ဗိုလ်ချုပ်နဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသည်ကို ဝမ်းနည်းပါ၏။ ဘာများ ထူးဆန်းပါသနည်း။ သို့သော် ထိုထက် ဝမ်းနည်းစရာ အကြောင်းရင်းက အာဇာနည်မှာ ကြုံရသည်။
အမှန်တကယ်တော့ အာဇာနည်နေ့ကို ပြည့်ပြည့်ဝဝ လွမ်းဆွတ်တမ်းတခွင့် ပြန်ရသည်ကိုက မကြာသေးချေ။ နှစ်ပေါင်းများစွာ အာဇာနည်နေ့ကို အမှောင်ချခဲ့ကြသည်ကို အများအသိ။ အခုလို တရားဝင် အစိုးရကိုယ်တိုင် အားပေးကာ ကျင်းပခွင့် ရပြန်တော့ အတိုးချကာ ကျင်းပကြသည်။ ငုပ်လျှိုးနေသော ဗိုလ်ချုပ်ချစ်စိတ်များက စွင့်စွင့်ငါးငါး ပွင့်လာခြင်းသာ ဖြစ်မည်။
သို့သော် သေသူအတွက် ဝမ်းသာနေသူများ၊ သေသူကို အမြင်မှားနေသည် (ဒါသည်ပင် ကျနော် တွေ့မြင်မိသမျှ တကိုယ်ရည် အမြင်) များကို တွေ့ရသောအခါ ဝမ်းနည်းမိသည်။ ပို၍ ဝမ်းနည်းစရာ ကောင်းသည်မှာ ဤအသံများသည် ကျနော်တို့ အနှစ်နှစ်အလလ အာဇာနည်သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့သူများဟု ကင်ပွန်းတပ်ထားကြသည့် အာဏာရှင်ဟောင်းများထံမှ မဟုတ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျောချင်းကပ် ဆောင်ရွက်နေကြရမည်ဟု လက်ခံထားခဲ့ကြသော တိုင်းရင်းသား ညီအစ်ကို များဆီက ဖြစ်နေသောကြောင့် ပိုဝမ်းနည်းစရာ ကောင်းခြင်း ဖြစ်ပါသည်။
“ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာခေါင်းဆောင်တစ်ယောက်သာ ဖြစ်တယ်။ ငါတို့ ရဲ့ အာဇာနည်က သက်သက် ရှိပြီးသား”။ တချို့ကလည်း “ဗိုလ်ချုပ်အောင်ဆန်းဟာ လူလိမ်။ ရိုးသားတဲ့ တိုင်းရင်းသားတွေကို ညာပြီး ဗမာလက်အောက် ရောက်အောင် လုပ်ခဲ့တယ်”။ နည်းနည်းပိုပျော့ပြောင်းသူများကတော့ “လူတယောက်အနေနဲ့ လေးစားဖို့ ကောင်းပါတယ်။ သို့သော် မြန်မာလွတ်လပ်ရေး ဖခင်ဆိုသည်ကိုတော့ လက်မခံ” စသည့် စကားများက ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားလာရသည်။ တိုင်းရင်းသားများ၏ ဗမာဆန့်ကျင်ရေး အခြေခံ စိတ်မှ ပေါက်ဖွားလာသော စကားလုံးများသာ ဖြစ်မည်။ ထို့အပြင် နှစ်ကာလများစွာ မညီမျှမှု၊ ပဋိပက္ခ စစ်ပွဲများ ဖန်တီးပေးလိုက်သော ဒဏ်ရာများ ဖြစ်မည်။ အပြစ်ဆိုရန်တော့ မသင့်ပါ။ သို့သော် မဖြစ်မနေ ဆန်းစစ်ရမည့် အပိုင်းတခုတော့ ရှိသည်။ ဆန့်ကျင်ခြင်း အခြေခံစိတ်ထဲတွင် အမုန်းတရားများ မည်မျှပါဝင်နေသနည်း။
ပြည်နယ်တခုတွင် တာဝန်ကျနေသော သူငယ်ချင်းကို မေးကြည့်မိသည်။ အဲ့သည်မှာ အာဇာနည်နေ့ လုပ်သလား။ သူကလည်း ပြန်မေးသည်။ အာဇာနည်ထဲမှာ သူရောက်နေတဲ့ ပြည်နယ်က လူမျိုးပါသလားတဲ့။ ဆွံ့အသွားရသည်။
မနှစ်က ပြည်နယ်တခုရဲ့ အာဇာနည်နေ့ အခမ်းအနားကို ကြုံဖြစ်သည်။ ဘုရားမှာ ရည်စူး ဆွမ်းကပ်ရုံမျှ လူမသိ သူမသိ ပွဲလေးသာ လုပ်နိုင်သည်။ ဝန်ကြီးချုပ်သည် NLD မှ ရွေးတင်ထားသူ။ လွှတ်တော်ကိုတော့ တိုင်းရင်းသားပါတီက ထိန်းချုပ်ထားပြီး တစောင်းစေးနှင့် မျက်ချေးဖြစ်နေသော ပြည်နယ်။ အဲ့သည်ဒေသကို ရောက်တာ မကြာသေးသော ညီတယောက်ကတော့ အကြီးအကျယ် ရှော့ခ်ရသွားပုံရသည်။ အစဉ်အဆက် သူယုံကြည်သက်ဝင် ကြည်ညိုခဲ့သော အာဇာနည် သူရဲကောင်းကြီးများသည် လူလိမ်ကြီးများ ဖြစ်ကာ နင်ပဲငဆ အပြောခံရသည်ကို နာခံခက်ပုံရသည်။ ဒီလိုပုံစံနဲ့တော့ ဘယ်လိုလုပ်များ ငြိမ်းချမ်းရေး ရနိုင်မှာတဲ့လဲဗျာဟု ငြီးရှာသည်။
သူတို့ ဘာကြောင့် အာဇာနည်တွေကို မျက်နှာလွှဲ ခဲပစ်သာမက တူးတူးခါးခါး ဖြစ်နေရသနည်း။
သတိထားမိသည့် အချက်တခုက ဗမာ၊ မြန်မာ စကားလုံး လှည့်စားမှု ဖြစ်သည်။ လူငယ်များ (အထူးသဖြင့် ၈၈ နောက်ပိုင်းဖွားများ) ဗိုလ်ချုပ်မိန့်ခွန်းများ ဖတ်တိုင်း ဗမာပြည် ဗမာလူမျိုး၊ ဗမာ့လွတ်လပ်ရေး စသည်ဖြင့် ဗမာဆိုသော စကားလုံးကိုသာ ရည်ညွှန်းသုံးခဲ့သည်။ ၁၉၈၉ ခုနှစ် ကြေငြာချက်အမှတ် ၂/၈၉ ဖြင့် ဗမာကို မြန်မာဆိုသော စကားလုံးဖြင့် အစားထိုးခဲ့သည်။ ဗမာသည် လူမျိုးတမျိုးကိုသာ ကိုယ်စားပြုပြီး မြန်မာသည်သာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည်ဟု ပုံဖော်ခဲ့သည်။ ထို့ကြောင့် လူငယ်တော်တော်များများက ဗိုလ်ချုပ်က ဗမာလူမျိုးတမျိုးတည်း အတွက်သာ လုပ်သည်ဟု ထင်မိကြသည်။
ဒုတိယအကြောင်းအရင်းကတော့ ဗိုလ်ချုပ်အောင်ဆန်း သူတို့ကို လိမ်လည်ခဲ့သည် ဆိုသည့် စွဲထင်နေချက်နှင့် လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး ခွဲခြားဆက်ဆံ အုပ်ချုပ်ခဲ့သော အာဏာရှင် ရာစုနှစ်များ၏ ရိုက်ချက်လို့သာ ကောက်ချက်ချရမည်။ နောက်လူတို့၏ တန်းတူညီမျှရေးဆိုသည့် ကတိကဝတ်များ မဖြည့်စည်းနိုင်ခဲ့၊ ပျက်ကွက်ခဲ့သည်များက ကတိပေးခဲ့သူကို အပြစ်ဖြစ်စေခြင်း ဖြစ်သည်။ ခက်သည်က ကတိပေးခဲ့သူက ဖြည့်ဆည်းရန် မတတ်နိုင်တော့သော အနေအထားသာ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာခေါင်းဆောင်ပဲ။ ဗမာ စစ်တပ်ကပဲဟု မြင်ကြခြင်းဖြစ်သည်။ တကယ်လည်း တပ်မတော်ရဲ့ ဖခင်ကြီးဟု အပ်ကြောင်းထပ်အောင် ပြောနေသည်ကိုး။ မည်သို့ပင် တိုင်းရင်းသားပေါင်းစုံပါသည့် စစ်တပ်ဖြစ်သည်ဟု ထန်းလက်နဲ့ ကာသည်ဖြစ်စေ ဗမာစစ်တပ်က သူတို့နဲ့ ဆန့်ကျင်ဘက် ရန်သူ ဖြစ်နေဆဲ မဟုတ်ပါလား။
