ကျနော်နဲ့ အလွန် ရင်းနှီးခင်မင်တဲ့ ရဲဘော် ၂ ယောက် ရှိပါတယ်။
ထောင်ထဲမှာအတူတူနေခဲ့ရသလို ကိုးကိုးကျွန်းပို့တဲ့အထိ၊ ပြန်လာတဲ့အထိလည်း အတူတူလက်တွဲခဲ့ကြတဲ့ ရဲဘော် တွေ ဖြစ်တယ်။ သေဖော်ရှင်ဖက်တွေ ဆိုရင်လည်း မမှားသလို၊ ယခုအထိ အဆက်အသွယ်ရှိပြီး အမြဲလည်း ပြောဆို တိုင်ပင်လေ့ ရှိကြပါတယ်။
စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို အဆုံးစွန် ခံခဲ့ရသလို သူတို့ရဲ့ စရိုက်နဲ့ ရက်စက်မှုကို ဘယ်တော့မှမမေ့တဲ့ ရဲဘော် တွေပါပဲ။ တယောက်ကရှေ့နေ၊ ကျန်တယောက်က ဆရာဝန်ပါ၊ ရှေ့နေလုပ်တဲ့သူက စာလည်းရေးပါတယ်။ ဒါပေမယ့် သူ့အသက်မွေးဝမ်းကျောင်းက စာရေးတာမဟုတ်တဲ့ အတွက် ကြို့ကြားပဲ စာရေးပြီးရှေ့နေအလုပ်ကိုပဲ ဇောက်ချ လုပ် ပါ တယ်။
သူက အမှုကြီးအတော်များများကို ကိုင်ရတယ်။ သူက အစိုးရရှေ့နေမဟုတ်တော့ မြေသိမ်းယာသိမ်း လယ်သမားတွေ ကိုလည်း အခမဲ့ကိုယ့် စရိတ်နဲ့ကိုယ်စားပြီး လိုက်ပေးတဲ့ ရှေ့နေမျိုးပါ။
ယခု သူလိုက်နေတဲ့အမှုကြီးတခုနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ သက်သေထွက်ဆိုချက်တွေကို သုံးသပ်ပြီး ဒီအမှု မှာ တရားခံတွေ လွတ်လမှာပဲလို့ သုံးသပ်နေပါတယ်။
ဒါကတော့ ရှေ့နေဟာ သူ့အမှုသည်တွေလွတ်ဖို့ထင်တာ လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အမှုရဲ့ အခြေအနေ အား ကောင်း အားနည်းကိုကြည့်ပြီး ထင်တာလည်းဖြစ်ချင်ဖြစ်ပါလိမ့် မယ်။ သူလိုက်တဲ့ အမှုမှာ တရားလိုက အစိုးရဖြစ်ပြီး တရားခံက သာမန်လူတွေ ဖြစ်နေတဲ့ အတွက် သူ့ဘက်က ခိုင်လုံတာကို အခြေခံပြီး လွတ်မယ်လို့ပဲ သူက ယူဆနေ တယ်။
တနေ့ မတွေ့တာအတော်ကြာပြီဖြစ်တဲ့ နယ်မှာနေတဲ့ဆရာဝန်ထံ ဖုန်းဆက်ပြီး ၃ယောက်သားဆုံကြဖို့ ပြောပါတယ်။ ဆရာဝန်က ရှေ့နေအကြောင်းလှမ်းမေးတယ်။ ကျနော်က သူလိုက်တဲ့အမှုအကြောင်းနဲ့သူ့အမှုသူနိုင်မယ်ထင်နေတဲ့ အကြောင်းပြောလိုက်ပါတယ်။
အဲဒီအခါ ရဲဘော်ဆရာဝန်က “ခင်ဗျားတို့က အတော်ခက်တဲ့လူတွေပဲ၊ အခုအစိုးရက ဂျပန်ခေတ် ဒေါက်တာ ဘမော် အစိုးရ လို အစိုးရမျိုး ဖြစ်နေတာကို အခုထိ သဘော မပေါက်ကြသေးဘူးကိုးဗျ”လို့ ပြောလိုက် တာကိုကြားရတော့ ကျနော်လည်း အားပါးတရဝါးလုံးကွဲရယ်လိုက်မိပါတော့တယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာ ယခုဆိုရင် ၂ နှစ်ခွဲလောက်ရှိပါပြီ၊ NLD အစိုးရအဖွဲ့လို့ သုံးနှုန်းလိုက်ရတာ ကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီတွေကို ပြတ်ပြတ်သားသား အနိုင်ရ၊ လူထုကလည်း အိတ်သွန် ဖာမှောက် မဲထည့်လိုက်တာ ဘယ်ပါတီမှ ယှဉ်မရအောင် အပြတ်အသတ်အနိုင်ရ လိုက်လို့ ဖြစ်ပါတယ်။
၁၉၆၀ ပြည့်နှစ်က ပြည်ထောင်စုပါတီ (သန်ရှင်း ဖဆပလ တဖြစ်လည်း)နဲ့ ဝန်ကြီးချုပ်ဦးနုတို့ ခြိမ့်ခြိမ့်သဲ အောင်ပွဲခံခဲ့ သလို ၁၉၉၀ ရွေးကောက်ပွဲက အာဏာ လွှဲပြောင်းမခံရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လို ယခုတော့ ပြည်သူက ဒီမိုကရေစီ ရပြီလို့ ဝက်ဝက်ကွဲ မဲထည့်လိုက်တာ ကြောက်ခမန်းလိလိပါပဲ။ ဒါကြောင့် ဒိမိုကရေစီ စစ်စစ်တော့ရပြီ ဆိုပြီး ပြည်သူက NLD အစိုးရလို့ ယေဘုယျ ခေါ်လိုက်တာပါပဲ။
ဒါပေမယ့်ရွေးကောက်ပွဲနဲ့ အများစုက အနိုင်ရပြီး အစိုးရဖွဲ့နိုင်တယ်ဆိုနိုင်ပေမယ့်လည်း လက်တွေ့ကတော့ စစ် အာ ဏာ ရှင် တွေ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရလက်ထက်က စစ်အာဏာရှင်တွေအလိုကျနဲ့ စစ်တပ်ရဲ့ လွှမ်းမိုးမှုသြဇာအောက် မှာ ကျင်းပကြ တဲ့ ရွေးကောက်ပွဲ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း အုပ်ချုပ်ရမယ့် အစိုးရဖြစ်နေတာကို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးလေ့လာမှု အားနည်းတဲ့ လူထုသဘောမပေါက်ကြသေးပါဘူး။
ဒါကြောင့် ဘယ်ပါတီကပဲ နိုင်နိုင်၊ ဘယ်အဖွဲ့အစည်းပဲ အာဏာရရ၊ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း တိုင်းပြည်အုပ်ချုပ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ အခြေခံအကျဆုံး တပ်မတော်ရဲ့ ထိန်းချုပ်မှုကို နာခံရမယ့် ဥပဒေတွေ ရှိနေတာကြောင့် မဲ ဘယ် လောက် ရရ၊ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း လိုက်နာရမယ်။ တပ်မတော်ရဲ့သြဇာနဲ့ တပ်မတော်ရဲ့ ခွင့်ပြုချက်သာ အခရာ ကျတယ် ဆိုတာကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။
အခုဆိုရင်တော့ NLD အစိုးရ ၂နှစ်ခွဲကာလမှာ အတော်လေးသဘောပေါက် နားလည်ပြီလို့ ဆိုရမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံ မှာ ပြည်ထောင်စုမပြိုကွဲရေးအတွက် တိုင်းရင်းသားတွေပြည်ထောင်စုက ခွဲထွက်ခွင့်မရှိသလို ၁၉၄၈ ကတည်းက တက်လာတဲ့ အစိုးရတွေနဲ့ ၁၉၆၂ ကနေ ၂၀၁၀ အထိ အာဏာရှင် စစ်အစိုးရအဆက်ဆက်ရဲ့ လုပ်ရပ်မှန်သမျှကို နောက် ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရဆိုတဲ့ ပုဒ်မ ၄၃နဲ့ နောက်အစိုးရတွေ လက်ထက်မှာ ယခု အစိုးရ တွေ ကို အရေးယူအပြစ်ပေး မရအောင် “မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် အာဏာသက်ရောက် စေရန် ပြဋ္ဌာန်းခွင့်မရှိစေရ” ဆိုတာမျိုးနဲ့ တိတိကျကျ ထိန်းထားလိုက်ပါတယ်။
အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ မှာလည်း ရွေးကောက်ပွဲမှာ လူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ မပါဘဲ တပ်မတော်သား ကိုယ်စားလှယ် အများစုနဲ့ ဖွဲ့စည်းထားတာမျိုး (တပ်မတော်က ရွေးချယ် တာဝန်ပေးတဲ့ ကိုယ်စားလှယ် ၆ ဦးပါရှိပြီး လူထု ရွေးကောက်ခံပါတီရဲ့ သမ္မတနဲ့ အစိုးရအဖွဲ့က ကောင်စီမှာ ရွေးချယ် သူက ၅ ဦးသာရှိပါတယ်) စတဲ့ ဒီမိုကရေစီ မကျတဲ့၊ တနည်းပြောရရင် နိုင်ငံတကာအဆင့်မီ ဒီမိုကရေစီ စံချိန်စံညွှန်း တွေနဲ့ မကိုက်ညီတဲ့ စစ်အုပ်ချုပ်ရေး အပေါ်မှာ အဓိက ဇောင်းပေးထားတဲ့ ဥပဒေတွေ ဖြစ်နေတယ်။
ဆိုပါစို့ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့် ထားခွင့်ရှိတယ်။ အစိုးရအဖွဲ့မှာ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်တဲ့ ဒုတိယသမ္မတတဦး၊ ပြည်ထဲရေးဝန်ကြီး တဦး၊ နယ်စပ်ဒေသဝန်ကြီးတဦး၊ ကာကွယ်ရေးဝန်ကြီးတဦးစတဲ့ အဓိကကျတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေကို တပ်မတော် ကပဲ တာဝန် ယူထားခဲ့ပါတယ်။
ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကိုလွှတ်တော်က ပြင်မယ်ဆိုလို့ရှိရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ ၄၃၆ (က)(ခ) နဲ့ ကိုက်ညီမှ ပြင်ခွင့်ရှိတယ်ဆိုရင် ပြောရရင်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု ရှိမှသာ ဖွဲ့စည်းပုံကို ပြင်ခွင့်ရှိပါတယ်။ ၇၅ ရာခိုင်နှုန်းကျော်ဖို့ကလည်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရွေးကောက်ပွဲနဲ့ ရွေးချယ်ခံလွှတ်တော်အမတ်က ၇၅ ရာခိုင်နှုန်း၊ ဒါကြောင့် ၇၅ ရာခိုင်နှုန်း ကျော်ဖို့ကို တပ်မတော်သား ကိုယ်စားလှယ် ၁ ဦးလောက်ကနေ ပြင်ဆင်ဖို့ ထောက်ခံမှ ပြင်ခွင့် ရှိတယ်။
တပ်မတော်ရဲ့ ထောက်ခံမှုမရှိရင် မပြင်နိုင်ဘူးဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးကောက် ပွဲမှာ အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ကို ကွယ်လွန်သူ ဆရာ ဟံသာဝတီ ဦးဝင်းတင် က စစ်တပိုင်း အစိုးရလို့ ခေါ်ဝေါ်သမုတ်ခဲ့တာပါ။
ဒီလိုပဲ ၂၀၁၅ လူထုက တခဲနက်မဲပေးပြီး တင်မြှောက်လိုက်တဲ့ NLD ပါတီ အစိုးရ အဖွဲ့ကိုလည်း ဒီမိုကရေစီတပိုင်း အစိုးရ လို့ လူထုက သတ်မှတ်ကြတာပါ။ ဒီမိုကရေစီ အပြည့်မရှိ။ စစ်တပ်နဲ့ အတူဖွဲ့စည်းထားရတဲ့ ညွှန့်ပေါင်း အစိုးရ ဖြစ်နေလို့ပါပဲ။
ဒါကြောင့် NLD အစိုးရဆိုတဲ့ ယခုအစိုးရလက်ထက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်၊ ငြိမ်းချမ်းရေးကိုလည်း အရပ်သားအစိုးရနဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီးမှ လုပ်ကိုင် လို့ရတဲ့ အခြေအနေတွေရှိလာတယ်။
သိသာတာကတော့ ၂၁ ရာစုပင်လုံအစည်းအဝေးကြီးတွေခေါ်ဖို့တောင် လက်နက်ကိုင်အဖွဲ့တွေကို ခေါ်ချင်တိုင်းခေါ်လို့ မရဘူး။ တပ်မတော်က သဘောတူညီမှသာ အားလုံးကို ခေါ်ယူခွင့်ရှိလိမ့်မယ်။ ယခု တတိယ အကြိမ် ၂၁ ရာစုပင်လုံ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်နေ့က စတင် ကျင်းပနေပါတယ်။
ဒါပေမယ့် NCA လက်မှတ်မထိုးရ သေးတဲ့ မြောက်ပိုင်းကအဖွဲ့တွေကို ဖိတ်တဲ့အခါ တပ်မတော်က သဘောတူမှ အစိုးရ နဲ့ တပ်မတော် ညှိနှိုင်းလို့ အဆင်ပြေမှ ဖိတ်ခေါ်လို့ရမယ်ဆိုတာ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားပါတယ်။ ဒါကြောင့် တပ်မတော်နဲ့ အစိုးရ တသံတည်း မဟုတ်ဘူး ဆိုတာကို ဝန်ခံ လိုက်သလိုပါပဲ။
NLD အစိုးရစတင်ဖွဲ့စည်းတဲ့အချိန်မှာ သူတို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် သင့်မြတ် ရေး မူကို ဦးထိပ်ထားပြီး အဓိကလုပ်ငန်းစဉ်အဖြစ်သတ်မှတ်ခဲ့တယ်။ တပ်မတော်နဲ့ အစိုးရ တနည်း ရွေးကောက်ခံ အစိုးရ နဲ့ သဘောထားတွေ တသံတည်းဖြစ်ဖို့ပါပဲ။
လေ့လာအကဲခတ်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သင့်မြတ်ရေးဟာ တပ်မတော်နဲ့ သင့်မြတ်ဖို့ကို အခရာထား တယ် လို့ ဝေဖန်ခဲ့ဖူးတာပဲ၊ တကယ့်တကယ်တော့ ၂ နှစ်ကျော်အတွင်း တပ်မတော်နဲ့ တသံတည်း မဖြစ်ခဲ့ဘူး။
ခိုင်မာတဲ့ ခွဲမရတဲ့ရင်ကြားစေ့ရေးကိုတော့ ယခုအထိမရသေးတာသေချာပါတယ်။ ငြိမ်းချမ်းရေးမရသေးတာ၊ အပစ် အခတ် ရပ်စဲရေးတွေ အားလုံးမရှိသေးတာ တပ်မတော် တာဝန်ယူတဲ့ ဌာနတွေနဲ့ အရပ်သား အစိုးရ တာဝန်ယူတဲ့ ဌာန တွေ ချင်းတသံတည်း မရှိသေးတာဟာ လက်တွေ့ပြယုဂ်ပါပဲ။ ဒီကြားထဲမှာ ရခိုင်ပြဿနာပေါ်လာခဲ့တယ်။
ရခိုင်အရေးဆိုတာ ရှင်းနေပါတယ်၊ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား ပြည်သူတွေအားလုံးက တဖက်နိုင်ငံတွင်းက ဘင်္ဂါ လီ တွေရခိုင်ပြည်နယ် အတွင်း ဗြောင်ရော၊ ခိုးကြောင်ခိုးဝှက် ရောဝင်လာပြီးအကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းကြ၊ ပြည်နယ် သီးသန့်ထူထောင်ဖို့ တောင်းဆိုကြ၊ မြန်မာနိုင်ငံမှာ ဘယ်ခေတ် ဘယ်သမိုင်းကမှ မရှိခဲ့ဘူးတဲ့ ရိုဟင်ဂျာ ဆိုတာကို ဖန်တီး ကြနဲ့ မြန်မာ့သမိုင်းကို နားမလည်တဲ့ အနောက်နိုင်ငံတွေနဲ့ အင်္ဂါလီတွေကို ထောက်ခံကြတဲ့ နိုင်ငံ တွေ က ရိုဟင်ဂျာ ဆိုတာ ကို မြှောက်ထိုးပင့်ကော် လုပ်ကြတဲ့အခါ မိမိတို့နိုင်ငံရဲ့တရားဥပဒေကို လိုက်နာရမယ့်အစား ဆန့်ကျင်ကြတဲ့အခါ ယခုလိုအပ်နဲ့ထွင်းရမယ့်အစား ပုဆိန်နဲ့ပေါက်ရမယ့်အခြေအနေရောက်လာတာပါပဲ။
ဒါကိုအခွင့်အရေးယူ တပ်မတော်နဲ့အစိုးရကြားမတူကွဲပြားတဲ့အခြေ အနေတွေကိုပုံကြီးချဲ့ပြီး တပ်မတော်က အာဏာ သိမ်းတော့ မယောင်၊ သဘောထားတွေ အကြီးအကျယ်ကွဲပြီး ထိန်းမရ သိမ်းမရဖြစ်တော့မယောင် ပုံကြီးချဲ့တဲ့ သတင်း ဆောင်းပါးတွေကိုလည်း တွေ့မြင်ကြရတယ်။
ဒါကို ပြေပြေလည်လည် ရှင်းပြပြီး ဒီနိုင်ငံမှာ ဒိလိုအခြေအနေ မရောက်ဘူးဆိုတာကို ဖြေရှင်းဖို့ လိုပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအကြောင်း နားမလည်တဲ့ လူတွေက၊ အသေအချာ သဘောမပေါက်တဲ့သူတွေက ချဲ့ကားလိုက်တာပဲ ဖြစ်ပါ တယ်။
၂၀၀၈ ဖွဲ့စည်းပုံရဲ့ ကန့်သတ်ချက်တွေ၊ တပ်မတော်ရဲ့ အခွင့်အရေးတွေ အသေ အချာ ရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်း သာ အုပ်ချုပ်သွားရင် တပ်မတော်က အာဏာသိမ်းစရာ ဘာမှမရှိပါဘူး။
ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တပ်မတော်တခုတည်း မဟုတ်ဘူး၊ နိုင်ငံရေးပါတီအားလုံး၊ တိုင်းရင်းသား လက်နက်ကိုင်အားလုံးနဲ့ သင့်မြတ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ရပါတယ်။
တိုင်းပြည်တာဝန်ကို ထမ်းဆောင်တဲ့ ကာလမှာ ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရနဲ့ တပ်မတော်ဟာ တသွေး တသံတည်းဖြစ်ဖို့ လိုပါတယ်။
အဲဒီလိုမဖြစ်ဘူးဆိုရင်တော့ သူတမျိုးငါတဖုံနဲ့ ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက် ကြမလဲ၊ နိုင်ငံကာကွယ်ရေးကို ဘယ်လိုထူထောင် ကြမလဲ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ဆွေးနွေးတဲ့အခါ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးဝင်းမြင့်တို့က ဘယ်လို အာမခံချက်တွေ ပေးပေး၊ ဥပမာ တိုင်းရင်းသားတွေ အတွက် တန်းတူအခွင့်အရေး အပြည့်အဝ ပေးမယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တိုင်းရင်းသားတွေရဲ့ သဘောအတိုင်း လုပ်ခွင့် ပေးမယ် လို့ (ဗိုလ်ချုပ် အောင်ဆန်းလို) ဘယ်လို ကတိပေးပေး တပ်မတော်က တို့တာဝန်အရေး ၃ ပါး အတိုင်း လက်မခံနိုင်ဘူး ဆိုရင် ငြိမ်းချမ်းရေး ခရီးဟာ ဝေးသထက်ဝေးသွား မှာပေါ့။
တပ်မတော်က နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့၊ တိုင်းတပါးရန်ပြုမှုနဲ့ ကျူးကျော်မှုတွေ၊ ပြည်သူ အတွက် အလွန်ကြီးမားတဲ့ အန္တရာယ် ကျရောက်လာတာမျိုး ကြုံတဲ့အခါ ကာကွယ်ပေးရမှာပဲ။ လိုအပ်တဲ့ နေရာမှာ စစ်အုပ်ချုပ်ရေး ကြေညာရမှာပဲ။
ဒါပေမယ့် အာဏာသိမ်းတာမရှိတဲ့ ဖွဲ့စည်းပုံမျိုးကို ရေးဆွဲရမှာပဲ၊ တပ်မတော်ဟာ လူထုက ရွေးတဲ့ သမ္မတရဲ့ အမိန့် ပေး မှု အောက်မှာ ဘူးဆိုဖရုံမသီးဘဲ ရိုရိုကျိုးကျိုးနဲ့ နာခံဆောင်ရွက်ရပါလိမ့်မယ်။
တပ်မတော်ဟာ သီးခြားဌာန မဟုတ်ဘူး၊ နိုင်ငံရဲ့ ဥသျှောင် အောက်မှာရှိတဲ့ Institution တခုသာ ဖြစ်ရပါလိမ့်မယ်။ ဒီအတွက် NLD ပါတီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ဘာလုပ်ကြမလဲ။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။