ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်မည့် တိုင်း အစိုးရပိုင် ရန်ကုန်မြို့သစ် တည်ဆောက်ရေး ကုမ္ပဏီ (NYDC) သည် မြို့သစ်စီမံကိန်းကို China Communications Construction Company (CCCC) က အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ CCCC ကို စီမံကိန်းချထားပေးလိုက်ခြင်း မဟုတ်ကြောင်း NYDC က အလေးပေးဖော်ပြခဲ့ခြင်း ဖြစ်သည်။
Swiss Challenge ပုံစံအရ အခြား ကုမ္ပဏီများက အဆိုပြုလွှာ တင်သွင်းသည့် လုပ်ငန်းစဉ် အတွင်း ပိုမိုကောင်းမွန်သည့် ကမ်းလှမ်းချက်များဖြင့် ယှဉ်ပြိုင် စိန်ခေါ်မှု ပြုလုပ်နိုင်ပါသည်။ အကယ်၍ ပိုမို ဈေးချိုသည့် နှုန်းထားဖြင့် အဆိုပြုချက်တခု ဝင်ရောက် ယှဉ်ပြိုင်မှု ရှိလာပါက CCCC အနေဖြင့် အခြား ကုမ္ပဏီမှ အဆိုပြုသည့် ဈေးနှုန်းအတိုင်း ပြန်လည်ယှဉ်ပြိုင်နိုင်ခွင့် ရှိသကဲ့သို့ လက်လွှတ်ရန်လည်း ဆုံးဖြတ်နိုင်ပါသည်။ ထိုအစီအစဉ်က စီမံကိန်း၏ ပွင့်လင်းမြင်သာမှု နှင့် ထိရောက်မှုကို တိုးစေလိမ့်မည်ဟု NYDC က ပြောသည်။
Swiss Challenge ပုံစံက ပြိုင်ဘက်ကင်းသည့် ပုံစံတခု မဟုတ်သလို အသုံးပြုမှု များပြားသည့် ပုံစံတခုလည်း မဟုတ်ပါ။ ဖိလစ်ပိုင်၊ အီတလီ၊ ထိုင်ဝမ်၊ ဂူအမ် တို့တွင် ထိုစနစ်အား ကျင့်သုံးခဲ့ကြသလို အိန္ဒိယ နှင့် သြစတြေးလျတို့တွင် ဒေသအလိုက် အသုံးပြု ခြင်းများ ရှိခဲ့ပါသည်။
၂၀၀၀ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ အခြေခံ အဆောက်အဦး စီမံကိန်းများကို ကမ္ဘာ့ဘဏ်က လေ့လာမှုတခု ပြုလုပ်ခဲ့ရာ၌ Swiss Challenge ၏ ဖြစ်လာနိုင်သော ပြဿနာအချို့ကို ဖော်ပြခဲ့သည်။ အခြားသော ယှဉ်ပြိုင်သူများက အဆိုပြုသည့် လုပ်ငန်းစဉ်၌ သူတို့တွင် အားသာချက် မရှိနိုင်ဟု ယူဆကြကြောင်း၊ အဘယ်ကြောင့် ဆိုသော် မူလ အဆိုပြုသူများက အာဏာပိုင်များနှင့် ဆက်ဆံရေး တခု တည်ဆောက်ခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သူတို့အနေဖြင့် အဆိုပြုလွှာတင်သွင်းခြင်း လုပ်ငန်းစဉ်တွင် တန်ပြန်စိန်ခေါ် အဆိုပြုရေး ပြင်ဆင်ချိန်လည်း ပိုနည်းသည်။ ပုံမှန်အားဖြင့် မူလ အဆိုပြုသူများသာ ကန်ထရိုက်ရရှိသွားတတ်သည်ဟု ကမ္ဘာ့ဘဏ်၏ လေ့လာမှုက တွေ့ရှိခဲ့သည်။
အဆိုပြုလွှာတင်သွင်းခြင်း လုပ်ငန်းစဉ်တွင် CCCC ကို မျက်နှာသာ ပေးမည်မဟုတ်ဟု NYDC က ပြည်သူလူထုကို အခိုင်အမာ ပြောကောင်း ပြောနိုင်ပါသည်။ အခြေခံကျသည့် မေးခွန်းတခုမှာ CCCC က စီမံကိန်း အကောင်အထည်ဖော်ရေး တာဝန်မယူမီ စီမံကိန်း ဒီဇိုင်းနှင့် Swiss Challenge ပုံစံတို့နှင့် ပတ်သက်၍ တိုင်းလွှတ်တော်တွင် ဆွေးနွေးရန် အခွင့်အရေး ရှိခဲ့သလား ဟူ၍ပင် ဖြစ်သည်။
၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ပုဒ်မ ၁၉၀(ခ) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့ကသာ တင်သွင်းခွင့် ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဒေသန္တရ စီမံကိန်း၊ နှစ်စဉ် ရသုံး မှန်းခြေ ငွေစာရင်းနှင့် အခွန် အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းရမည်” ဟု ပြဌာန်းထားပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၎င်း၏ စီမံခန့်ခွဲမှုတွင် အပြောင်းအလဲကို