ယုံကြည်မှု အားစမ်းပွဲ

ထက်မြက်
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နိုင်၍ ရန်ကုန် NLD ရုံးချုပ်ရှေ့တွင် အောင်ပွဲခံနေသည့် NLD ထောက်ခံသူများ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပရန် လပိုင်းမျှသာ လိုတော့သည်။ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲသည် နိုင်ငံရေး ပါတီများအဖို့ အားစမ်းပွဲလည်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲကို ယခု ကြားဖြတ် ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမည် ဆိုခြင်းထက် အနီးစပ်ဆုံး ခန့်မှန်း၍ ရပေသည်။

ကြားဖြတ် ရွေးကောက်ပွဲ၏ အနိုင်အရှုံး၊ မဲအချိုးအစားကိုကြည့်ကာ ပြည်သူက လက်ရှိအစိုးရ ကိုယ်စားပြုသော ပါတီ နှင့် ယခင်အစိုးရ ဖွဲ့ခဲ့သော ပါတီ၊ အသစ်ဖွဲ့လိုက်သော ပါတီ၊ တိုင်းရင်းသား ပါတီ စသည် စသည်များကို မည်မျှ အလေးထားပြီး မည်မျှ မျက်ကွယ်ပြုသည် ဆိုသည်ကို ကြားဖြတ် ရွေးကောက်ပွဲတွင် အနည်းနှင့် အများဆို သလို ပေါ်လွင် နိုင်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၂၀၁၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပါဝင်ခြင်း မပြုခဲ့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ခြင်းကြောင့် ရွေးကောက်ပွဲ မဝင်ခြင်းဖြစ်သည်။

ထို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ခဲ့သူများက ပါတီများ ထောင်ကြသည်။ စစ်တပ်ကို ကိုယ်စားပြု သည် ဟု ယူဆသော ပြည်ထာင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) ကို ဆန့်ကျင်သော သူများက လည်း ဝင်ပြိုင်ကြသည်။

NLD ပါတီမှ ခွဲထွက်သော သူများမှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ NLD သင်္ကေတ ခမောက်ကို ယူခဲ့ကြ၍ ပြည်သူက NLD အစွဲနှင့်ရော စစ်အာဏာရှင်နှင့် စစ်အစိုးရကို စက်ဆုတ်မှုများကြောင့် ထိုပါတီငယ် များသည်ပင်လျှင် ဝင်ပြိုင် သရွေ့ နီးပါး အရွေး ခံခဲ့ကြရလေသည်။

သို့သော်လည်း ငွေကြေးအင်အား၊ လူအင်အား၊ အတွေ့ အကြုံ၊ အာဏာပိုင်တို့၏ လူမသိအောင်ရော လူသိအောင် ရော ထောက်ခံ အားပေးမှုတို့ကြောင့် ကြံ့ခိုင်ရေးပါတီ အနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့လေသည်။

၂၀၁၂ ဇန်နဝါရီလ အတွင်းက ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရန် ကိုယ်စားလှယ်လောင်း အဖြစ် စာရင်းတင်သွင်း လိုက်သော ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ယခင်စစ်အစိုးရ လက်ထက်က “ဒီမိုကရေစီ” ဆိုသော ဝေါဟာရကို စက်ဆုတ်ဖွယ်ရာ အသုံးအနှုန်း အဖြစ် ဆန့်ကျင်ခဲ့ သူ များသည် ပါတီများနှင့် ရွေးကောက်ပွဲများ ပေါ်လာသောအခါ ဒီမိုကရေစီ ဆိုသော ဝေါဟာရကို နှုတ်ဖျားက မချဘဲ ဒီမိုကရေစီ သူရဲကောင်းများ ဖြစ်လာကြလေတော့သည်။

လူထုသည် ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်သည်၊ မကြိုက်သည်ထက်၊ ရွေးကောက်ပွဲတွင် စစ်အာဏာရှင်ဟောင်းများ၊ စစ် အစိုးရ နှင့် ပတ်သက်သော နိုင်ငံရေးသမားများ၊ နိုင်ငံရေး ပါတီများ မဲမရရေး အတွက် ရွေးကောက်ပွဲမဲကို တက်တက် ကြွကြွ ထည့်ဝင်ခြင်း မပြုကြပေ။

