ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက် ၆၂ နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကကန ကောင်စီ ညွန်ကြားလွှာ အမှတ် ၄/ ၂၀၁၄ အရ အသက် ၆၅ နှစ်ပြည့်သည်အထိ ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရှိရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇူလိုင် ၃ ရက်အထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခွင့်ရရှိဦးမည်ဖြစ်သည်။
အကယ်၍သာ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပဖြစ်ပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နောင် အစိုးရသစ်တရပ် တက်လာပြီး သုံးလမှ ခြောက်လအထိ တပ်ချုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ဦးမည် ဖြစ်သည်။
လက်ကျန် သုံးနှစ်အတွင်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုများသည် နယ်ပယ်အသီးသီးမှ ဝင်ရောက်နိုင်သလို၊ ထိုလက်ကျန်သုံးနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဦးစီးဦးဆောင်မှုတို့ကို အခြေတည်ပြီး တပ်ချုပ်ကြီး၏ နိုင်ငံရေးအနာဂတ်ကို အတန်ငယ်မျှ ပုံဖော် ဆဝါးမိသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရင်ဆိုင်ဖြေရှင်းရမည့် နယ်ပယ် လေးရပ်ရှိနိုင်ပါသည်။
(၁) အရပ်ဖက်နိုင်ငံရေးနယ်ပယ်
ရွေးကောက်ပွဲမှ တက်လာသည့် အာဏာရပါတီမှ နိုင်ငံရေးသမားများ၊ အတိုက်အခံနိုင်ငံရေး သမားများ၊ တိုင်းရင်းသား အင်အားစုအသီးသီးမှ နိုင်ငံရေးသမားများ ၊ လွှတ်တော်ပြင်ပမှ နိုင်ငံရေး အဖွဲ့အစည်း၊ အင်အားစုများနှင့် ဆက်ဆံရေးသည် တပ်ချုပ်ကြီးအတွက် ပထမဆုံးစိန်ခေါ်မှု၊ ပထမမစ်ရှင်ဖြစ်ပါသည်။
သမိုင်းစဉ်ဆက် နိုင်ငံရေးသမားများကို သတိတရားကြီးကြီးထားပြီး ဆက်ဆံခဲ့သော တပ်မတော်အဖွဲ့အစည်း၏ ခေါင်းဆောင် အကြီးအကဲ တယောက်အနေဖြင့် ထိုထိုသော နိုင်ငံရေး အင်အားစုတို့အကြား “တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟူသော အခြေခံမူကို အစဉ်တစိုက် ထွန်းတောက် နေအောင် စီမံခင်းကျင်း ပြသရမည့် တာဝန်သည် တပ်မတော်အကြီးအကဲ၏ မစ်ရှင်တပါး ဖြစ်သည်။
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေ နယ်ပယ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလှိုင်းလုံးသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဒီမိုကရက်တစ် အင်အားစု အသိုင်းအဝိုင်းထံမှ အရှိန်အဟုန်ပြင်းပြင်းဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှ စတင်ကာ လှုပ်ရှားလာခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် ဇွန်လတွင် တပ်မတော်အစိုးရက မွေးထုတ် တည်ဆောက် ပေးလိုက်သည်ဟု ယူဆရသော ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်းမှ တဆင့် တင်သွင်းခဲ့သည့်တိုင် ထိရောက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အလုပ်စခန်းသည် မပြီးမြောက်နိုင်ခဲ့ပေ။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှ တက်လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရ တက်လာသည့်အခါတွင်လည်း လွှတ်တော်ပြင်ပလမ်းကြောင်း တရပ်ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လှိုင်းသည် တပ်မတော်ကို လာရောက် ရိုက်ခတ်သည်ဟု ယူဆနိုင်ပါသည်။
လွှတ်တော်လမ်းကြောင်းမှ ဖြစ်စေ၊ လွှတ်တော် ပြင်ပလမ်းကြောင်းမှ ဖြစ်စေ၊ နိုင်ငံတကာ ဖိအားမှ ဖြစ်စေ အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိပ်တိုက် တွေ့နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်လျှင် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀ (စ) တွင် ပြဋ္ဌာန်းထားသည့် “တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်” ဟူသော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် တပ်မတော်အကြီးအကဲ တဦးအတွက် အမြင့်မားဆုံးသော တာဝန်ဖြစ်နိုင်ပါသည်။
(၃) ပြည်တွင်းငြိမ်းချမ်းရေး နယ်ပယ်
ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တပ်မတော်အနေဖြင့် ဖြတ်ကျော်ရမည့် ဓားတောင်နှင့် မီးပင်လယ် ဖြစ်သည်။ ပြည်တွင်းစစ် ပြဿနာအရင်းခံသည် လူမျိုးရေး မဟုတ်၊ ဘာသာရေးလည်း မဟုတ်၊ နိုင်ငံရေးပြဿနာဖြစ်သည်။ ပြည်တွင်းစစ်၏ ပြဿနာအရင်းခံသည် တပ်မတော် မဟုတ်သော်လည်း ပြည်တွင်းစစ်၏ အရင်းခံဖြစ်သည့် နိုင်ငံရေးပြဿနာကို ဖြေရှင်း၊ ဖြည်ထုတ်ရာတွင် တပ်မတော်သည် အဓိကဇာတ်ဆောင် ဖြစ်နေသည်မှာ ငြင်းချက်ထုတ်၍ မရနိုင်ပေ။
၂၀၁၈ ခုနှစ် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအဖြစ် တည်ဆောက်ရာတွင် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် မဖြစ်မနေ လိုအပ်သည့်အတွက် “တပ်မတော် အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အခြေခံသည့် ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်ကို ချမှတ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်လျက်ရှိကြောင်း” ဟု ပြောကြားခဲ့သည်။
(၄ ) ခေတ်မီတပ်မတော် တည်ဆောက်ရေး
၂၀၀၈ အခြေခံ ပုဒ်မ ၂၀ (က) တွင် တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီသည့် တခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်ဟု ရေးသားပြဋ္ဌာန်းထားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်သည်ပင်လျှင် Standard Army ဟူသော အသုံးအနှုန်းကို ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်။ မြန်မာ့တပ်မတော်ကို ခေတ်မီ တပ်မတော်ဖြစ်အောင် တည်ဆောက်ရမည့် တာဝန်သည် တပ်ချုပ်ကြီး အတွက်သော်လည်းကောင်း၊ နောင်တက်မည့် တပ်ချုပ်များ အတွက်လည်းကောင်း အဓိကကျသည့် တာဝန်ရပ်တွင် တခု အပါအဝင်ဖြစ်သည်။ ပြီးခဲ့သည့် ဆင်ဖြူရှင် စစ်ရေးလေ့ကျင့်မှုသည် အထင်အရှားပင်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အငြိမ်းစားမယူမီ မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်ကြီးတရပ် ရှိပါသည်။
ထိုတာဝန်မှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် တာဝန်ယူရမည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ် ခန့်အပ်ရေး ဖြစ်သည်။ အနာဂတ် တပ်ချုပ် လောင်းလျာသည် ကြည်းတပ်မှလော၊ ရေတပ်မှလော၊ လေတပ်မှလော ဟူသည့် လောမေးခွန်းများက စိတ်ဝင်စားစရာ နယ်ပယ် တခုဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူသွားသည့်အခါ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယာယီအားဖြင့် တပ်ချုပ် တာဝန်ကို ထမ်းဆောင်ရနိုင်ခြေရှိသည့်တိုင်၊ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၄၂ အရ နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေးအပ်ရမည်ဟု ပြဋ္ဌာန်းထားသည့် အတွက် နောင်တက်လာမည့် အစိုးရ အကြီးအကဲ၏ အမြော်အမြင်ပေါ်တွင် မူတည်နေပြန်ပါသည်။
အရပ်ဖက် – စစ်ဖက်ဆက်ဆံရေး စိန်ခေါ်မှု၊ အားပြိုင်မှုတခုပင် ပေါ်ပေါက်လာနိုင်ပါလိမ့်မည်။ တပ်ချုပ်ခန့်အပ်ရေးတွင် သမ္မတက ခန့်အပ်ရမည်ဟု ဆိုထားသော်လည်း တပ်ချုပ် ခန့်အပ်ရေး ဥပဒေသည် မရှိသေး၊ ကာလုံ ဥပဒေလည်း မရှိသေးသည့်အတွက် မည်သို့မည်ပုံ ဖြစ်လာနိုင်မည်ဆိုသည်ကို ခန့်မှန်း၍ မရနိုင်သေးပေ။ များစွာသေချာသည်မှာ တပ်ချုပ်အသစ် ခန့်အပ်ရေးတွင် နိုင်ငံရေး အပေးအယူတရပ် ပေါ်ထွန်းမည်ဟူသော အချက်ပင်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး၏ အနာဂတ်
လားရာ (၁) နိုင်ငံတော်အကြီးအကဲ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံရေး အနာဂတ်သည် အဘယ်သို့ ဦးတည်သွားနိုင်သနည်း။
မြန်မာ့နိုင်ငံရေးသမိုင်းအရ တပ်မတော်အကြီးအကဲတိုင်း လိုလိုသည် နိုင်ငံတော်အကြီးအကဲ တာဝန်အဖြစ် ထမ်းဆောင်ရသည့် အစဉ်အလာလိုလို ဖြစ်စဉ်များရှိရာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်လိုက်သည့် သမ္မတလောင်း ဖြစ်နိုင်ပါလိမ့်မည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေး အပေးအယူ တခုအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အစိုးရ ဖွဲ့နိုင်သည်အထိ အနိုင်ရမည့် နိုင်ငံရေးပါတီက တင်မြှောက်မည့် သို့မဟုတ် ထောက်ခံမည့် သမ္မတအဖြစ်သို့ ရောက်ရှိသွားနိုင်ပါသည်။
NLD အစိုးရ တက်လာပြီးနောက်ပိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ တပ်မတော်ထောက်ခံပွဲကြီးများ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေသည်ကို ထောက်ဆလျှင် ဗိုလ်ချုပ်မှူးကြီးသည် လူထုကြားထဲတွင် တစုံတရာသော အတိုင်းအတာ တခုအထိ ပေါ်ပြူလာဖြစ်နေသည့် သဘောဟု မှတ်ယူနိုင်ပါလိမ့်မည်။
တဖက်ကလည်း အရပ်သားအစိုးရသစ် တက်လာသည့်တိုင်၊ နိုင်ငံတော်သမ္မတ အကြီးအကဲရာထူးသည် ပြယုဂ်သက်သက် ဖြစ်နေသည်ကို အားမလိုအားမရ ဖြစ်နေသည့် အင်အားစုအတွက်လည်း ဗိုလ်ချုပ်မှူးကြီးသည် မင်းလောင်းသဖွယ် ဖြစ်နိုင်သည်။
လားရာ (၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
မမျှော်မှန်းနိုင်သည့် နိုင်ငံရေးအခြေအနေ တရပ်ရပ်ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကကန ကောင်စီ ညွှန်ကြားလွှာ အသစ် တရပ်ဖြင့် ၎င်း၏ ရာထူးကို ဆက်လက် သက်တမ်း တိုးနိုင်ပါလိမ့်မည်။
လားရာ (၃) နိုင်ငံရေးပါတီခေါင်းဆောင်
တပ်မတော်မှ အငြိမ်းစားယူပြီးနောက် တပ်မတော်၏ နိုင်ငံရေး အိုင်ဒီယိုလောဂျီနှင့် နီးစပ်သော နိုင်ငံရေးပါတီကြီးတခုတွင် ထိပ်တန်း ခေါင်းဆောင် အဖြစ် တာဝန်ယူနိုင်ခြေရှိပါလိမ့်မည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်နှင့် အလွန်တရာ နီးစပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီသို့ တပ်မတော်အငြိမ်းစား အရာရှိကြီးများ ဒါဇင်လိုက် ဝင်ရောက် အရွေးခံသည့် သာဓက ကလည်း ရှိသည့်အတွက် ထိုသို့လည်း ဖြစ်နိုင်ခြေ ရှိနိုင်ပါသည်။ ထို့ပြင်၊ ဗိုလ်ချုပ်မှူးကြီး၏ ခေါင်းဆောင်မှုကို နှစ်သက်ကြသည့် လူတချို့တို့သည်လည်း ထိုပါတီကို ဝန်းရံ ထောက်ခံပေးနိုင်လိမ့်မည်။
လားရာ (၄) သာမန်အရပ်သားဘဝ
ယခင် သမ္မတဦးသိန်းစိန်ကဲ့သို့ နိုင်ငံရေးသမားဘဝမှ လုံး၀ အနားယူသွားကောင်း သွားပါလိမ့်မည်။ သာမန်အရပ်သားဘဝကို အေးချမ်းစွာ အငြိမ်းစားယူနိုင်ခွင့်လည်း ရှိရန် လိုအပ်ပါသည်။ တက်လာသည့် အစိုးရသည် နိုင်ငံတကာ ဖိအားတရပ်ရပ်ကြောင့် တပ်ချုပ်ကြီး၏ အငြိမ်းစား အရပ်သားဘဝကို ကောင်းမွန်သည့် အာမခံချက်ပေးရန် ပျက်ကွက်လျှင် တပ်ချုပ်ကြီး၏ လားရာသည် လားရာ (၂) သို့ ပြန်လည် ကူးပြောင်းသွားနိုင်ပါသည်။
ဗိုလ်ချုပ်မှူးကြီး၏ နိုင်ငံရေးသဘောတရား
တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်တွင် ထွန်းတောက်ခဲ့သည့် နိုင်ငံရေး အဘိဓမ္မာကို ညွှန်ပြပါဆိုလျှင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဟု ဆိုနိုင်မည် ထင်ပါသည်။ ထိုနည်းတူ၊ တပ်မတော်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က စတင် တည်ဆောက် လာခဲ့ပြီး ယခုအချိန် အထိ ထွန်းတောက်သည့် နိုင်ငံရေး သဘောတရားကို ပြညွှန်ပါဆိုလျှင် ၂၀၀၈ အခြေခံ ဥပဒေထဲက အခြေခံမူ တရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ပင် ဖြစ်သည်ဟု ဆိုနိုင်ကောင်း ပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် သဘောတရားနှင့် ပတ်သက်လျှင် ဗိုလ်ချုပ်ကြီး နေဝင်းသည် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟု ဆိုနိုင်သကဲ့သို့၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်သစ် ထွန်းကားအောင် အသက်သွင်းနိုင်ခဲ့သည့် တာဝန်အရှိဆုံး ပုဂ္ဂိုလ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပင်ဖြစ်သည်ဟု ယူဆချက်ရှိပါသည်။
ထိုသို့သော တပ်မတော်အကြီးအကဲများနှင့် ဒွန်တွဲ၍ နိုင်ငံရေးလမ်းစဉ်၊ သဘောတရားများကို ယှဉ်တွဲ ဖော်ပြရခြင်းက မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်တိုင်းတွင် တပ်မတော်အကြီးအကဲများ၏ အာဏာသည် အထွတ်အထိပ် နေရာတွင်သာ ရှိခွင့်၊ ရှိနေနိုင်သောကြောင့် ဖြစ်ပါသည်။
၂၀၁၁ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး တပ်မတော်အကြီးအကဲ တာဝန် ထမ်းဆောင်နေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်ကာလတွင် မည်သည့် နိုင်ငံရေးသဘောတရား၊ လမ်းစဉ်များ ထွန်းပေါ်မည်နည်း ဟူသော အမေး ရှိလာပါသည်။
(ကိုဇန်သည် ပြည်ထောင်စု အင်စတီကျူမှ သုတေသီတဦးဖြစ်သည်။)