ခြုံငုံ၍ ပြောရလျှင် နက်ရှိူင်းစွာ ကွဲလွဲနေသော ကျနော်တို့ လူ့အဖွဲ့အစည်း၏ ဖုံးမိထားသော အနာဆွေး ပွင့်အံလာခြင်းဟု မြင်မိသည်။ သေချာသည်ကတော့ ဒီဖြစ်ရပ်များသည် နစ်မြုပ်နေသော ပြဿနာများ၏ အစပိုင်းလေးသာ ရှိသေးသည်။
ဒါပေမယ့် သူတို့နဲ့ တွေ့တိုင်း ကျနော် ဆင်ခြေတက်ဖြစ်တာက အာဏာရှင်ဆိုတာ ဘယ်သူ့ကို မဆို ဒုက္ခပေးခဲ့တာပဲ။ ဗမာပြည်အလယ်ပိုင်းကို သွားကြည့်ပါ။ နယ်စွန်ဖျားနဲ့ မခြား ဆင်းရဲ စုတ်ပြတ်နေတာတွေ တပုံကြီး။ အာဏာရှင်စနစ်ဆိုးဆိုတာ အရင်းအဖျားမချန်ပါ။ ဗမာသော တိုင်းရင်းသားသော မခွဲခြားပါ။ ဒါက ကျနော်ပေးတတ်သည့် ဆင်ခြေဖြစ်သည်။ သို့သော် ကျနော့ ဆင်ခြေသည် သိပ်အားကောင်းပုံမရပါ။ တိုင်းရင်းသား ဒေသများသည် ဗမာအများစု နေထိုင်သော ရန်ကုန် မန္တလေးတို့နှင့် နှိူင်းယှဉ်လျှင်တော့ များစွာ ဖွံ့ဖြိုးမှူ နောက်ကျနေသည်မှာ ပကတိ မညီမျှမှူ အမှန်တရား။ ဗမာလူမျိုးအများစုပါဝင်သည့် အာဏာရှင်အဆက်ဆက် ရှိသမျှ တိုင်းပြည်၏ သယံဇာတများကို ဂုတ်သွေးစုပ်ခဲ့တော့လည်း မပြေးသော် ကံရာရှိပြီးသား ဖြစ်သည်။
နှစ်ကာလ ကြာရှည်ခဲ့သော အမုန်းတရားများနဲ့ ဘယ်လိုများ ငြိမ်းချမ်းရေး လုပ်ကြမတုန်း။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်လိုက်ရုံနှင့် ဖက်ဒရယ်စနစ် ဖြစ်မြောက် အောင်မြင်သွားရုံနှင့် ချက်ခြင်း စည်းလုံးချစ်ကြည်သွားကာ အဆင်ပြေသွားမတဲ့လား။ တချို့ကတော့ နိုင်ငံရေး ကိစ္စ မပြေလည်သေးဘဲ ဒါတွေ ပြောနေခြင်းက အဆင့်ကျော်နေခြင်းဟု မြင်ကောင်း မြင်မည်။ သို့သော် ရေရှည်ကို မျှော်မြင်သော ငြိမ်းချမ်းရေးဆိုလျှင်တော့ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် ကြိုးစားနေချိန်မှာပင် တပြိုက်နက် လူမှုရေးပြဿနာများ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ထည့်သွင်းစဉ်းစား ကုစားသွားရန် လိုသည်။ ထိုအချက်များကို ငြိမ်းချမ်းရေး စကားဝိုင်းများတွင် မကြားရသေး။ ရင်ဘတ်ထဲက အနာများ၊ ဒဏ်ရာများကို မကုစားနိုင်ပါက အမုန်းတရား အာဃာတတရားများ ကြီးထွားနေမြဲ ဖြစ်ပါက တဦးကို တဦး ယုံကြည်မှု ရှိနိုင်ပါမည်လား။ ယုံကြည်မှု မရှိဘဲ ငြိမ်းချမ်းရေး တည်ဆောက်ရမည့် နိုင်ငံရေး လုပ်ငန်းစဉ် အောင်မြင်နိုင်ပါမည်လား။ ပဋိပက္ခများသည် အသွင်ပြောင်းရုံသာ ပြောင်းသွားမည်ဖြစ်ပြီး လျော့နည်းသွားမည် မဟုတ်ပါ။
ဗိုလ်ချုပ်အောင်ဆန်းဟာ တကယ်ပဲ တိုင်းရင်းသားတချို့ ထင်မြင် ယူဆနေသလို လိမ်ညာခဲ့သလား။ ဗိုလ်ချုပ်အောင်ဆန်း လိမ်ညာတဲ့ သဘော သက်ရောက်သွားအောင် ဘယ်အချက် ဖြစ်စေခဲ့တာလဲ။ သေသေချာချာ သုတေသန ပြုသင့်သော အကြောင်းအရာ ဖြစ်သလို တချို့လည်း ရေးသား ဖော်ထုတ်နေကြပြီ ဖြစ်သည်။ ထိုသို့ အချက်အလက် အခြေခံ မဟုတ်ဘဲ စိတ်ခံစားချက်အတိုင်း ပုံဖော် ပြောဆိုခြင်းများက ကောင်းကျိုးထက် ဆိုးကျိုးသာ များစေမည်။
သမီးအောင်ဆန်း လက်ထက်တွင်တော့ ဦးစားပေး လုပ်ငန်းထဲတွင် ပြည်တွင်း ငြိမ်းချမ်းရေးကို ထည့်ထားခဲ့ပြီး လုပ်ဆောင်နေသည်။ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းခြင်းမှတဆင့် ကျမ အဖေ မလိမ်ခဲ့ဘူး၊ အာဏာယစ်မူးခဲ့တဲ့ လူတစုနဲ့ လွဲလွဲမှားမှား စိတ်ကူး ကြံစည်သူတို့ကြောင့်သာ အထင်မြင်မှားတာဟု သက်သေပြနိုင်မလားဆိုတာကတော့ သမီးအောင်ဆန်းရော သူ့ကို ထောက်ခံနေသူများပါ သဘောထားကြီးစွာနှင့် ကျားကုတ်ကျားခဲ ကြိုးစားရမည်ဟု မြင်ပါသည်။ သို့သော် သူတို့ချည်းတော့ တတ်နိုင်သော ကိစ္စမဟုတ်။ အားလုံး ဝိုင်းဝန်းမှ ရမည့်ကိစ္စသာ။
အထူးသဖြင့် လက်ရှိအခြေအနေအရ လူမျိုးကြီးဖြစ်ပြီး နေရာတကာ လွှမ်းမိုးနေသည်ဟု အမြင်ခံနေရသော ဗမာတွေအနေနဲ့ကော ဘယ်လောက်အထိ တိုင်းရင်းသားတွေကို သဘောထားကြီးကြောင်း အပြောမဟုတ် လုပ်ရပ်များဖြင့် သက်သေပြနိုင်မည်နည်း။
လက်တွေ့ဖြစ်ရပ်များ၊ လုပ်ဆောင်ချက်များကို သုံးသပ်ကြည့်ပြန်တော့ ဆန့်ကျင်ဘက်လားရာကို ညွှန်ပြနေသည်။ အမျှော်အမြင်ကင်းမဲ့မှု၊ တဖက်သတ်ဆန်ကာ ပွင့်လင်းမှု အားနည်းသော ဆောင်ရွက်ချက်များက ရှိရင်းစွဲ ဒဏ်ရာများကို ပို၍သာ ဆိုးဝါးသွားစေသည်ဟု သုံးသပ်ရမည်။
ပထမဥပမာ အဖြစ် အာဇာနည်ကိုးဦးရှိသည့်အနက် ဗိုလ်ချုပ်အောင်ဆန်း တဦးတည်းကိုသာ သိသာလွန်းစွာ အမွှမ်းတင်လွန်းတာမျိုးဟာ နဂို အစွဲရှိပြီးသားဖြစ်နေသည့် အခြားတိုင်းရင်းသားတွေဆီမှာ မှားယွင်းသော အမြင်ကိုသာ တိုးစေသည်။ သာဓကအားဖြင့် အာဇာနည်ပန်းခြံနှင့် ရုပ်တုများ ထုလုပ် ထားရှိရာတွင် အာဇာနည်ကိုးဦး အစုံရှိသည့် မြို့ဟူ၍ တနိုင်ငံလုံးတွင် တမြို့တည်းသာ ရှိသည်ဟု မှတ်သားမိသည်။
ဒုတိယ ဥပမာကတော့ လတ်တလော ဖြစ်ပျက်နေသည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကိစ္စဖြစ်သည်။ ကယားနှင့် နာဂအပါအဝင် ပြည်နယ် နေရာ တော်တော်များများ ကန့်ကွက်သည်။ ကယားပြည်နယ်မှာတော့ တရားစွဲဆိုရသည်အထိ ဖြစ်ခဲ့သည်။
တိုင်းရင်းသားများဘက်ကရော ကြိုတင် ကနဦး သတ်မှတ်ချက်ဘောင်များ ဆုပ်ကိုင်ကာ ရပ်ခံနေမည်လား။ အတူတကွ ညီတူမျှစွာ နေနိုင်ဖို့ဆိုရင် စိတ်အခံတွေကို အရင်ဆုံး သဘာဝကျကျ ပြန်သုံးသပ်ဖို့ မသင့်ဘူးလားဟု မညှာမထောက် မေးလိုပါ၏။ အားလုံး အတူတူ ဝိုင်းဝန်းပုံဖော်ကြမည် ဆိုသည့် စိတ်အခံကို မွေးမြူနိုင်ဖို့ မသင့်ပါလား။ တကယ်တန်းတော့ တိုင်းရင်းသားအားလုံးအပေါ် အရိပ်မိုးနေသည့် အာဏာရှင် အရိပ်ဆိုးကြီးနှင့် တရားမျှတမှု မရှိသည့် နိုင်ငံရေး စနစ်ဆိုးကြီး ရှိနေသေးသည်ကို မျက်ခြေ မပြတ်ရန် လိုပါသည်။ လူတိုင်း ငါ့ဒဏ်ရာက ပိုကြီးတယ်ဟု မြင်တတ်သည့် သဘောရှိရာ ဒဏ်ရာတွေ အကြီးပြိုင်ကာ အခြားသူကို လက်ညှိုးထိုးမည့်အစား ဒဏ်ရာတွေ ကုစားရာ နည်းလမ်းများကို ဦးစားပေးသင့်သည်။ တယောက် ဒဏ်ရာကို တယောက်က နားလည် ဖေးကူ ပေးခြင်းသည်လည်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဖြစ်ပါလိမ့်မည်။
အားလုံး တန်းတူညီမျှ ဖြစ်အောင် ကြိုးပမ်းခြင်းဖြင့်သာ ခြားနားသော စည်းကြားကို နီးကပ်စေနိုင်ပါလိမ့်မည်။ အားလုံးတန်းတူညီမျှ ဖြစ်စေဖို့ဆိုလျှင်တော့ လူအများစုမို့ မင်းတို့က ပေးရမယ်ချည့် သဘောမထား၊ လူနည်းစုမို့ ယူရမယ်ချည့်တော့ မြင်လို့ မဖြစ်။ အနည်းဆုံးတော့ လူနည်းစုထံမှ ပူးပေါင်းဆောင်ရွက်မှူနှင့် လူများစုထံမှ သဘောထားကြီးခြင်းတို့ ပေါင်းစပ်ဖို့ လိုပါလိမ့်မည်။ ဤသေးငယ်လှသော တိုင်းပြည်ကလေးကို တည်ဆောက်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိပါ၏။ သေချာသည်ကတော့ နားလည်မှူအလွဲ၊ ယုံကြည်မှူ ကင်းမဲ့၊ အမုန်းတရား ငြီးငြီးဖြင့်တော့ တည်ဆောက်၍ မရပါလေ။
အာဇာနည်များကား သူတို့ အာဇာနည်ဖြစ်မဖြစ် သိချင်မှသိသွားပေလိမ့်မည်။ သူတို့အကြောင်း အငြင်းပွားနေတာကို သိတော့မည်မဟုတ်။ တမလွန်မှာ ငြိမ်းချမ်းစွာ အနားယူခွင့်ရသွားပြီ။ ကျနော်တို့မှာသာ နှစ် ၇၀ ကျော်ထိ ပြည်တွင်းမီးသာမက ရင်တွင်းမီးပါ လောက်မြိုက်၍ ကောင်းတုန်း။ ထိုထိုသော အဇ္ဈတ္တမီးများကို ကြည့်ကာ အာဇာနည်နေ့တွင် ဝမ်းနည်းခဲ့ရပါကြောင်း အာဇာနည်ကြီးများအား သတင်းစကားပါးလိုလှပါသည်။
(လင်းငယ်သည် လူငယ်ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)