သို့သော်လည်း မဲမထည့်လျှင် ဘာဖြစ်မလဲ ဆိုသည့် သို့လော သို့လော သံသယများကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ လက်မခံ ရေး မူဖြင့် ၂၀၁၀ တွင် NLD ဝင်မပြိုင်ခဲ့သော်လည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသောအခါတွင် ၂ နှစ် အတွင်း ထိုမူကို NLD ခေါင်းဆောင်များက ပြောင်းပစ်လိုက်၏။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ လက်ခံရေးမူ ဖြစ်လာလေသည်။

ထိုကြားဖြတ် ရွေးကောက်ပွဲ၌ လစ်လပ်သော မဲဆန္ဒနယ် ၄၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သော NLD ကိုယ်စားလှယ် ၄၃ နေရာ မဲအများဆုံးနှင့် အနိုင်ရရှိသွားခဲ့ လေတော့သည်။

ထိုအခါ မဲလိမ်ခြင်း၊ မဲခိုးခြင်း ပြဿနာကြီးကြီးမားမား မကြားရဘဲ ကြိုတင်မဲ ပြဿနာသာ ကြားရပြီး ယေဘုယျ အားဖြင့် သန့်ရှင်းသော ရွေးကောက်ပွဲဟု ဆိုနိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီသည် မဲဆန္ဒနယ်တိုင်း၌ အင်နှင့် အားနှင့် ဝင်ရောက် ယှဉ်ပြိုင်သောကြောင့် လူထုက သောင်းသောင်းဖြဖြ အားပေး မဲထည့် ခဲ့ကြသည်။

ထို့ကြောင့် Land Slide Victory အပြတ်အသတ် အနိုင်ရကာ NLD အစိုးရဖွဲ့လာနိုင်ခြင်း ဖြစ်ပါသည်။

ထိုအတွေ့အကြုံအရ ကြားဖြတ် ရွေးကောက်ပွဲသည် လူထု၏ သဘောထားကို အထိုက်အလျောက် ဖော်ပြနိုင်သည်ဟု ယေဘုယျ ကောက်ချက်ချနိုင်၏။ သို့သော် လုံးဝဥသုံကား ကောက်ချက်ချ၍ မရနိုင်ပေ။

အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သော နှစ်ပိုင်းအတွင်းက ပြုလုပ်ခဲ့သော မွန်ပြည်နယ် ရွေးကောက်ပွဲများတွင် လူထု ဆန္ဒ အရ NLD ကို မဲအထည့်နည်းသည့် အခြေအနေကို တွေ့မြင်ခဲ့ရလေသည်။

အထူးသဖြင့် လူထုသည် အာဏာရလာသော NLD အစိုးရအပေါ် အားထားယုံကြည်မှု လျော့နည်းလာသည်။ ထိုအခြေ အနေမှာ အဖြစ်မှန်နှင့် လက်တွေ့ကျကြောင်း NLD ပါတီအနေဖြင့် နားလည်ဖို့ လိုလာပါသည်။

ပြည်သူလူထု အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး သို့မဟုတ် အမျိုးသား ရင်ကြားစေ့ရေးကို လိုလိုလားလား ရှိကြ ပါသည်။ သို့သော် စစ်တပ်နှင့်သာ သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးကို ဘဝင်မကျ ကြပေ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီ အားလုံးနှင့် ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လိုလိုလားလား ရှိသည်။ ဆိုလိုသည်မှာ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ကို မျှော်လင့်ကြလေသည်။

ထို့အတူ နှစ်ပေါင်း ၅၀ ကျော် အဖိနှိပ်ခံ၊ အုပ်ချုပ်ခံခဲ့ရသော အခြေအနေမျိုးမှလည်း ရုန်းထွက်ချင်ကြသည်။ နှစ်ပေါင်း ၅၀ ကျော် ဖိနှိပ်ခဲ့သော ယန္တရားအောက်မှလည်း လွတ်မြောက်ချင်ကြသည်။ စင်စစ် ထိုယန္တရားမှာ ကိုလိုနီခေတ်၊ ဖဆပလ ခေတ်၊ စစ်အစိုးရ ခေတ်က ယန္တရားဖြစ်နေသောကြောင့် လွတ်မြောက် ချင်ကြ လေသည်။

အဂတိ လိုက်စားမှုများ၊ အထက်ဖား အောက်ဖိ အနိုင်ကျင့်မှုများ စသည်တို့ကို မမြင်ချင်မတွေ့ချင် မခံချင်ကြတော့ ပေ။ သို့သော် NLD အစိုးရသည် ထိုယန္တရားဟောင်းဖြင့်ပင် ခရီးဆက်ခဲ့၏။

ငြိမ်းချမ်းရေးကို အသံကုန် အော်ဟစ်နေကြသေ်ာလည်း စစ်ပွဲများမှာ ကြောက်ခမန်းလိလိ ဖြစ်ပေါ်နေဆဲ၊ လွန်ခဲ့သော နှစ်ပေါင်း ၅၀ တုန်းကလို မိုင်းထောင်ခြင်း၊ သံလမ်းများဖြတ်ခြင်း ကဲ့သို့သော အဖျက်လုပ်ရပ်များ လုပ်လာကြသည်။ စစ်ရှောင်ဒုက္ခသည် များ သထက်များ၊ ပြေးသထက် ပြေးနေရဆဲ။

လူထုက ထိုအခြေအနေများကြောင့် ကြံ့ခိုင်ရေး ပါတီ အပေါ် ပြန်လည် ရွေးကောက်ပြီး အသက် မသွင်းချင်သလို ကတိ စကားကို ထိရောက်အောင် အကောင်အထည် မဖော်နိုင်၊ ယန္တရား အသစ် မတည်ဆောက် နိုင်သော NLD အပေါ်လည်း အားကိုး အားထားပြုမှုများ လျော့နည်း လာရလေသည်။

ထိုအခြေအနေတွင် ကြားဖြတ် ရွေးကောက်ပွဲများမှာ ၂၀၁၂ ကလိုလည်း မဖြစ်နိုင်တော့ဘဲ ပြည်သူသည် ကတိစကား နှင့် လက်တွေ့မကိုက်ညီမှုကို ဆန့်ကျင် လာကြမည် ဖြစ်သည်။

မဲထည့်ရမည်ဆိုလျှင် NLD ကိုသာ မဲထည့်ကြမည် ဆိုသော်လည်း NLD သည် လက်တွေ့ အားနည်းလွန်းသော ကြောင့် မဲမထည့်ဘဲ နေရလျှင် မဲမထည့်ကြတော့ဟု ပြည်သူက လက်လျှော့ကာ အနီကတ်ပြဖို့ စိတ်ကူးမှုများ ရှိလာကြ လေသည်။

ထိုအခြေအနေကို လေးလေးနက်နက် သဘောပေါက်ကြမည် ဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ယခု အချိန် ကတည်း က ပြင်ဆင်ဖို့၊ မိမိတို့ လုပ်ရပ်များကို ပြောင်းလဲဖို့၊ ထိရောက်သော ယန္တရားသစ်ကို တည်ဆောက်ဖို့ လိုအပ် လေသည်။

ပြည်သူ ထောက်ခံမှု မရှိသော မည်သည့်ပါတီ၊ မည်သည့်အဖွဲ့၊ မည်သည့် အင်အားမဆို အနှေးနှင့် အမြန် ကျဆုံးကြ မည် မှာ အမှန်ဖြစ်သည်။

ယခု NLD အာဏာရပြီး ၂ နှစ်ကျော်ကြာအထိ ပြည်သူက တကယ် အားကိုးထိုက်သော နိုင်ငံရေးပါတီ အဖြစ် ယုံကြည် အားကိုးရဖို့မှာ အားနည်း လာခဲ့ပေသည်။

အာဏာရပါတီကို အားထားဖို့၊ အင်အား နည်းလာသော်လည်း အင်အားအကြီးဆုံး အတိုက်အခံ ပါတီကိုမူ ပြည်သူက မိမိတို့၏ သွေးနှင့် စတေးခဲ့သော အတွေ့အကြုံအရ လုံးဝအားမထား မယုံကြည်သည်မှာ အမှန်ပင်။

ထိုအခြေအနေကို ၂၀၁၅ ရွေးကောက်ပွဲက သက်သေပြလိုက်ပေပြီ။

ထိုအခါ ကြားပါတီများကို အားထားထိုက်သလား၊ ယုံကြည်ထိုက်သလားဟု ရှာဖွေကြည့်သော်လည်း အားထားထိုက် သော နိုင်ငံရေးပါတီ ပေါ်မလာသေးပေ။

၈၈ မျိုးဆက်တခုလုံးသာ နိုင်ငံရေးလောကထဲ ရောက်လာပါက ထိုက်သင့်သလောက် အားထားနိုင်သော်လည်း ယခု ဝင်လာသူများမှာမူ သူတို့၏ နိုင်ငံရေး၊ သူတို့ ဖြတ်သန်းလာသော အတွေ့အကြုံအရ ထိုက်သင့်သလောက် အားထား၍ မရနိုင်ပေ။

တိုင်းရင်းသား ပါတီတချို့မှာ လေးစား ယုံကြည်ထိုက်သော လှုပ်ရှားမှုများ ရှိသော်လည်း ရွေးကောက်ပွဲတွင် တနိုင်ငံ လုံး အတိုင်းအတာအရ အားနည်းနေသောကြောင့် အာဏာအပ်ဖို့ အခြေအနေ မပေးနိုင်ပေ။

ထို့ကြောင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲသည် NLD ပါတီအဖို့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲလို လူထုထောက်ခံ မှု အင်နှင့် အားနှင့် ရနိုင်လိမ့်မည်ဟု မပြောနိုင်ပေ။

ထို့အတူ ကြံ့ခိုင်ရေး ပါတီအနေနှင့်လည်း ကြားဖြတ် ရွေးကောက်ပွဲတွင် အင်နှင့်အားနှင့် အနိုင်ရလိမ့်မည်ဟု မမျှော်လင့် သင့်ပေ။ ပြည်သူသည် ကြံ့ခိုင်ရေး ပါတီကို စစ်တပ်ပါတီ အဖြစ် ယုံကြည် နေဆဲဖြစ်သောကြောင့် ဒီမိုကရေစီ အငွေ့ အသက် အားနည်းလှသည်ဟု ယူဆကြလေသည်။

ထို့ကြောင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲများတွင် ကြံ့ခိုင်ရေး ပါတီသည် အနိုင်ရနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အတူ တတိယ အင်အားစု ပါတီများလည်း ယခု သူတို့ ဖြတ်သန်းနေသော နိုင်ငံရေး လှုပ်ရှားမှုများအရ ပြည်သူ၏ ထောက်ခံ မှု ကို ရရှိဖို့ မလွယ်လှပေ။ တိုင်းရင်သားလူမျိုးစု ဒေသများတွင်မူ တိုင်းရင်းသား ပါတီများသာ အနိုင်ရနိုင်ခြေ များလေ သည်။

ယခုကြားဖြတ် ရွေးကောက်ပွဲတွင် အများစု ဆက်လက် အနိုင်ရရှိမည့် ပါတီမှာမူ NLD ပါတီသာ ဖြစ်ကြောင်း အထွေ အထူး ပြောနေစရာ မလိုပေ။

သို့သော် ၂ နှစ်တာ ကာလ NLD ၏ အားနည်းချက်၊ ချို့ယွင်းချက်၊ လူထုအပေါ် မျက်ကွယ်ပြုမှုများကြောင့် ၂၀၁၂ ကလို၊ ၂၀၁၅ ကလို အပြတ်အသတ် မဲရနိုင်ဖို့ကား မလွယ်လှပေ။

ထိုကဲ့သို့ ပြတ်ပြတ်သားသား မဲမရလျှင် ၂၀၂၀ အတွက် စဉ်းစားစရာ၊ ရင်လေးစရာ၊ အနာဂတ် မြန်မာ့ ဒီမိုကရေစီ လမ်း ကြောင်း အတွက် စိုးရိမ်စရာ ဖြစ်လာမည်ကို အလေးအနက် ဆင်ခြင်သုံးသပ်ဖို့ အချိန် ရောက်လာပေပြီ။  ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading