မဟာသီယာ၏ အောင်ပွဲက အရှေ့တောင်အာရှကို ကိုင်လှုပ်နေသည်

Karim Raslan
ရွေးကောက်ပွဲ မဲဆွယ်ပွဲတခုတွင် မြင်ရသော ဒေါက်တာ မဟာသီယာ မိုဟာမက် / Reuters
Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့တွင် မလေးရှားပြည်သူများက တိုင်းပြည်ကို ၆၁ နှစ်နီးပါး ပုံစံ တမျိုးပြီး တမျိုး အုပ်ချုပ်ခဲ့သော အာဏာရ UMNO ပါတီနှင့် မဟာမိတ်အဖွဲ့ Barisan Nasional (BN သို့မဟုတ် အမျိုးသား တပ်ဦး) ကို မဲဆန္ဒဖြင့် ဖြူတ်ချလိုက်ခြင်းအားဖြင့် ကမ္ဘာနှင့် သူတို့ကိုယ်ကို အံ့အားသင့်အောင် ပြုလုပ်ခဲ့ကြသည်။

မဲဆန္ဒနယ်မြေသတ်မှတ်ခြင်းကို လိုသလို ကြိုးကိုင်ချယ်လှယ်ခြင်း၊ မဲဆန္ဒရှင်နှင့် ကိုယ်စားပြုရမည့် ကိုယ်စားလှယ် အချိုးအစားက တနေရာနှင့် တနေရာ မတူညီဘဲ ၎င်းတို့ အားသာချက်ရရှိအောင် ပြုလုပ်ခြင်း၊ မီဒီယာကို ထိန်းချုပ်ဖိနှိပ်ခြင်းနှင့် BN အနိုင်ရရှိရေးအတွက် ငွေကြေးမက်လုံးပေး ဆွဲဆောင်ခြင်း စသည့် မသမာမှုများကြောင့် အတိတ်တွင် စိတ်မသက်သာစရာ ဖြစ်ခဲ့ရသော်လည်း ယခုအချိန်တွင်မူ ခံစားချက်က ကွဲပြားခြားနားနေသည်။

ကမ္ဘာသိဖြစ်ခဲ့ရသည့် 1MDB ငွေကြေး အရှုပ်တော်ပုံနှင့် အတူ အသက် ၉၀ ကျော် အရွယ် ဖြစ်သော်လည်း လူသိများသည့် ဝန်ကြီးချုပ်လောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် Mahathir Mohamad နှင့် အင်အားကောင်းသည့် အတိုက်အခံ မဟာမိတ် အဖွဲ့ PakatanHarapan (PH သို့မဟုတ် မျှော်လင့်ချက်ကတိ) က အာဏာရပါတီ၏ ဆယ်စုနှစ် ၆ ခုကြာ နိုင်ငံရေးသမိုင်းကို ဖယ်ရှားပစ်ခဲ့သည်။

အဆိုပါ ကမောက်ကမ ဖြစ်ရပ်က အရှေ့တောင် အာရှနှင့် အခြားနေရာများအားလုံးတွင် အာဏာရှင်စနစ်နှင့် တင်းကျပ်သော အုပ်ချုပ်ရေးဆီသို့ ထင်ထင်ရှားရှားသွားနေရာမှ ပြန်လှည့်လာသည့် အဓိက ဖြစ်ရပ်တခုကို မြင်တွေ့ရစေခဲ့သည်။

အာဏာ အလွဲသုံးစားလုပ်ခံရခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ခရိုနီဝါဒ တို့အတွက် ကျနော်တို့က နမူနာကောင်း တခု အဖြစ် ပြသလိုက်ခြင်းလား။ မလေးရှား၏ မဲဆန္ဒက (အားလုံးမဟုတ်လျှင်ပင်) ဒေသတွင်းကို မည်သို့ သက်ရောက်မည်နည်း။

PH ၏ အောင်မြင်မှုက နောက်လာမည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံမှ အတိုက်အခံများကြားတွင် စိတ်လှုပ်ရှားစရာတခု ဖြစ်စေခဲ့သည်။

လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို Joko Widodo က သဘောထားစစ်တမ်း ကောက်ယူမှုများ အားလုံးတွင် ဦးဆောင်နေခြင်းနှင့် အတူ ဗိုလ်ချုပ်ကြီး ပရာဘိုဝို ဆူဘီယန်တို Prabowo Subianto ၏ အသက်ငင်နေသော မဲဆွယ်လှုပ်ရှားမှုအတွက် မလေးရှားနိုင်ငံမှ ဒေါက်တာ မဟာသီယာ မိုဟာမက်၏ မထင်မှတ်စရာ အောင်မြင်မှုက အားတက်စရာတခု ဖြစ်စေခဲ့သည်။

ထိုအချိန်တွင် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် Najib Razak ကို အကျင့်ပျက်ခြစားမှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုမည်ဟု မျှော်လင့်ရခြင်းသည် ထိုင်းနိုင်ငံ၏ လက်ရှိခေါင်းဆောင်များ (အများစုမှာ စစ်တပ်မှ အငြိမ်းစားများ ဖြစ်ကြသည်) ကို တရားရုံးတင်ရန် ကြိုးစားရမည်ဟု အဓိပ္ပါယ်ရကြောင်း ထိုင်းနိုင်ငံမှ အတိုက်အခံများက ပြောနေကြသည်။ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ Prayuth Chan-ocha ၏ အစိုးရအတွက် ထိုအသံများသည် ကျောချမ်းစရာတခု ဖြစ်စေမည်မှာ ပြောရန် လိုမည် မထင်ပါ။

ထို့ပြင် ဒေါက်တာ မဟာသီယာ မိုဟာမက် ပြန်လည်ပေါ်ထွက်လာခြင်းကြောင့် အသက် ၈၀ တွင်းရောက်နေပြီ ဖြစ်သော အခြား အငြိမ်းစား ဝန်ကြီးချုပ်ဟောင်းတဦး (ဒီမိုကရက်ပါတီခေါင်းဆောင်ဟောင်း) ဖြစ်သည့် ချွန်လိပိုင် Chuan Leekpai ကလည်း ယှဉ်ပြိုင်မှု အတွင်းသို့ ပြန်လည်ဝင်ရောက်လာလိမ့်မည်ဟု မှန်းဆမှုများ ပေါ်ပေါက်စေခဲ့သည်။

ထို့နောက် မလေးရှားနိုင်ငံ၏ တောင်ဖက်ပိုင်းမှ မွေးချင်းပေါက်ဖော်ဟု ဆိုနိုင်သော စင်ကာပူနိုင်ငံ ရှိနေသည်။ ဒေါက်တာ မဟာသီယာ မိုဟာမက်၏ ကာလရှည်ပြိုင်ဖက် ဖြစ်ခဲ့သော လီကွမ်ယူ Lee Kuan Yew က စင်ကာပူကျွန်း နိုင်ငံကို သူ၏ ပြည်သူ့ လှုပ်ရှားမှုပါတီ (PAP) မှတဆင့် ၁၉၅၉ ခုနှစ် ကတည်းက အုပ်ချုပ်ခဲ့သည်။

စင်ကာပူနိုင်ငံကို စီးပွားရေးအရ အောင်မြင်အောင် လုပ်နိုင်ခဲ့သော်လည်း PAP သည်လည်း ၎င်းတို့ ဆက်လက် အောင်မြင်နိုင်ရေး သေချာစေမည့် အင်အားသုံး ဗျူဟာများနှင့် မကင်းလွတ်ခဲ့ပါ။ ထိုနည်းဗျူဟာများက အတိတ်တွင် အလုပ်ဖြစ်ခဲ့သော်လည်း အနာဂတ်တွင် သေချာချင်မှ သေချာပါလိမ့်မည်။

တချိန်တည်းမှာပင် သာမန် စင်ကာပူနိုင်ငံသားများသည် မြောက်ဘက်မှ သူတို့၏ အိမ်နီးချင်းများ (မလေးရှားနိုင်ငံသားများ) ကဲ့သို့ပင် လစာငွေတိုးတက်မလာခြင်းနှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းတို့နှင့် ရုန်းကန် ရင်ဆိုင်နေရသည်။

PAP ၏ လက်ရွေးစင် ပညာတတ် ဗျုရိုကရက်များက ပြည်သူကို ဆက်သွယ်ရန်နှင့် ပြည်သူတို့၏ နာကျင်မှုများကို ခံစား ပေးနိုင်စွမ်း မရှိခြင်းက သူတို့ကို မလေးရှား UMNO ခေါင်းဆောင်များကဲ့သို့ပင် အင်အားနည်းပါးစေခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်းတွင် အောက်စ်လေလမ်း Oxley လမ်းမှ လီကွမ်ယူ၏ အိမ်နှင့် ပတ်သက်၍ မိသားစုတွင်း မမျှော်လင့်ဘဲ အငြင်းပွားခဲ့ခြင်းက အပြစ်အနာအဆာ ကင်းသည်ဟု အများစုက ယူဆထားသည့် အမှတ်တံဆိပ်ပေါ်တွင် နောက်ထပ် အားနည်းချက် ဖြစ်စေခဲ့သည်။

ထို့ပြင် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ရွေးကောက်ပွဲက တက်ကြွလှုပ်ရှားခဲ့သော ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲများကဲ့သို့ မဟုတ်ဘဲ အလွန်တင်းကျပ်ခဲ့သည်။

PAP ၏ လက်ရင်းလူဟောင်းတဦး ဖြစ်သော တန်ချန်ဘော့ Tan Cheng Bock ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှ တားဆီးခဲ့သည့်အတွက် PAP မှ ခန့်အပ်သည့် သမ္မတလောင်း ဖြစ်သော လက်ရှိ သမ္မတ ဟလီမာ ယာကော့ဘ် HalimahYacob တဦးတည်းသာ ပြိုင်ပွဲအတွင်း ကျန်ရှိနေစေခဲ့၏။
ဟလီမာ ယာကော့ဘ်က တိုင်းပြည်အတွက် လမ်းကြောင်းသစ်တခု (စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ၊ ဒုတိယမြောက် မလေးနွယ်ဖွား သမ္မတ) ဖြစ်သော်လည်း ယှဉ်ပြိုင်မှု သိပ်မရှိဘဲ အလွယ်တကူ နိုင်သွားခြင်းက အကွဲအပြဲအတွက် အကြောင်းရင်းတခု ဖြစ်သည်။

ရလိုက်သည့် သင်ခန်းစာက ရှင်းလင်းပါသည်။ အရှေ့တောင် အာရှနှင့် အခြားနေရာများမှ အစိုးရများအနေဖြင့် ပိုမိုမြင့်မားသည့် တာဝန်ယူမှုကို အလေးအနက် ဆုပ်ကိုင်ထားနိုင်ရမည်။

မှန်ပါသည်။ (ကမ္ဘောဒီးယား ဝန်ကြီးချုပ်) ဟွန်ဆန်လည်း အပါအဝင် ဖြစ်ပါသည်။

ဒေသ၏ စရိုက်လက္ခဏာ ဖြစ်သော ထင်ရာဆိုင်းခြင်းနှင့် အာဏာ အလွဲသုံးစားလုပ်ခြင်း ယဉ်ကျေးမှုက မလွှမ်းမိုး နိုင်တော့ဟု ကျနော်တို့ မပြောနိုင်မီ အံ့အားသင့်စရာ ရွေးကောက်ပွဲ အများအပြား ပို၍ လိုအပ်ပါလိမ့်မည်။

နည်းပညာနှင့် ဆိုရှယ်မီဒီယာ အဆင့်မြင့်လာခြင်းက နိုင်ငံရေးနယ်ပယ်ကို ကျဉ်းမြောင်းစေခဲ့သည်။ လမ်းပေါ်မှ အမျိုးသား သို့မဟုတ် အမျိုးသမီးများ (ပြည်သူများ) ၏ တွဲလက်ကို ခိုင်မြဲစေခဲ့သည်။

အဆိုပါ သင်ခန်းစာကို မသင်ယူနိုင်သော သို့မဟုတ် မသင်ယူသော ခေါင်းဆောင်များသည် အနှေးနှင့် အမြန် ဆိုသလို ဖယ်ရှားခံရမည် ဖြစ်သည်။ ရှင်းရှင်းလေးပင်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading