ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်လာမလား

Bertil Lintner
ဗိုလ်ချုပ်မှူးကြီးသည် နိုင်ငံရေး ရည်မှန်းချက် ရှိသည်ဟု နိုင်ငံရေးလေ့လာသူများက ယူဆနေကြသည် / Reuters
Want create site? Find Free WordPress Themes and plugins.

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု စွပ်စွဲချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ တင်နိုင်မည်လား သို့မဟုတ် မြန်မာနိုင်ငံတွင် အမျိုးသားရေး လှိုင်းထန်နေသောကြောင့် လူအများ ရွေးချယ်သည့် သမ္မတ ဖြစ်လာမည်လား ဆိုသည့် မေးခွန်း မေးစရာ ရှိနေသည်။

အပြင်းအထန် ဝေဖန်ခံနေရသော်လည်း နိုင်ငံရေးအရ အင်အားကြီးမားလှသည့် တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် အနာဂတ်နှင့် ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။ တဖက်တွင်မူ ဗိုလ်ချုပ်မှူးကြီးသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စနစ်တကျ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန်ရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ယုံကြည်နေကြသည်။

လွန်ခဲ့သောနှစ် သြဂုတ်လက စတင်ခဲ့သော နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ မွတ်စလင် ၈၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးကြရသည်။ ထို ဒုက္ခသည်များသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်မတော်က ကျူးလွန်သည့် ကြောက်မက်ဖွယ်ရာ အဓမ္မပြုကျင့်မှုများ၊ သတ်ဖြတ်မှုများနှင့် မီးရှို့မှု ဇာတ်လမ်းများကိုလည်း ၎င်းတို့နှင့်အတူ သယ်ဆောင်ခဲ့ကြသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု တရားဝင်ကြေညာခြင်း မရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးသည် နိုင်ငံရေး ရည်မှန်းချက် ရှိသည်ဟု နိုင်ငံရေးလေ့လာသူများက အခြားတဖက်တွင် ယူဆနေသည်။

လူ့အခွင့်အရေး ချိုးဖောက်သော စစ်အုပ်ချုပ်ရေးနှင့် စစ်တပ် ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးကာလ ဆယ်စုနှစ်များကို အဆုံးသတ်လိုက်ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ရွေးကောက်ခံ အစိုးရ ဖွဲ့စည်းချိန်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ စွမ်းဆောင်ရည် ညံ့ဖျင်းလှသောကြောင့် မြန်မာပြည်သူများသည် အခြားခေါင်းဆောင် အပြောင်းအလဲကို စတင် ရှာဖွေနေကောင်း ရှာဖွေနေနိုင်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက လူမျိုးစု သုတ်သင်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုဟု မြင်နေသော်လည်း ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများအပေါ် တပ်မတော်၏ စစ်ဆင်ရေးများကို မြန်မာနိုင်ငံမှ လူများစုက မကြိုဆိုကြသည်တော့ မဟုတ်ပေ။ ထိုသူများက ရခိုင်ပြည်နယ်မှ မွတ်စလင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ခိုးဝင်လာသူများ ဖြစ်သည်ဟု မြင်ကြသည်။ ထို့ကြောင့် နိုင်ငံတကာ ဖိအားက ပြည်တွင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုံရိပ်အပေါ် လူကြိုက်များမှုကို ပိုမိုထောက်ကူပေးနေပုံရသည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု စွပ်စွဲချက်ဖြင့် ICC သို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် ရွေးကောက်ပွဲမှတဆင့် သမ္မတဖြစ်လာခြင်း စသည့်ဖြစ်ရပ် နှစ်ခုစလုံးသည် မဖြစ်နိုင်ဟု ဆိုရန် ခက်ခဲသည်။ သို့သော် ရိုဟင်ဂျာ အခြေအနေနှင့် ပတ်သတ်ပြီး တာဝန်ရှိမှု တစုံတခုအတွက် နိုင်ငံတကာ ဖိအားမှာ ကြီးထွားလာနေသည်။

တပ်မတော်၏ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများအပေါ် စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားအရာရှိ ၁၂ ဦးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် စွဲဆိုရန် ခိုင်လုံပြီး ယုံကြည်နိုင်ဖွယ်ရှိသော အထောက်အထားများ စုဆောင်းထားသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဇွန်လ ၂၇ ရက်နေ့ အစီရင်ခံစာ တစောင်တွင် ပြောခဲ့သည်။

ထိုစဉ်က ဖြစ်ပွားသော အကြမ်းဖက်မှုများသည် လူရမ်းကား စစ်သားများ သို့မဟုတ် တပ်ဖွဲ့များက ကျူးလွန်သော လုပ်ရပ်မဟုတ်ဘဲ အဆင့်မြင့် အကွက်ချ၊ စနစ်တကျ တိုက်ခိုက်မှုများဖြစ်သည်ဟု ထိုအစီရင်ခံစာကဖော်ပြပြီး ထိုအခြေအနေကို ICC သို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။

“လူမျိုးစု သုတ်သင်မှု မတိုင်မီနှင့် သုတ်သင်နေစဉ် အတွင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း တပ်မှူးများသည် စစ်ဆင်ရေး တစိတ်တပိုင်းကို ကြီးကြပ်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တိုက်ရိုက်သွားရောက်ခဲ့သည်” ဟုလည်း အစီရင်ခံစာက ဆိုသည်။

“လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း အဆင့်မြင့် စစ်ဖက်ခေါင်းဆောင်များ သိခဲ့သည် သို့မဟုတ် သိသော်လည်း ထိုရာဇဝတ်မှုများကို တားဆီးရန်၊ ရပ်တန့်ရန် သို့မဟုတ် အပြစ်ပေးရန် ၎င်းတို့ အမိန့်ပေးနိုင်သည့် အခွင့်အာဏာကို မသုံးခဲ့ကြဘဲ နောက်ပိုင်းတွင် အများအပြားကို ဖုံးကွယ်ထားရန်ပင် ကြိုးစားခဲ့ကြသည်” ဟုလည်း အစီရင်ခံစာက ဖော်ပြထားသည်။

ထိုသို့ စွပ်စွဲထားသော ရာဇဝတ်မှုများအတွက် ICC က စီရင်ခွင့်ကို ကျင့်သုံးသင့်သည်ဟူသော တရားစွဲရှေ့နေ၏ တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် ICC က မြန်မာနိုင်ငံကို ဇွန်လ ၂၂ ရက်နေ့တွင် အကြောင်းကြားခဲ့သည်။

မြန်မာနိုင်ငံသည် ICC ကို ထူထောင်သည့် ရောမစာချုပ်အဖွဲ့ဝင် မဟုတ်သောကြောင့် ထိုသို့ စီရင်ခွင့်၏ ပြင်ပတွင် ရှိနေပုံရသည်။ ICC တောင်းဆိုမှုကို တရားဝင် တုန့်ပြန်မည် မဟုတ်ကြောင်းလည်း အစိုးရက ကြေညာထားသည်။

ICC မှ တရားစွဲရှေ့နေများအနေဖြင့် လှည့်ပတ်လုပ်ဆောင်နိုင်သော နည်းလမ်းတခုမှာ ချိုးဖောက်ခံရသူများ၏ ကိုယ်စားလှယ်က ICC သို့ တင်သွင်းသော လျှောက်ထားချက်ကို သုံးရန်ဖြစ်သည်။ ထိုလျှောက်ထားချက်တွင် “ရာဇဝတ်မှု အဓိကကျသော ဥပဒေဆိုင်ရာ အစိတ်အပိုင်းဖြစ်သည့် နိုင်ငံတကာ နယ်နိမိတ်ဖြတ်ကျော်ခြင်းသည် ရောမစာချုပ် အဖွဲ့ဝင်ဖြစ်သော နိုင်ငံ၏ ပိုင်နက်အတွင်း ဖြစ်ပွားသည်” ဟု တင်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ် မတ်လတွင် ရောမစာချုပ်ကို အတည်ပြုခဲ့သည်။ အထက်ပါ လျှောက်ထားချက်ကို လက်ခံခဲ့ပါက ICC သည် စီရင်ခွင့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသုံးချနိုင်သည်။

အမှုကို ICC သို့ တင်နိုင်ခဲ့လျှင်ပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စွပ်စွဲချက်များကို ဖြေကြားရန် သည်ဟိဂ်မြို့ သို့ ရောက်လာမည်ဟု ယုံကြည်ပါက လက်တွေ့မကျလှပေ။ အပြစ်ရှိကြောင်း မျက်ကွယ်တွင် ဆုံးဖြတ်လျှင်လည်း တခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ရိုက်ခတ်မှုမှာ တပ်မတော်အကြီးအကဲသည် အချို့သော ICC အဖွဲ့ဝင် နိုင်ငံများသို့ ခရီးသွားလျှင် အခက်အခဲရှိရုံသာ။

တချိန်တည်းတွင် ICC စီရင်ချက်ဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားထိပ်တန်းအရာရှိများကို ICC သို့ လွှဲပြောင်းခြင်းကြောင့် မြန်မာနိုင်ငံသည် ၂၀၁၁-၂၀၁၂ က တံခါးစတင်ဖွင့်ချိန်မတိုင်မီ အချိန်ကကဲ့သို့ အနောက်တိုင်း၏ အပစ်ပယ်ခံနိုင်ငံ ပြန်ဖြစ်သွားစေနိုင်သည်။

ရိုဟင်ဂျာ စစ်ဆင်ရေးတွင် တခန်းတကဏ္ဍက ပါဝင်ခဲ့သော စစ်အရာရှိ ၇ ဦးတို့ကို ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။ ၎င်းတို့အနက် ၂ ဦးကို ထိုစဉ်ကပင် အရေးယူခဲ့သော်လည်း ၎င်းတို့နှစ်ဦးသည် သူတို့ ဆန္ဒအတိုင်း လုပ်ခြင်း မဖြစ်နိုင်သောကြောင့် ထိုလုပ်ရပ်သည် ဓားစာခံ ထိုးကျွေးခြင်းသာ ဖြစ်သည်ဟု မြင်ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC တွင် စစ်ဆေးရန် မဖြစ်နိုင်လျှင် သမ္မတရာထူးအတွက် ယှဉ်ပြိုင်ရန် သူ စဉ်းစားနိုင်ပါသလား။ သူသည် တပ်မတော် အကြီးအကဲအဖြစ် များစွာ ပိုမို အာဏာရှိသောကြောင့် လတ်တလောတွင် ထိုသို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ အငြိမ်းစား အနေဖြင့်ဆိုလျှင် သူသည် သမ္မတ သို့မဟုတ် နိုင်ငံတော်၏ အတိုင်ပင်ခံ ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ရာထူးမှာ သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်ကို ကျော်လွှားရန် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ သမိုင်းဝင်ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အတွက် ဖန်တီးခဲ့သည့် ရာထူးဖြစ်သည်။

အာရှ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေး ကျွမ်းကျင်သူ အမေရိကန် ပညာရှင် ဇိုလ်တန် ဘာရန်နီက ဇန်နဝါရီလထုတ် ဒီမိုကရေစီ ဂျာနယ်တွင် “မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ခံ အရပ်သားများအား အာဏာကြီးကြီးမားမား လွှဲပြောင်းပေးခြင်း မရှိဘဲ တပ်မတော်က ဆန္ဒရှိမှသာ ထိုသို့သော အာဏာလွှဲပြောင်းပေးမှု ပေါ်ပေါက်လာမည်” ဟု ရေးသားခဲ့သည်။

ထိုသို့ဖြစ်နိုင် မဖြစ်နိုင်ကို ရှင်းလင်းစွာ မသိရပေ။ တပ်မတော်သည် လက်ရှိအချိန်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နေရာ လေးပုံတပုံကို ခန့်အပ်ထားသည်။ ထို ခန့်အပ်ခံရသူများသည် တပ်မတော်၏ ကိုယ်ပိုင်စီရင်ခွင့်ရ အကျိုးစီးပွားကို ထိခိုက်စေသည်ဟု ယူဆလျှင် ထ ကန့်ကွက်ကြသည်။

စစ်တပ်က ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် ကိုယ်စားလှယ် လေးပုံသုံးပုံ ထောက်ခံရန် လိုသောကြောင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လုပ်ဆောင်မှုများကို ဟန့်တားနိုင်သည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်က လိမ်လည် လှည့်ဖြားသော ဆန္ဒခံယူပွဲတွင် အတည်ပြုခဲ့သည်ဟု လေ့လာသူများက သတ်မှတ်ကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် အမျိုးသား အကျပ်အတည်း ကာလများတွင် အစိုးရအာဏာကို သိမ်းယူနိုင်သည်။ ထို့အပြင် တပ်မတော်သည် အရေးပါသော ဝန်ကြီးဌာန ၃ ခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများကိုလည်း ခန့်အပ်ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့နှင့် ယခင် လူအများ ကြောက်လန့်ရသည့် စစ်ထောက်လှမ်းရေးများ၏ နေရာတွင် အစားထိုး ဝင်ရောက်လာသော သတင်းတပ်ဖွဲ့ကို ထိန်းချုပ်ထားသည်။ ယခင် စစ်ထောက်လှမ်းရေးသည် ထောက်လှမ်းရေးအဖွဲ့ ပုံစံထက် လျှို့ဝှက်ရဲပုံစံ ဖြစ်နေခဲ့သည်။ သတင်းတပ်ဖွဲ့ သြဇာကြီးမားလာခြင်းနှင့်အတူ စစ်ဖက်သည် ပြည်တွင်းလုံခြုံရေး ယန္တရားကို ပိုမို တိုက်ရိုက် ထိန်းချုပ်လာနိုင်သည်။

ထိုနိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေး အာဏာများအားလုံးကို တပ်မတော်၏ လက်တွင် ချုပ်ကိုင်ထားသောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတရာထူးရယူရန် သူ၏ စစ်ဖက် ထိပ်တန်းရာထူးကို မည်သည့်အကြောင်းကြောင့် စွန့်လွှတ်လိုရခြင်း အကြောင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သမ္မတရာထူး ဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးအတွက် ဟာလာဟင်းလင်း နီးပါးဖြစ်နေသော နေပြည်တော်တွင် အခြေစိုက်နေရသည့် အာဏာမရှိသော အကြီးအကဲဖြစ်သွားစေနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်တွင် လက်တွေ့အားဖြင့် မည်သည့်အာဏာမျှ မရှိသော်လည်း အစိုးရသည် ဦးဆောင်မောင်းနှင်သည့် အနေအထားတွင် ရှိသည်ဟု လေ့လာသူ အများအပြားက ယုံကြည်နေကြပြီး ရိုဟင်ဂျာ အကျပ်အတည်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်နေကြသည်။

ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများအပေါ် တပ်မတော်က ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို ထုတ်ဖော်ခြင်းမရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ကောင်း တင်နိုင်သော်လည်း သူ့ကို အချို့သော တက်ကြွလှုပ်ရှားသူများ ပြောသကဲ့သို့ ICC သို့ လွှဲပြီး စစ်ရာဇဝတ်မှု ကြံရာပါဖြစ်သည်ဟု ပြောနိုင်ခြင်း မရှိသလောက်ပင် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် အာဏာအရှိဆုံးသူ ဖြစ်သည်ကို သံသယရှိရန်မလိုဘဲ ကြိုမြင်နိုင်သော အနာဂတ်ကာလတွင်လည်း ထို အနေအထားတွင်ပင် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တနင်္သာရီတိုင်း ထားဝယ်တွင် ၁၉၅၆ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၇၂ မှ ၁၉၇၃ ခုနှစ်အထိ တက္ကသိုလ်တွင် ဥပဒေပညာ လေ့လာပြီးနောက် တတိယအကြိမ် ကျောင်းဝင်ခွင့်ရရန် ကြိုးစားကာ ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် တက်ခွင့်ရသည်။

၁၉၇၇ ခုနှစ်တွင် သင်တန်းဆင်းသောအခါ ဒုဗိုလ်ဖြစ်လာပြီး ရာထူး လျှင်မြန်စွာ တက်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အမှတ် ၄၄ ခြေမြန်တပ်မ၏ တပ်မမှူးဖြစ်ပြီး နောက်ပိုင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်များတွင် တာဝန်ယူခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ရှမ်းပြည်အရှေ့ပိုင်း တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ ရှမ်းတရုတ်လူမျိုးများ၏ ကိုးကန့်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်ကို ၂၀၀၉ ခုနှစ်တွင် ထိုးစစ်ဆင်ရာတွင် အထူးစစ်ဆင်ရေးအဖွဲ့ (၂) အဖွဲ့မှူး အဖြစ် ကွပ်ကဲပြီးနောက် ကျော်ကြား သြဇာကြီးမားလာသည်။

၂၀၁၁ ခုနှစ်သို့ရောက်သောအခါ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို အစားထိုးဝင်ရောက်ကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာခဲ့သည်။

တပ်မတော်ခေါင်းဆောင် အနေဖြင့် သူသည် တပ်မတော်အတွင်းမှ ပြိုင်ဖက် ဖြစ်လာနိုင်ဖွယ် ရှိသူများကို အဂတိလိုက်စားမှုဖြင့် ထုတ်ပစ်ခြင်း၊ သူနှင့် အဆင့်မတိမ်းမယိမ်း ရှိသူများကို ရာထူးမတိုးဘဲ ထိုအဆင့်အောက်မှ လူများကို ရာထူးတိုးပေးခြင်းတို့ဖြင့် ကျွမ်းကျင်စွာ ဆုတ်တက်လှုပ်ရှားခဲ့သည်။ ထိုနည်းလမ်းဖြင့် သူ့ကို တိုက်ရိုက်သစ္စာခံသော အရာရှိများကို ဖန်တီးနိုင်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဒေသတွင်း အမြင်ကို အတိအကျ ပြောရန်ခက်သည်။ သူသည် ၂၀၁၁ ခုနှစ်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင် ညှိနှိုင်းဆွေးနွေးရာတွင် တပ်မတော်ကို ကိုယ်စားပြုပါဝင်သည်။ ထိုစဉ် ၂၀၁၁ နိုဝင်ဘာလက နှစ်နိုင်ငံနယ်စပ်တလျှောက် လုံခြုံရေးကိစ္စများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး အတွက် နှစ်နိုင်ငံကာကွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည်ဟု သတင်းများက ဆိုသည်။ ထိုစဉ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ခဲ့သည်ဟုလည်း ဆိုသည်။

