန်မှာမူ အတားအဆီးများစွာ ရှိနေပါသေးသည်။
ပထမအခက်အခဲမှာ အစိုးရ၏ လုပ်ငန်းသုံး အဆောက်အအုံနှင့် ကိရိယာများ မတိုးတက်ခြင်းနှင့် အရင်းအမြစ် ကင်းမဲ့ခြင်းကြောင့် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ရန် အမြဲလိုလို ရုန်းကန်နေရသည်။ ကျေးလက်ဒေသများတွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှု မရှိဘဲ ရှိလျှင်လည်း အရည်အသွေးမီခြင်း မရှိပေ။
ထိုဝေးကွာလှသော နေရာများမှ ဟာကွက်ကို ဖြည့်နိုင်ရန် MHAP က လုပ်ဆောင်နေသည်။ နှစ်သိမ့်ဆွေးနွေးပညာပေးသူများကို လေ့ကျင့်ပေးသည်။ နှစ်သိမ့်ဆွေးနွေးပညာပေးသူများကို ရပ်ရွာ အသိုင်းအဝန်းအတွင်း အတွေ့ရများသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကုသရန် အသက်မွေးဝမ်းကြောင်းအရ အကောင်းဆုံး နည်းလမ်းများဖြင့် လေ့ကျင့်ပေးသည်။ ရပ်ရွာ အသိုင်းအဝန်းများမှ လူများကို နှစ်သိမ့်ဆွေးနွေး ပညာပေးသူဖြစ်လာအောင် လေ့ကျင့်ပေးသောကြောင့် ဝေးကွာသော ရပ်ရွာအသိုင်းအဝန်းများတွင် နှစ်သိမ့်ဆွေးနွေးပညာပေးသူများကို အမြဲရှိနေစေသည်။ MHAP စိတ်ကုပညာရှင်များနှင့်လည်း လက်တွဲလုပ်ဆောင်ပြီး နှစ်သိမ့်ဆွေးနွေး ပညာပေးသူများကို လေ့ကျင့်ပေးသည်။ လေ့ကျင့်ပေးသည့် ကာလမှာ တိုတောင်းပြီး ပိုမိုများပြားသော ရပ်ရွာအသိုင်းအဝန်းအဖွဲ့ဝင်များသည် နှစ်သိမ့်ဆွေးနွေး ပညာပေးမှု လိုအပ်သူများကို ဝန်ဆောင်မှုပေးနိုင်လာကြသည်။
စိတ်ကျန်းမာရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သော ရင်းမြစ်များ ပံ့ပိုးခြင်းနှင့်အတူ ကျယ်ပြန့်သော စိတ်ကျန်းမာရေးမူဝါဒတခု ဖေါ်ထုတ်ရန် လွန်စွာ လိုအပ်နေသည်။ ထိုကဲ့သို့သော မူဝါဒသည် စိတ်ကျန်းမာရေးပြဿနာများကို ထည့်သွင်းစဉ်းစားပြီး ထိုပြဿနာများကို ဖြေရှင်းရာတွင် ဘက်ပေါင်းစုံမှ ချဉ်းကပ်သော နည်းလမ်းကို သုံးရမည်ဖြစ်သည်။ ထိုနောက် လုံလောက်သော စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းသည် ပဋိပက္ခကြောင့် လူ့အဖွဲ့အစည်းအပေါ်သက်ရောက်မှုကို အသိအမှတ်ပြုရေးနှင့် လူ့အဖွဲ့အစည်းတခုလုံး ခံစားရသည့် စိတ်ဒဏ်ရာ ပျောက်ကင်းမှုဖြစ်စဉ် ပေါ်ပေါက်နိုင်ရေးတို့အတွက် လိုအပ်သော ခြေလှမ်းတခုဖြစ်သည်။
လူတွေကြား စိတ်ပိုင်းဆိုင်ရာပြဿနာ ပညာပေးလှုံ့ဆော်မှုတွေ လုပ်ရန် လိုအပ်ပါသည်။ စိတ်ရောဂါသည် မည်သူ့မှာမှ ဖြစ်မည် မည်သူကတော့ မဖြစ်ဟု ခွဲခြားမှုမျိုး မရှိ။ ယင်းသည် လူတိုင်း ကြုံတွေ့ရနိုင်သည်။ သို့သော် လူအများစုက စိတ်ရောဂါ ခံစားနေရလျှင် ထုတ်ဖော် မပြောကြားလိုကြချေ။ သူတို့ကို စိတ်အားသတ္တိ နည်းသူဟု အများကမြင်မှာကို စိုးရိမ်လေ့ရှိကြသည်။ ထိုစိုးရိမ်စိတ်ကြောင့်ပဲ စိတ်ကျန်းမာရေးပိုင်းဆိုင်ရာ အကူအညီများအား ကိစ္စမျိုးကို မတောင်းခံကြခြင်း ဖြစ်သည်။
ထိုပြဿနာများကို ကိုင်တွယ်နိုင်မည်ဆိုလျှင် လူအခွင့်အရေးအတွက် အကျိုးကျေးဇူးသာမက တာဝန်ယူမှုရှိသော၊ တာဝန်သိသော လူ့အဖွဲ့အစည်းလည်း ဖြစ်လာနိုင်သည်။ တချိန်တည်းတွင် အစိုးရအနေဖြင့် နိုင်ငံတွင်း ကြာရှည်စွာဖြစ်ပျက်နေသည့် စိတ်ဒဏ်ရာများကို ဖြေရှင်းရန် ရေရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် လိုအပ်သည်။
အစိုးရအနေဖြင့် ထိုသို့မဆောင်ရွက်နိုင်မီ အချိန်တွင် MHAP ၏ အစီအစဉ်များသည် လိုအပ်သည့် ကွက်လပ်များကို ဖြည့်ဆည်းခြင်း၊ အလိုအပ်ဆုံးသူများကို ဝန်ဆောင်မှုပေးရင်း ဆယ်စုနှစ်များစွာဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ခံစားနေရသော နိုင်ငံသားများ၏ စိတ်ဒဏ်ရာများကို နှစ်သိမ့်ရေး ကိုင်တွယ်ဖြေရှင်းနေရဦးတော့မည်။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်ပြီး အေအေပီပီ၏ တွဲဘက် အတွင်းရေးမှူးလည်း ဖြစ်သည်။ ယခု ဆောင်းပါးကို The Need for Mental Health Care in Myanmar တွင် အင်္ဂလိပ်ဘာသာဖြင့်လည်း ဖတ်ရှုနိုင်သည်။)