ကတိပြုခဲ့သည့် အတွက် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို ထိန်းသိမ်းရန် အသေးစိတ် အဆိုပြုချက်နှင့် ဘတ်ဂျက်ကို တိုင်းဒေသ လွှတ်တော်တွင် ဆွေးနွေးရန် တင်သွင်းသင့်ပါသည်။ ဆိပ်ကြီး ခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ထောက်ပြသည်မှာလည်း ထိုအတိုင်း အတိအကျပင် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မဲဆန္ဒရှင်များ အပေါ် သက်ရောက်မှုဖြစ်စေမည့် စီမံကိန်းများကို ဆွေးနွေးရန် တာဝန်ရှိပါသည်။
စီမံကိန်း အောင်မြင်မှုက ပြည်သူလူထု၏ ထောက်ခံမှုပေါ်တွင် တည်နေပါသည်။ NYDC ၏ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ (Town Hall) က အသိအမှတ်ပြုစရာ ဖြစ်သည်။ သို့သော်လည်း ပြည်သူများက စီမံကိန်း နှင့် စီမံကိန်း အကောင်အထည်ဖော်ရေး အစီအစဉ်တို့နှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိထားကြဆဲ ဖြစ်သည်။
ဥပမာပြရလျှင် မြေသိမ်း ခံရနိုင်သည့် အသိုင်းအဝိုင်းများကို အစိုးရက မည်သို့ ပြန်လည်နေရချထားမည်နည်း။ မြန်မာအစိုးရက ရင်းနှီးမြှုပ်နှံမှုကို မြေဖြင့် အစားထိုးမည် ဖြစ်သောကြောင့် မြေပမာဏ မည်မျှပါဝင် ပတ်သက်၍ အချိန်ကာလ မည်မျှအတွက် ဖြစ်ပါသနည်း။ CCCC က တည်ဆောက်ရေး အစီအစဉ်ကို NYDC သို့ မည်သည့် အချိန်တွင် တင်သွင်းမည်နည်း။ မူလ အဆိုပြုချက်များကို စိန်ခေါ်ယှဉ်ပြိုင်ရန် အခြား ကုမ္ပဏီများက အချိန်မည်မျှ ရမည်နည်း။ အကယ်၍ စီမံကိန်းကို ပြန်လည်သုံးသပ်ရန် လိုအပ်လာခဲ့လျှင် သို့မဟုတ် NYDC နှင့် CCCC တို့ကြားတွင် လက်မှတ်ထိုးထားသည့် သဘောတူညီချက်အရ ဒီဇိုင်းပြင်ဆင်လိုခဲ့လျှင် ဥပဒေကြောင်းအရ မလိုလားအပ်သော အကျိုးဆက်များ ရှိပါသလား။ အကယ်၍ နောက်ဆုံးတွင် CCCC က ကန်ထရိုက် ရရှိသွားခဲ့လျှင် စီမံကိန်း တည်ဆောက်ရေး၌ ဒေသခံများ အလုပ်လုပ်ကိုင်နိုင်ရေး အစိုးရက မည်သို့ သေချာစေမည်နည်း။
မြန်မာနိုင်ငံအတွက် စီးပွားရေး ဖွံံ့ဖြိုးတိုးတက်မှု လိုအပ်နေသည်မှာ သံသယ ရှိစရာမလိုပါ။ သို့သော်လည်း ယခင်စီမံကိန်းများမှ သင်ခန်းစာများကို လေ့လာသင့်ပါသည်။ မြစ်ဆုံဆည်နှင့် လက်ပံတောင်း ကြေးနီတွင်းတို့တွင် ကျမတို့ မြင်တွေ့ခဲ့ရ ပြီး ဖြစ်သည့်အတိုင်း လွတ်လပ်မှု၊ သတင်းအချက်အလက်နှင့် အများပြည်သူနှင့် ကြိုတင်သဘောတူညီမှု မရှိခြင်းတို့က နိုင်ငံတကာနှင့်ချီ၍ အငြင်းပွားမှုကို ဖြစ်စေပါလိမ့်မည်။ NLD အနေဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင် ညှိနှိုင်းဆွေးနွေး မှု ပြုလုပ်ရန်နှင့် စီမံကိန်း တိုးတက်ရေး လမ်းကြောင်းတွင် မလိုလားအပ်သည့် တုန့်ပြန်မှုများမှ ရှောင်ရှားနိုင်ရန် Swiss Challenge ပုံစံကို ပြန်လည် သုံးသပ်ရန် တိုက်တွန်းလိုပါသည်။
(Debby Chan Sze Wan သည် ဟောင်ကောင် တက္ကသိုလ် နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ဌာန မှ ပါရဂူတန်း ကျောင်းသူတဦး ဖြစ်ပါသည်။ စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ သုတေသနကို မြန်မာနိုင်ငံအား အလေးပေး ပြုလုပ်နေသည်။ ၎င်းရေးသားသော New Yangon City Challenges Regional Govt Transparency ကို ဆီလျော်အောင် ဘာသာပြန်သည်။)