တပ်မတော်အကြီးအကဲ ဖြစ်လာပြီးနောက် သူ၏ ပထမဆုံး ပြည်ပခရီးမှာ တရုတ်နိုင်ငံ၏ အစဉ်အလာ ရန်သူ ဗီယက်နမ်နိုင်ငံသို့ ဖြစ်ကြောင်း မေ့ကြမည် မဟုတ်၊ အထူးသဖြင့် တရုတ်နိုင်ငံက မေ့မည် မဟုတ်ပေ။ မြန်မာနှင့် ဗီယက်နမ်တို့သည် ၎င်းတို့၏ အင်အားကြီးမားလှသော အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရာတွင် တူညီကြသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိမ်ရှင် ဗီယက်နမ်များနှင့် ဆွေးနွေးစရာ အများအပြားရှိခဲ့သည်ဟု ယူဆလျှင် ကျိုးကြောင်းဆီလျှော်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နှင့် နီးစပ်လွန်းပြီး တရုတ်နိုင်ငံက သူ့ကို အလွယ်တကူ ကိုင်တွယ်နိုင်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အရာရှိများက ယူဆနေကြောင်း နေပြည်တော်မှ အတွင်းလူများက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြိုတင်ဟောကိန်းထုတ်ရန် စောလွန်းသေးသည်။ အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ်သည် ၎င်း၏ ယခင် လူထုထောက်ခံမှု အထူးသဖြင့် လူမျိုးစုဒေသတွင် အများအပြား ဆုံးရှုံးသွားသည်မှာ သံသယရှိရန် မလိုပေ။ လူမျိုးစုများ၏ ထိခိုက်နစ်နာမှုများကို နားလည်နိုင်စွမ်းမရှိသော ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို နှိမ်သည်ဟု လူမျိုးစုများ ခံစားရသောကြောင့် ဖြစ်သည်။

၂၀၁၅ ခုနှစ်က မြင့်မားသော မျှော်လင့်ချက်များ ထားရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် စိတ်ပျက်နေသော မြို့နေပညာတတ်များနှင့် အတွေ့အကြုံရင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အကြားတွင်လည်း ထောက်ခံမှု လျော့ကျလာနေသည်။

မဲလိမ်သည်ဟု အကြီးအကျယ် ဝေဖန်ခံရသော ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှ ၂၀၁၆ အထိ အာဏာရခဲ့သော စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်မည့် အလားအလာ မရှိသလောက်ဖြစ်သည်ဟု နိုင်ငံရေး သုတေသီများက ယုံကြည်ကြသည်။ ထို့ကြောင့် ကြံ့ခိုင်ရေးပါတီသည် ဒေသအလိုက် လူမျိုးစု ပါတီများနှင့် မဟာမိတ်ဖွဲ့ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံနေဆဲဖြစ်သော ပြည်မမှ ပါတီငယ်များကို အားပေးခြင်းတို့ဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ထောက်ခံမှုကို ဖဲ့ယူကြမည်ဖြစ်သည်။

၁၉၆၂ ခုနှစ်ကစတင်ပြီး တိုင်းပြည်ကို အသွင်အမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့သော တပ်မတော်သည် မြင်နိုင်သော အနာဂတ်တွင် မြန်မာနိုင်ငံ၏ အာဏာ အကြီးမားဆုံးသော မဏ္ဍိုင်အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ ဇူလိုင်လတွင် အသက် ၆၂ နှစ် ပြည့်မည် ဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ထိုရွေးကောက်ပွဲ မတိုင်မီ အငြိမ်းစား ယူနိုင်သကဲ့သို့ မယူဘဲလည်း နေနိုင်သည်။ သို့သော် မြန်မာနိုင်ငံမှ စစ်အာဏာရှင်ကြီးများ၏ သမိုင်းကို ပြန်ကြည့်ပါက သူသည် အချိန်တိုအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားနိုင်ခြေ မရှိပေ။

( Asia Times ပါ Bertil Lintner ၏ Will an alleged war criminal become president of Myanmar? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading