၁၉၈၈ ခုနှစ်က ရန်ကုန်မြို့သည် ၈၀ စတုရန်း မိုင် (၂၀၇ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။ ထိုမှ စတင်သည့် ဆယ်စုနှစ် ၃ ခု ကာလအတွင်း ရန်ကုန်မြို့သည် ကြီးမားကျယ်ပြန့်လာပြီး ယခုအခါ စတုရန်းမိုင် ၃၀၀ (၇၇၇ စတုရန်းကီလိုမီတာ) ခန့်ကျယ်ဝန်းလာသည်။
စာရေးသူသည် မြို့ပြစီမံကိန်း ရေးဆွဲသည့် နယ်ပယ်တွင် ကျင်လည်နေခဲ့သည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီဖြစ်ပြီး ထိုမျှ တိုတောင်းသောကာလအတွင်း အရွယ်အစားအရ ၃ ဆ ပိုမိုကြီးမားလာသည့် တခြားမြို့ကြီးတမြို့ကို မတွေ့ခဲ့ဖူးပေ။ သို့သော် ရန်ကုန်မှ အာဏာပိုင်များသည် ရန်ကုန်မြို့သစ်စီမံကိန်းကို ထပ်မံ အကောင်အထည် ဖော်ပြီး ရန်ကုန်ကို တိုးချဲ့ရန် စီစဉ်နေကြသည်။
ထိုစီမံကိန်းအတွက် အောက်ပါမေးခွန်းများကို ဖြေကြားပေးရန် လိုအပ်လာပြီ ဖြစ်သည်။
• ပြည်သူများ၏ လက်ရှိနှင့်အနာဂတ် လုပ်ငန်းဆောင်တာများအတွက် မြေပိုမို လိုအပ်ပါသလား။ (ဥပမာ – စက်မှု လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများ စသည်။)
• ရန်ကုန်ရှိ မြေနှင့် တိုက်ခန်းဈေးများ အလွန်အကျွံ တက်နေသောကြောင့် ရန်ကုန်ပတ်ဝန်းကျင်တွင် နေရာသစ်များ ဖော်ထုတ်ရန် လိုအပ်လာပါသလား။
• ရေပေးဝေရေး၊ အညစ်အကြေးနှင့် ရေနုတ်မြောင်းစနစ်၊ လမ်းကွန်ရက်များ စသည့် အခြေခံ အဆောက်အအုံ များသည် ကျေနပ်လက်ခံနိုင်ဖွယ်ရှိပြီး ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ပါသလား။
ရန်ကုန် ရင်ဆိုင်နေရသည့် ထို အဓိက ပြဿနာများကို မြို့သစ်စီမံကိန်း ရေးဆွဲသောအခါ ထည့်သွင်း စဉ်းစား ဖြေရှင်းရမည်မှာ ထင်ရှားလှသည်။ သက်ဆိုင် ဆက်စပ်နေသည့် အချက်အလက်နှင့် ကိန်းဂဏန်းများကို အောက်တွင် ဖော်ပြပေးထားသည်။
• ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရန်ကုန်တွင် နေ့စဉ် ရေဂါလံ သန်း ၂၀၀ ဖြန့်ဖြူး ပေးနေပြီး မြန်မာနိုင်ငံမှ ဝင်ငွေအများဆုံး ရသူများအတွက် စံနှုန်းဖြစ်သော လူတဦး တနေ့ ရေ ဂါလံ ၃၀ နှုန်းဖြင့် တွက်ပါက ထိုပမာဏသည် ရန်ကုန်လူဦးရေ ၅့ ၂ သန်းအတွက် လုံလောက်ရုံမက ပိုလျှံနေသည်။ သို့သော် ရန်ကုန်ရှိ မိသားစု စုစုပေါင်း ၁. ၁ သန်းအနက် မိသားစု ၃၃၀၀၀၀ (၂၈ ရာခိုင်နှုန်း) သာ မြို့တော် ရေးပေးဝေရေး ကွန်ရက်နှင့် ချိတ်ဆက်ထားသည်။ ကျန်သူများမှာ အခြားသောအရင်းအမြစ်များမှ ရေကို သုံးစွဲနေရပြီး အများစုမှာ မြေအောက်ရေကို ရယူသုံးစွဲကြသည်။
• မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းသည် ဆိုးကျိုးများဖြစ်လာနိုင်ကြောင်း လူတိုင်းသိနေသော အချက်ပင်ဖြစ်သည်။
• လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်မှုအရ ကြည့်ပါကလည်း လူနေအိမ်ပေါင်း ၆၆၀၀၀၀ (၆၁ ရာခိုင်နှုန်း) သာ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားပြီး မီတာဘောက်စ်များ ရှိကြသည် (၂၀၁၄ ခုနှစ် အချက်အလက်များအရ)။
• ရန်ကုန်ရှိမြေဧရိယာ ၅၀ ရာခိုင်နှုန်းသည် မိုးရာသီတွင် ရေကြီးမှုဒဏ် ခံရသည့် အနေအထားတွင် ရှိသည်။ ထိုသို့ရေကြီးခြင်းသည် သွားလာနေထိုင်မှု အခက်အခဲများကိုသာမက ကျန်းမာရေးအရလည်း အန္တရာယ် ရှိသည်။
• ထိုအခြေအနေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရေးမှာ လွန်စွာအရေးကြီးသည်။ နေရာ အများအပြားတွင် စနစ်ကျသော ရေနုတ်မြောင်းစနစ် မရှိဘဲ အများအပြားတွင် ရေနုတ်မြောင်း မြေပုံပင် မရှိပေ။ တမြို့လုံးအတွက် ရေနုတ်မြောင်း စနစ် မဟာစီမံချက်ကို ဖန်တီးခြင်းဖြင့်သာ အခြေအနေကို တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
• အညစ်အကြေးနှင့် အိမ်သုံးစွန့်ပစ်ရေ အခြေအနေကို လေ့လာပါက ရန်ကုန်၏ အချက်အခြာ စီးပွားရေးရပ်ကွက် (CBD) ရှိ မြို့နယ် ၇ မြို့နယ်မှ မိသားစု ၇ ရာခိုင်နှုန်းသာ ဗဟိုအညစ်အကြေးစွန့် စနစ်နှင့် ဆက်သွယ်ထားသည်။ ၅၆ ရာခိုင်နှုန်းသည် မိလ္လာကန်စနစ် သို့မဟုတ် ယင်လုံအိမ်သာများကို အသုံးပြုကြသည်။ ကျန် ၂၉ ရာခိုင်နှုန်းသည် ကျန်းမာရေးနှင့် မညီညွတ်သော အညစ်အကြေးစွန့် စနစ်များကို အသုံးပြုနေကြသည် (၂၀၁၄ ခုနှစ် အချက်အလက်များကို အခြေခံသည်)။
• အစိုင်အခဲပုံစံရှိ အမှိုက်စွန့်ပစ်မှု အခြေအနေအရ ကြည့်ပါက အမှိုက်များကို သိမ်းယူပြီး အမှိုက်ပုံတွင် ပုံထားသည်။ မည်သည့် မီးရှို့သောစနစ် သို့မဟုတ် မည်သည့်ပြုပြင်သည့် စနစ် သို့မဟုတ် မည်သည့် အမှိုက်မှ စွမ်းအင်ထုတ်ယူသည့် စနစ်မျှ မရှိပေ။
• YCDC ၏ ၂၀၁၄ ခုနှစ် စစ်တမ်းအရ ရန်ကုန်မြို့တွင် သွားလာနေသူအားလုံး၏ ၈၅ ရာခိုင်နှုန်းသည် ဘတ်စ်ကား များကို အသုံးပြုကြပြီး ၈ ရာခိုင်နှုန်းက ကိုယ်ပိုင်ယာဉ်များသုံးကာ ၅ ရာခိုင်နှုန်းက ရထား အသုံးပြုသည်။ ၁၉၅၀ ခုနှစ်များက မြို့တော်အာဏာပိုင်များ၏ ကျေးဇူးကြောင့်သာ ရန်ကုန်တွင် မြို့ပတ်ရထားစနစ် ရှိနေသော်လည်း ယခုအချိန်တွင်မူ ထိုရထားလမ်းကို အပြည့်အ၀ အသုံးချနိုင်ခြင်း မရှိသေးပေ။ ခရီးသွားလာရသော ကြာချိန်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် စွမ်းအင်အသုံးပြုမှု စသည်တို့ကို လျှော့ချနိုင်ရန် ရထားဖြင့် ခရီးသွားလာသူ အချိုးအစားကို ၇ ဆ တိုးမြှင့်ပေးရန် လိုအပ်နေသည် (ရန်ကုန်နှင့် အလားတူ အရွယ်အစားရှိ မြို့ကြီးများတွင် ရထားစီးနင်းမှုသည် ၅၀ ရာခိုင်နှုန်းနှင့်အထက် ရှိနေသည်)။
• ရန်ကုန်တွင် နေ့စဉ်သွားလာနေသူ ၃. ၅ သန်းခန့်အနက် ၃၀ ရာခိုင်နှုန်းခန့်သည် တနေ့လျှင် ၃ နာရီကျော် လမ်းခရီးတွင် အချိန်ကုန်နေကြသည်။ အလုပ်ချိန် ၈ နာရီနှင့် ပေါင်းလိုက်သောအခါ ဝင်ငွေရှာကြရသူများသည် မိသားစုများနှင့် တနေ့လျှင် ၁၁ နာရီ ခွဲခွာနေထိုင်ကြရသည်။ ထိုသို့နေထိုင်ရခြင်းသည် လူမှုကင်းကွာခြင်းကို ဖြစ်စေပြီး မိသားစု ဆက်ဆံရေးများကို ထိခိုက်စေသည်။
• သမိုင်းဆိုင်ရာ အကြောင်းများကြောင့် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ၏ ၄၆ ရာခိုင်နှုန်းသည် CBD နယ်မြေအတွင်း သို့မဟုတ် ဗဟန်း၊ ကြည့်မြင်တိုင်၊ စမ်းချောင်းစသည့် CBD နှင့် နီးကပ်သော မြို့နယ်များတွင်သာ တည်ရှိနေသည်။ ထိုနေရာများသည် မြို့တော်၏ စုစုပေါင်း အကျယ်အဝန်း၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ထိုသို့ မြေအသုံးပြုသော ပုံစံကြောင့် ထိုလူနေမှု ထူထပ်သော စီးပွားရေးဇုန်သို့ နေ့စဉ်သွားလာနေသူ ၄၃ ရာခိုင်နှုန်းခန့် ရှိသည်။
• ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်ကြောစီးဆင်းမှု နှေးကွေးနေခြင်၏ အဓိကအကြောင်းရင်းမှာ နေရာတခုတည်းကို ဗဟိုပြုထားသော မြေအသုံးချမှုကြောင့် ဖြစ်သည်။ ထိုသို့သော မြေအသုံးပြုမှုပုံစံကို ခွဲထုတ်ပြီး မြို့စွန်နေရာများတွင် ဗဟိုချက်ခွဲသစ်များ တည်ဆောက်ရန် မြို့ပြစီမံကိန်း ရေးဆွဲသူများနှင့် ယာဉ်လမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုထားသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။
• ယာဉ်ကြောပိတ်ဆို့ခြင်းနှင့် ပတ်သက်နေသည့် အခြားအကြောင်းတခုမှာ ရန်ကုန်ရှိ လုပ်သားအင်အားစု ကဏ္ဍအလိုက် ကွဲပြားမှုကြောင့်ဖြစ်သည်။ ရန်ကုန်ရှိ ုလုပ်သားအင်အားစု၏ ၁၁ ရာခိုင်နှုန်းသည် အစိုးရ ကဏ္ဍတွင် လုပ်ကိုင်ပြီး ၈၀ ရာခိုင်နှုန်းမှာ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ကိုင်ကာ ၉ ရာခိုင်နှုန်းသာ စက်မှုကဏ္ဍတွင် ရှိနေသည်။
• ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းမြင့်မားနေခြင်းကြောင့် လမ်းဘေးဈေးသည်များ ပေါများစေပြီး ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုဆိုးရွားစေသည်။
• စက်မှုဖွံ့ဖြိုးတိုးတက်ရေးအရ ကြည့်ပါက ရန်ကုန်တွင် စက်မှုမြေကွက် ၂၀၀၀၀ ခန့်ရှိပြီး ၎င်းတို့၏ ၆၀ ရာခိုင်နှုန်းကိုသာ အသုံးပြုနေကြသည်။ ကုမ္ပဏီတခုက ထိုထိုမြေကွက်များကို လက်ဝါးကြီးအုပ်ထားပြီး တကွက်လျှင် ကျပ်သန်း ၆၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၆ သိန်းခန့်ဖြင့် ရောင်းချနေသည်။
• အလုပ်သမား ၇၀၀ မှ ၁၀၀၀ အထိရှိသော အထည်ချုပ်၊ ပရိဘောဂနှင့် အခြားသော အဆင့်နိမ့် နည်းပညာ စက်ရုံတရုံ ထူထောင်ရန် ပျှမ်းမျှ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ တသန်းမှ နှစ်သန်းကြားရှိနေကြောင်း သုတေသနများအရ သိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြေတန်ဖိုး အချိုးမှာ ၂: ၁ ရှိနေပြီး ထိုအချက်သည် ရန်ကုန်နှင့် မြန်မာတနိုင်ငံလုံးသို့ စက်မှုကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းကို အတားအဆီး ဖြစ်စေသည့် အရေးပါသော အချက်တခုဖြစ်သည်။
• ရန်ကုန်တွင် လူဦးရေ ပျံ့နှံ့မှုသည်လည်း လွန်စွာ ညီညာခြင်းမရှိပေ။ နှိုင်းယှဉ်ချက်အားဖြင့် အခြေခံ အဆောက်အအုံ ပိုမိုကောင်းသော သက်တမ်းပိုမိုရင့်သည့် နေရာဟောင်းများတွင် လူဦးရေ သိပ်သည်းဆမှာ ၁ စတုရန်း မိုင်လျှင် ၁၀၀၀၀ မှ ၅၀၀၀၀ အထိရှိနေပြီး အသစ်ဖော်ထုတ်ထားသည့် ဆင်းရဲသော ရပ်ကွက်များတွင် ၁ စတုရန်းမိုင်လျှင် လူ ၇၀၀၀ မှ ၁၅၀၀၀ အတွင်းတွင်သာ ရှိနေသည်။
• ရန်ကုန်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ထို ပိုမိုဆင်းရဲပြီး အဆင့်မမီသော နေရာများတွင် နေထိုင်ကြသည်။ လူဦးရေပျံ့နှံ့မှု မညီမျှခြင်းသည် ယာဉ်ကြောနှင့် သယ်ယူပို့ဆောင်ရေး ပြဿနာများကို ပိုမိုဆိုးရွားစေသကဲ့သို့ လူမှု ခွဲခြားမှုကိုလည်း ဖြစ်စေသည်။
• မြေလိုအပ်ချက်အရ ကြည့်မည်ဆိုပါကလည်း ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် စတုရန်းမိုင် ၂၀၀ သို့မဟုတ် ဧက ၁၂၀၀၀၀ ကို တိုးချဲ့စီမံကိန်းအဖြစ် မြို့ နယ်နိမိတ်အတွင်း ပေါင်းထည့်ခဲ့သည်။ မြို့၏ အရှေ့မြောက်ဖက်ရှိ မြေဧက ၁၇၀၀၀ မှာ မြေလွတ်ဖြစ်နေသေးပြီး ကုမ္ပဏီအချို့ကို ချထားပေးသော မြေဧက ထောင်ဂဏန်းအချို့လည်း အသုံးမပြုရသေးဘဲ ရှိနေသည်။
• ထိုမြေလွတ်များသည် မင်္ဂလာဒုံဥယာဉ်မြို့တော်၊ မြို့ပတ်ရထားလမ်းနှင့် ဟံသာဝတီလေဆိပ်စီမံကိန်းသို့ အဝေးပြေးလမ်းများနှင့် နီးကပ်စွာ တည်ရှိသည်။ ထိုနေရာများတွင် တိုးချဲ့ပါက နောက်ထပ် လယ်ယာ စိုက်ပျိုးရေးမြေ ဆုံးရှုံးမှု ထပ်မံဖြစ်ပေါ်ခြင်း မရှိဘဲ တံတားများ၊ ချဉ်းကပ်လမ်းများအတွက် ငွေကြေးထပ်မံ ကုန်ကျရန်လည်း မရှိပေ။
• မြေနှင့် တိုက်ခန်းဈေးများအရ ပြောရလျှင်လည်း ရနု်ကုန်တွင် ဈေးနှုန်းများ တည်ငြိမ်မှု လုံးဝမရှိပေ။ မကြာခဏ ဆိုသလို တက်လိုက်ကျလိုက် ဖြစ်နေသော်လည်း ၂၀၁၄ ခုနှစ်မှစတင်ပြီး အကျဘက်တွင်သာ ရှိနေသည်။
(ဇယား ၁ – ၁၉၉၄ မှ စတင် ပြသထားသော ရန်ကုန်မြေဈေး အတက်အကျပြ ဇယား)
(ဇယား ၂ – ရန်ကုန်တွင် လူအများ သုံးစွဲ သွားလာနေသော ယာဉ်အမျိုးအစား အချိုးပြ ဇယား)
အထက်ဖော်ပြပါ မြို့သစ်တိုးချဲ့ရေးကို ဆန့်ကျင်သည့် ဆွေးနွေးချက်များ အနက် အမျိုးသား သဟဇာတ ဖြစ်ရေးနှင့် ညီညွတ်ရေးကို အားပေးမြှင့်တင်ရေးသည် အရေးအပါဆုံးဖြစ်သည်။ ၂၀၁၄ ခုနှစ်က ရန်ကုန်တွင် လူဦးရေ ၅ ဒသမ ၂ သန်းရှိပြီး နိုင်ငံ၏ ဒုတိယ အကြီးမားဆုံးဖြစ်သော မန္တလေးထက် လေးဆ ပိုမို များပြားသည်။
ရန်ကုန်တိုင်းသည် ပြည်ထောင်စုတွင် တဦးချင်းဝင်ငွေ အများဆုံးဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်အကိုင်နှင့် ပညာရေးဆိုင်ရာများ အရလည်း ရန်ကုန်တွင် နေထိုင်သူများသည် ပြည်ထောင်စုက ပေးနိုင်သည့် အကောင်းဆုံး အခြေအနေများကို ရယူခံစားနေကြသည်။ သို့ရာတွင် တိုင်းနှင့် ပြည်နယ်များ အကြား မညီမျှမှုနှင့် ဆင်းရဲချမ်းသာ ကွာဟမှုတို့ကြောင့် တနိုင်ငံလုံး စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု၏ အနာဂတ်အတွက် မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်း။
ရန်ကုန်မြို့သစ်တွင် လူ ၂ သန်းအလုပ်လုပ်နိုင်မည်ဟု အာဏာပိုင်များ မျှော်လင့်နေသဖြင့် ရန်ကုန်လူဦးရေမှာ ၈ သန်းအထိ ရှိလာမည်ဖြစ်သည်။ ရန်ကုန်၏ လက်ရှိ လူဦးရေ ၅ သန်းခန့်သည် သဘာ၀ လူဦးရေ တိုးတက်မှုနှုန်းဖြင့်ပင် လူဦးရေ ၁၄-၁၅ သန်းရှိသော အလွန်ကြီးမားလှသည့် မြို့ပြအစုအဝေးကြီး ဖြစ်လာ နိုင်သည်။
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် မြို့သစ်စီမံကိန်းများ၊ တိုးချဲ့ခြင်းကို ကမ္ဘာတဝန်းလုပ်လာကြသည်။ ထို စီမံကိန်းများတွင် အိန္ဒိယနိုင်ငံမှ ချန်ဒစ်ဂါ ( လက်ရှိလူဦးရေ ၁ သန်း)၊ ဘရာဇီးမှ ဘရာစေးလီးယား ( ၂့ ၅ သန်း) ပါကစ္စတန်မှ အစ္စလမ်မာဘတ် (၁ သန်း) နှင့် မလေးရှားမှ ပူထရာဂျာယား (လူ ၂ သိန်းအတွက် စီစဉ် ရေးှဆွဲခဲ့သည်) တို့ပါဝင်သည်။ ရန်ကုန်မြို့သစ်စီမံကိန်း၏ လူဦးရေနှင့် ရည်မှန်းထားသော အလုပ်အကိုင် လျာထားချက်များ အရ အထက်ပါမြို့များထက်ပင် သာလွန်နေသည်။
ထို့ကြောင့် ယခုပြဿနာသည် အမျိုးသားရေး ပြဿနာဖြစ်ပြီး ပိုမိုကျယ်ပြန့်သော အသေးစိတ်လေ့လာမှုများ၊ ဖြစ်နိုင်ခြေ စစ်ဆေးမှုများ ပြုလုပ်ရန်လိုသည်။ အားလုံးတွင် အရေးအပါဆုံးမှာ ထိုစီမံကိန်းသည် အာဏာပိုင် အဆင့်ဆင့်နှင့် လွှတ်တော်အဆင့်ဆင့်တို့၏ ခွင့်ပြုချက်လိုသည်။ ထိုသို့ ခွင့်ပြုချက်အပြင် သက်ဆိုင်ရာ နယ်ပယ်များတွင် အထူးပြုကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိသော ပြည်ထောင်စု ဝန်ကြီးဌာနများ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကူအညီများကို စီမံကိန်းအဆင့်ကပင် စတင်လိုအပ်သည်။
(ဒေါက်တာကျော်လတ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကုလသမဂ္ဂ လူသားအခြေချနေထိုင်မှုဌာန- United Nations Center for Human Settlements (Habitat)၊ ရန်ကုန်၊ မန္တလေး နည်းပညာတက္ကသိုလ်များနှင့် Cologne University of Applied Sciences, Germany တို့တွင် ပါမောက္ခလုပ်ကိုင်ခဲ့သော အတွေ့အကြုံရှိ ဗိသုကာပညာရှင်နှင့် မြို့ပြစီမံကိန်းပညာရှင်ဖြစ်သည်။ အငြိမ်းစား မယူမီ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၎င်းရေးသားသော The New Yangon City Project: An Urban Planner’s View ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)